
ရန်ကုန် မတ် ၂၈
တရုတ်- မြန်မာ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် မွေးရာပါ နှလုံးရောဂါ ခံစားနေရသော မြန်မာနိုင်ငံမှ ကလေးငယ်များအား တရုတ်နိုင်ငံတွင် သွားရောက် ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအစီအစဉ်အရ မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ မွေးရာပါ နှလုံးရောဂါ ဝေဒနာရှင် ကလေးငယ် ၁ဝဝ ခန့်အနက်မှ ၅ဝ ကို တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ခေါ်ယူ ခွဲစိတ်ကုသပေးနိုင်ရန် မတ် ၂၈ ရက်မှ ၃၁ ရက်အထိ ရန်ကုန်မြို့ ရန်ကင်းကလေးဆေးရုံ ကြီးတွင် ရောဂါရှာဖွေစမ်းသပ်စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
ရောဂါရှာဖွေစမ်းသပ် စစ်ဆေးရာမှ ရွေးချယ်ခဲ့သော မွေးရာပါနှလုံးရောဂါဝေဒနာရှင် ကလေးငယ် ၅ဝ ကို ဧပြီလမှ စတင်ကာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ An Zhen ဆေးရုံကြီးတွင် ခွဲစိတ်ကုသပေးမည်ဖြစ်သည်။ ဝေဒနာရှင် ကလေးငယ်များနှင့် ၄င်းတို့၏ မိဘများ၊ ရန်ကင်းကလေးဆေးရုံကြီးမှ ဆရာဝန်ကြီးများ ဦးဆောင် လိုက်ပါ၍ အဖွဲ့သုံးဖွဲ့ခွဲကာ တရုတ်နိုင်ငံသို့ ခေါ်ဆောင် ပေးမည်ဖြစ်ပြီး ခွဲစိတ်ကုသစရိတ်၊ ခရီးသွားလာနေထိုင် စရိတ်များကို တရုတ်နိုင်ငံမှ အစစအရာရာ အကုန်အကျ ခံကာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများရှိ မွေးရာပါ နှလုံးရောဂါ ခံစားနေရသည့် ကလေးသူငယ်များအား ကျန်းမာသော နှလုံးနှင့် ချမ်းမြေ့သော နေထိုင်မှုဘဝကို ရရှိစေရန်၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူပြည်သားများအကြား ချစ်ခင်ရင်းနှီးမှု ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ တရုတ်အမျိုးသား ကုသိုလ်ဖြစ်အဖွဲ့ချုပ် China Charity Federation အနေဖြင့် နယ်နိမိတ်အကန့်အသတ်မရှိ ချစ်မေတ္တာစိတ်ဖြင့် မွေးရာပါ နှလုံးရောဂါ စွဲကပ်နေသည့် ကလေးသူငယ်များ ကုသရေးလှုပ်ရှားမှုကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအစီအစဉ်ကို မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၊ တရုတ်နိုင်ငံ တရုတ်အမျိုးသား ကုသိုလ်ဖြစ်အဖွဲ့ချုပ်၊ စာနယ်ဇင်းလောက ကုသိုလ် ဖြစ်လုပ်ငန်းဖွံ့ဖြိုးရေးအသင်းနှင့် ယူနန်ပြည်နယ် ပါတီကော်မတီ၊ ပြန်ကြားရေးဦးစီးဌာနတို့က ဦးဆောင်အဖွဲ့များအဖြစ် ဆောင်ရွက်ပြီး ခွဲစိတ်ကုသမှုလုပ်ငန်းကို တရုတ်အမျိုးသားကုသိုလ်ဖြစ် အဖွဲ့ချုပ်နှင့် ပေကျင်းမြို့ရှိ An Zhen ဆေးရုံကြီးမှ ကုသရေးအဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မွေးရာပါ နှလုံးရောဂါဝေဒနာရှင် မြန်မာကလေးငယ်များအား ကူညီကုသပေးသော လှုပ်ရှားမှု ခရီးစဉ်ကို ဆောင်ရွက်ခြင်းမှာ တရုတ်နိုင်ငံက ဆောင်ရွက်နေသော ''One Belt One Road'' လုပ်ငန်းစဉ်ကိုကြိုဆိုကာ အောင်မြင်စွာ လျှောက်လှမ်းနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ယခင်ထက် တိုးတက်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မွေးရာပါ နှလုံးရောဂါ ဝေဒနာရှင်ကလေး ငယ်များအား မြန်မာနိုင်ငံတွင်လည်းကုသပေးလျက် ရှိပြီး ဝေဒနာခံစားနေရသူ ကလေးငယ်များ များပြားကာ ခွဲစိတ်ကုသရန် စောင့်ဆိုင်းနေရသည့် အခြေ အနေများကြောင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းကာ ပထမဆုံးအကြိမ် တရုတ်နိုင်ငံတွင် သွားရောက် ခွဲစိတ်ကုသမှုပေးမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကလေးငယ် ၁ဝဝဝ တွင် မွေးရာပါ နှလုံးရောဂါ ဝေဒနာခံစားနေရသည့် ကလေးငယ်ခြောက်ဦးမှ ရှစ်ဦးခန့်အထိရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။
မြန်မာကလေးငယ်များ တရုတ်နိုင်ငံတွင် သွားရောက်ကုသပေးရန်အစီအစဉ် အခမ်းအနားကို မတ် ၂၈ ရက်က ရန်ကင်းကလေးဆေးရုံကြီးတွင် ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန် ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ သည်။
သတင်း-ဝဝ၁၊ ဓာတ်ပုံ-ဌေးအောင်(ကြေးမုံ)
No comments:
Post a Comment