Tuesday, March 28, 2017

နိုင်ငံတကာမြင်ကွင်း


Image may contain: 2 people, eyeglasses and closeup
(ရဲရင့်လင်းလက်)
မလေးရှားနိုင်ငံခြားရေးဝန်ကြီး အန်နီဖာအာမန်ဟာ ပါလီမန်မှာ အားမာန်အပြည့်ပါတဲ့ မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့ပါတယ်။ မလေးရှားနိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နိုင်ငံက ပိုင်နက်နယ်မြေကျယ်ကျယ်ပြန့်ပြန့်တောင်းဆိုထားတာကို သဘောမတူဘူး ဆိုတာကို ပြောကြားခဲ့တာပါ။ တရုတ်နိုင်ငံက တောင်းဆိုထားတဲ့ ပင်လယ်ပြင်ပိုင်နက်နယ်မြေထဲမှာ မလေးရှားနိုင်ငံပိုင် ပင်လယ်ပြင်ပိုင်နက်နယ်မြေတွေလည်း ပါဝင်နေပါတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး အန်နီဖာအာမန်က တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ဟာ နိုင်ငံတကာတရားဥပဒေနဲ့ ညီညွတ်မှုမရှိဘူးလို့ ပြောဆိုခဲ့တာပါ။
အန်နီဖာအာမန်က ဆက်ပြောရာမှာ ''မလေးရှား နိုင်ငံရဲ့အမြင်အရပြောရရင် တောင်တရုတ်ပင်လယ်ပြင် အတွင်း မလေးရှားနိုင်ငံနဲ့ တရုတ်နိုင်ငံကြား အငြင်းပွား ရလောက်အောင် ပိုင်နက်နယ်မြေမရှင်းမရှင်း ဖြစ်နေတာ မျိုးမရှိပါဘူး။ ပထဝီဝင်အနေအထားအရရော ပင်လယ်ပြင် ပိုင်နက်နယ်မြေ လက္ခဏာတွေအရပါ မလေးရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာသက်ရောက်နေတဲ့ ပင်လယ်ပြင်ဟာ မလေးရှားနိုင်ငံရဲ့ ပိုင်နက်နယ်မြေပါ''လို့ပြောဆိုခဲ့ပါတယ်။ မလေးရှားနိုင်ငံအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ရေငုံနှုတ်ပိတ် ဆက်မနေနိုင်တော့ဘူးလို့ အန်နီဖာအာမန်က သတိပေး ပြောဆိုခဲ့ပါတယ်။
မလေးရှားနိုင်ငံက တောင်တရုတ် ပင်လယ်အတွင်းက စပရက်တလေကျွန်းစုမှာရှိတဲ့ ကျွန်းငယ်တစ်ဒါဇင်လောက်အပါအဝင် အငြင်းပွား ပင်လယ်ပြင်အတွင်းက ကျွန်းတွေလို ရေမျက်နှာပြင်ပေါ် တက်နေတဲ့ ကျောက်စွန်းတချို့ကို ပိုင်ဆိုင်တယ်လို့ ရပ်တည်ပြောဆိုထားတာပါ။
ပြောရရင် အန်နီဖာရဲ့ ဒီရှင်းလင်းပြောဆိုချက်ဟာ မလေးရှားအစိုးရရဲ့ ရပ်တည်ချက်နဲ့ မတူကွဲလွဲနေပါတယ်။ မလေးရှားအစိုးရဟာ ကမ္ဘာ့ကုန်သွယ်ရေးမှာ အရေးပါတဲ့ ပင်လယ်ရေပြင်ပိုင်နက်နယ်မြေအပေါ် တရုတ်နိုင်ငံက ရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ ဆောင်ရွက်နေတာကို ရေငုံနှုတ်ပိတ်နေခဲ့တာပါ။ ဒါပေမယ့် မလေးရှားနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေးမှာ အရေးပါတဲ့ အချိုးအကွေ့တစ်ခု ကြုံရမယ့်အနေအထားဖြစ်လာပါတယ်။ အဲဒါကတော့ ၂ဝ၁၈ ခုနှစ် သြဂုတ်လမတိုင်ခင်မှာ မလေးရှားနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကို ကျင်းပရဖို့ ရှိနေပါတယ်။
အန်နီဖာအာမန်ရဲ့ပြောဆိုချက်တွေဟာ ဒီအထွေထွေ ရွေးကောက်ပွဲမှာ မလေးရှားပြည်သူတွေရဲ့ ထောက်ခံမှုရအောင် ရည်ရွယ်ပြောဆိုခဲ့တာပါ။ ယေဘုယျသဘော ပြောရရင် မလေးရှားပြည်သူတွေရဲ့အမြင်မှာ ဝန်ကြီးချုပ် နာဂျစ်ဗ်ရာဇက်အစိုးရဟာ တရုတ်အစိုးရနဲ့ လုံးလုံးထွေးထွေးနေပြီး သိပ်လိုက်လျောလွန်းတယ်လို့ ယူဆနေ ကြတာပါ။ အန်နီဖာအာမန်က မလေးရှားပြည်သူတွေရဲ့ ဒီအတွေး ဒီအယူအဆကို အားပျော့သွားအောင် ကြိုးပမ်းခဲ့တာပါ။ ပြောရရင် မလေးရှားနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရာမှာ ပြောင်းပြန်လှန်လိုက်သလိုလည်း မလုပ်နိုင်ပါဘူး။
မလေးရှားနိုင်ငံနဲ့ စင်ကာပူနိုင်ငံကြား ပြီးခဲ့တဲ့လက ပြန်အစပေါ်လာတဲ့ ကိစ္စကို ကြည့်ရင်လည်းပဲ မလေးရှား နိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေးသဘောက ပိုပေါ်လွင်လာမှာပါ။ ပြီးခဲ့တဲ့လမှာ မလေးရှားနိုင်ငံက နိုင်ငံတကာတရားရုံး (ICJ) ကို ပက်ဒရာဘရန်ကာကျွန်း ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ပြန်သုံးသပ်ဖို့ ပြန်ဦးတိုက်လျှောက်ထားခဲ့တာပါ။ နိုင်ငံ တကာတရားရုံး(ICJ)က ၂ဝဝ၈ ခုနှစ်မှာ စင်ကာပူနိုင်ငံဟာ ပက်ဒရာဘရန်ကာကျွန်းကို ပိုင်ဆိုင်တယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ ပက်ဒရာဘရန်ကာကျွန်းကို မလေးရှားနိုင်ငံက ပူလောင်းဘက်တာပူတေးလို့ ခေါ်ပါတယ်။
ဘယ်လိုပဲခေါ်ခေါ် ဒီကျွန်းဟာ မလေးရှားနိုင်ငံရဲ့ တောင်ဘက်ပြည်နယ်ဖြစ်တဲ့ ဂျိုဟာပြည်နယ်ရဲ့ အရှေ့တောင်ဘက်မှာ တည်ရှိတာပါ။ ပြောရရင် ဂျိုဟာပြည်နယ်ဟာ မလေးရှားနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲမှာ အရေးပါတဲ့ပြည်နယ်ပါ။ တည့်တည့်ပဲပြောပါမယ်။ ဝန်ကြီးချုပ် နာဂျစ်ဗ်ရာဇက် အစိုးရက သူတို့အစိုးရဟာ မလေးရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့အတွက် ခိုင်မာပြတ်သားတဲ့ နိုင်ငံရေးမူဝါဒကို ကျင့်သုံးနေပါတယ်ဆိုတာမျိုး ပုံဖော်ဖို့ ကြိုးပမ်းနေတာပါ။
ဒါပေမယ့် ဝန်ကြီးချုပ် နာဂျစ်ဗ်ရာဇက်အစိုးရဟာ တစ်ဖက်မှာလည်း တရုတ်အစိုးရကို သိပ်ဖိအားပေးလို့ မရဘူးဆိုတာကိုလည်း သဘောပေါက်ပါတယ်။ မလေးရှားနိုင်ငံရဲ့ စီးပွားရေးကို သုံးသပ်ကြည့်လိုက်ရင် မလေးရှား နိုင်ငံက တရုတ်နိုင်ငံအပေါ် ဘယ်လောက်မှီခိုနေရတယ် ဆိုတဲ့အချက်ဟာ ပေါ်လွင်လာပါတယ်။
စင်ကာပူနိုင်ငံက နိုင်ငံတကာတရားရုံး(ICJ)မှာ မလေးရှားနိုင်ငံနဲ့ တရား ရင်ဆိုင်ယှဉ်ပြိုင်နေပေမယ့် ဒီအငြင်းပွားမှုကြောင့် စင်ကာပူနိုင်ငံနဲ့ မလေးရှားနိုင်ငံကြား ဆက်ဆံရေးကို ဘယ်လိုမှထိခိုက်မှာမဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့တယ်။
မလေးရှားနိုင်ငံနဲ့ တရုတ်နိုင်ငံကြား ပိုင်နက်နယ်မြေ အငြင်းပွားမှုဖြစ်ပွားခဲ့ရင်တော့ တရုတ်နိုင်ငံက စင်ကာပူနိုင်ငံလို သဘောထားကျင့်သုံးမှာ မဟုတ်ဘူးဆိုတာက အထူးပြောစရာလိုတဲ့အချက် မဟုတ် ပါဘူး။
တရုတ်နိုင်ငံဟာ ၂ဝဝ၉ ခုနှစ်ကစပြီး မလေးရှား နိုင်ငံရဲ့ အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံပါ။ ပြောရရင် ဒီကနေ့မှာ တရုတ်နိုင်ငံဟာ မလေးရှားနိုင်ငံမှာ အများဆုံး ရင်းနှီးမြှုပ်နှံထားတဲ့နိုင်ငံပါ။
မလေးရှားနိုင်ငံနဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်မှုဟာ ၂ဝ၁၆ ခုနှစ်မှာ အမေရိကန် ဒေါ်လာ ၅ဝ ဘီလီယံ ပမာဏရှိပါတယ်။ ဒါဟာ ၂ဝ၁၅ ခုနှစ်နဲ့ နှိုင်းယှဉ်လိုက်ရင် ၄ ဒသမ ၄ ရာခိုင်နှုန်း တက်လာတာပါ။
နာဂျစ်ဗ်ရာဇက်အစိုးရဟာ တရုတ်နိုင်ငံရဲ့ ရင်းနှီး မြှုပ်နှံမှုက ရုန်းကန်နေရတဲ့ မလေးရှားနိုင်ငံရဲ့ စီးပွားရေးအပေါ် ကျားကန်ပေးနေတာကို လေးလေးနက်နက် သဘောပေါက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ကမ္ဘာ့ရေနံ ဈေးနှုန်း အကြီးအကျယ်ကျဆင်းခဲ့မှုဟာ မလေးရှားနိုင်ငံရဲ့ စီးပွားရေးကို အထိနာစေခဲ့ပါတယ်။ ဒီအချက်ကြောင့် မလေးရှားနိုင်ငံရဲ့ စီးပွားရေးတိုးတက်နှုန်းဟာ နှေးကွေး ခဲ့ရပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုဟာ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံနဲ့ ဆက်ဆံပြုမူပုံစံ သတ်မှတ်ချက်တွေ (Code of Conduct) ညှိနှိုင်းရရှိနိုင်ဖို့ ကြိုးပမ်းနေကြတာပါ။
ဒီလိုဆက်ဆံပြုမူပုံစံသတ်မှတ်ချက် တွေရှိဖို့ ၂ဝဝ၂ ခုနှစ်ကတည်းက အဆိုပြုခဲ့တာပါ။ တချို့ ကာကွယ်ရေးကျွမ်းကျင်သူတွေကတော့ တရုတ်နိုင်ငံဟာ ကမ္ဘောဒီးယားနိုင်ငံလို ဒေသတွင်း မဟာမိတ်နိုင်ငံတွေကို အသုံးချပြီး ဒီကြိုးပမ်းမှုတွေကို ဖျက်လိုဖျက်ဆီးလုပ်နေ တယ်လို့ယူဆကြပါတယ်။ လက်ရှိ အာဆီယံအဖွဲ့ဥက္ကဋ္ဌ ဖြစ်တဲ့ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုရိုဝါဒူတာတေးဟာ ဒီတစ်ပတ် မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတွေကို သွားရောက်ခဲ့ပြီး ဆက်ဆံ ပြုမူပုံစံသတ်မှတ်ချက်ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးရဲ့ ဒီဆွေးနွေးချက်တွေဟာ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ တရုတ်နိုင်ငံပိုင်သတင်းမီဒီယာတွေမှာ တရုတ်နိုင်ငံကစကား ဘရော့ပင်လယ် ရေတိမ်သောင်စွယ် (Scarborough Shoal)မှာ သဘာဝပတ်ဝန်းကျင်လေ့လာရေးစခန်း တည်ဆောက်မယ်ဆိုတဲ့ သတင်းဖော်ပြပြီးနောက်ပိုင်းမှ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ဒီလိုဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့လို့ပါ။
ပြောရရင် စကားဘရော့ပင်လယ်ရေတိမ် သောင်စွယ်ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ရေမိုင် ၂ဝဝ သီးသန့် စီးပွားရေးဇုန်ထဲမှာ တည်ရှိနေတာပါ။ လက်တွေ့သဘောအရ စကားဘရော့ပင်လယ်ရေတိမ်သောင်စွယ်ပေါ်က တရုတ်နိုင်ငံရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေဟာ ဒီနယ်မြေကို သူတို့ပိုင်ဆိုင်တယ်လို့ တရုတ်နိုင်ငံက ခံယူထားတာကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသလိုက်တာပါ။
မလေးရှားနိုင်ငံကိစ္စ ပြန်ကောက်ရရင် တောင်တရုတ်ပင်လယ်ပြင်ကိစ္စဟာ မလေးရှားနိုင်ငံ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ တစ်ခုတည်းသောလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု မဟုတ်ပါဘူး။ အီရတ်နိုင်ငံနဲ့ ဆီးရီးယားနိုင်ငံအပါအဝင် အရှေ့အလယ်ပိုင်းဒေသရဲ့ အလျင်အမြန်ပြောင်းလဲနေတဲ့ လုံခြုံရေးအနေအထားတွေဟာ မလေးရှားနိုင်ငံအတွက် လေးနက်တဲ့ လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုတွေပါ။ အီရတ် အစိုးရတပ်ဖွဲ့တွေက အစွန်းရောက်အကြမ်းဖက်အဖွဲ့ (ISIS) တွေ သိမ်းပိုက်ထားတဲ့ မိုဆူးလ် (Mosul) ကို ပြန်လည်ထိန်းသိမ်းရယူနိုင်တဲ့ အနေအထားမျိုးမှာ အစွန်း ရောက်အကြမ်းဖက်အဖွဲ့ (ISIS) မှာပါဝင်ခဲ့တဲ့ မလေးရှား နိုင်ငံသား အစွန်းရောက်အင်အားစုတွေဟာ အစုလိုက် အပြုံလိုက် မလေးရှားနိုင်ငံကို ပြန်လာကြတော့မှာပါ။
မိုဆူးလ်သာ အီရတ်အစိုးရတပ်ဖွဲ့တွေလက်ထဲ အပြီးကျရောက်ခဲ့ရင်တော့ ဒီအလားအလာဟာ လက်တွေ့ ဖြစ်လာတော့မှာပါ။ ဒီအလားအလာကြောင့် မလေးရှား အစိုးရကို သြစတြေးလျအစိုးရက အကြမ်းဖက်နှိမ်နင်းမှု ဆိုင်ရာ စစ်လက်နက်ပစ္စည်းကိရိယာတွေနဲ့ နည်းပညာတွေကို ပံ့ပိုးကူညီပေးခဲ့ပါတယ်။ ဒါပေမယ့် ပြဿနာက မလေးရှားနိုင်ငံက ကာကွယ်ရေးအသုံးစရိတ်ကို ဒီနှစ်မှာ ၁၂ ဒသမ ၇ ရာခိုင်နှုန်း ဖြတ်တောက်ခဲ့ရတဲ့အတွက် အကြမ်းဖက်မှုနှိမ်နင်းရေးလိုကိစ္စမျိုးမှာ ပြည်ပအကူအညီ ပိုလိုအပ်နေပါတယ်။ မလေးရှားနိုင်ငံ ရေတပ်ဟာ သူ့ရဲ့ဟောင်းနွမ်းနေတဲ့ စစ်သင်္ဘော ၅ဝ လောက်ကို စစ်သင်္ဘောအသစ်တွေနဲ့ အစားထိုးလဲလှယ်ချင်နေတာပါ။ မကြာသေးခင်ကပဲ မလေးရှားနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ ပူးပေါင်းတည်ဆောက်ထားတဲ့ ပင်လယ်ကမ်းနီး တိုက်ခိုက်ရေး စစ်သင်္ဘောငယ်လေးစင်းကို ဝယ်ယူခဲ့ပါတယ်။
မလေးရှားနိုင်ငံရဲ့ စစ်တပ်ကို အဆင့်မြှင့်တင်ဖို့ဆိုရင် မလေးရှားနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ အကူအညီကို လိုအပ်ပါတယ်။ ဒီတော့ မလေးရှားနိုင်ငံအဖို့ တောင်တရုတ်ပင်လယ်ပြင်အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ အငြင်းပွားပဋိပက္ခဖြစ်မလား (ဒါမှမဟုတ်) ပြည်တွင်း အကြမ်းဖက်မှုနှိမ်နင်းဖို့ တရုတ်နိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်မလားဆိုတာကို ရွေးချယ်ရမယ့်ကိန်း ဖြစ်နေ ပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေ တွေနဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံက တင်းတင်းမာမာ မပြောဆိုတာကလည်း ဒီပိုင်နက်နယ်မြေတွေဟာ မလေးရှားနိုင်ငံအဖို့ ကာကွယ်ရေးမဟာဗျူဟာအရရော စီးပွားရေးအရပါ သိပ်အရေးမပါလို့ပါ။ တောင်တရုတ် ပင်လယ်ပြင် ပိုင်နက်နယ်မြေအငြင်းပွားမှုမှာ ပါဝင် ပတ်သက်နေတဲ့ တခြားနိုင်ငံတွေအဖို့ ဒီနယ်မြေတွေက ရရှိနိုင်မယ့် ရေနံနဲ့ သဘာဝဓာတ်ငွေ့လို သယံဇာတတွေကို မက်မောစရာမရှိပေမယ့် အရှေ့တောင်အာရှဒေသရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဒုတိယအကြီးမားဆုံးထုတ်လုပ်ရာ နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံအဖို့တော့ မက်လောက်စရာ မဟုတ်ဘူးလို့ပဲ ပြောရမှာပါ။
ပကတိအခြေအနေမှာလည်း မလေးရှားနိုင်ငံဟာ ကမ္ဘာ့ဈေးကွက်အတွင်း ရေနံပိုလျှံမှုကြောင့် ရေနံဈေးနှုန်းကျဆင်းတဲ့ဒဏ်ကို ခါးစည်းခံနေ ရတာပါ။ ကမ္ဘာ့ရေနံဈေးနှုန်း ကျဆင်းပုံကလည်း အတော်ကြီးကို ပြင်းထန်ပါတယ်။ ၂ဝဝ၈ ခုနှစ် ဇူလိုင်လ မှာ ရေနံတစ်စည်ကို အမေရိကန်ဒေါ်လာ ၁၄၅ ဒေါ်လာ ရှိနေရာကနေ ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလမှာ ရေနံ တစ်စည်ကို ၂၆ ဒေါ်လာလောက်အထိကို ကျဆင်းခဲ့တာပါ။
လက်ရှိမှာတော့ ရေနံတစ်စည်ကို ဒေါ်လာ ၅ဝ ဝန်းကျင်လောက်မှာပြေးနေပါတယ်။ ဒါကြောင့် မလေးရှား အစိုးရဟာ ၂ဝ၁၇ ခုနှစ်မှာ ရေနံစိမ်းထုတ်လုပ်ရေးကို တစ်နေ့ စည် ၂ဝဝဝဝ လောက်အထိလျှော့ချဖို့ စီစဉ် ဆောင်ရွက်ထားပါတယ်။ ဒါဟာ ၂ဝ၁၆ ခုနှစ်နဲ့ နှိုင်းယှဉ် လိုက်ရင် သုံးရာခိုင်နှုန်းလောက်ကျဆင်းသွားတာပါ။ အခြေအနေကို ပြန်ချုပ်ရရင် တောင်တရုတ်ပင်လယ် အတွင်း မလေးရှားနိုင်ငံရဲ့ချဉ်းကပ်ပုံဟာ အခြေအနေကို စောင့်ကြည့်မယ်ဆိုတဲ့ သဘောပါပဲ။ အဓိကအချက် ကတော့ မလေးရှားနိုင်ငံဟာ ကိုယ့်နိုင်ငံရဲ့စီးပွားရေး အတွက် အရေးပါတဲ့တရုတ်နိုင်ငံနဲ့ ပြဿနာမဖြစ်လိုပါဘူး။ ပြဿနာတွေကိုအစဆွဲထုတ်လို့ ရင်ဆိုင်ငြင်းခုံရတာမျိုးထက် ငြိမ်းငြိမ်းချမ်းချမ်းရှိနေတာက မလေးရှားနိုင်ငံ အတွက် ပိုအကျိုးရှိပါတယ်။ သူရှုံးရင် ငါနိုင်တယ်ဆိုတဲ့ ချဉ်းကပ်ပုံမျိုးနဲ့ အလုပ်မဖြစ်တာကတော့ သေချာပါတယ်။
ထပ်ပြီးရှင်းအောင်ပြောရရင်တော့ သက်ဆိုင်သူအားလုံးရဲ့ အကျိုးစီးပွားကို ငြိမ်းချမ်းရေးကပဲ ဖန်တီးပေး နိုင်မှာပါ။

No comments:

Post a Comment