
ရန်ကုန် မတ် ၂၈
အာရှဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ၂ဝ၁၉ အာရှဖလားခြေစစ်ပွဲ အုပ်စု(က)အဖြစ် မြန်မာအသင်းနှင့် အိန္ဒိယအသင်းတို့ ယနေ့ညနေ ၆ နာရီက သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစားရာ အိန္ဒိယအသင်းက အနိုင်ရသွားသည်။
အိန္ဒိယ-တစ်ဂိုး ၊ မြန်မာ-ဂိုးမရှိ
အိမ်ရှင်မြန်မာအသင်းအတွက် ပွဲပြီးခါနီးတွင် ပေးလိုက်ရသည့်ဂိုးကြောင့် အိမ်ကွင်းတွင် ရှုံးပွဲကြုံတွေ့ခဲ့ရသည်။ အိန္ဒိယအသင်းသည် မြန်မာအသင်းကို ခြေအသာမရခဲ့သော်လည်း ပွဲပြီးခါနီးတွင် ရရှိသည့် အခွင့်အရေးကို အသုံးချနိုင်ခဲ့သောကြောင့် အဝေးကွင်းအနိုင်ရခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ခြေစမ်းပွဲတွင် ပုံစံကောင်းရခဲ့သည့် ကစားသမားများဖြင့် ပွဲထွက်ခဲ့ပြီး ပွဲထွက် ၁၁ ဦးတွင် သီဟစည်သူ (ဂိုး)၊ ဒေးဗစ်ဒန်း၊ဇော်မင်းထွန်း၊ ဖြိုးကိုကိုသိန်း၊ သိန်းသန်းဝင်း၊ ရန်အောင်ကျော်၊ တင်ဝင်းအောင်၊ ရန်နိုင်ဦး၊ စည်သူအောင်၊ ကျော် ကိုကို၊ အောင်သူတို့ပါဝင်ခဲ့သည်။ မြန်မာအသင်းသည် အိမ်ကွင်းတွင် ကစားရသောကြောင့် ပွဲစကတည်းက တိုက်စစ်ဖွင့် ကစားခဲ့ပြီး အရပ်အမောင်းမြင့်မားသည့် အိန္ဒိယအသင်းမှာ အမြင့်ဘောများဖြင့် ကစားခဲ့သည်။
ပထမပိုင်းတွင် ပွဲမှာအပြန်အလှန်ရှိခဲ့ပြီး မြန်မာအသင်းက အခွင့်အရေးပိုရခဲ့သည်။ သို့သော် တိုက်စစ်မှူးများဖြစ်သည့် အောင်သူနှင့် ကျော်ကိုကိုတို့ အသုံးမချနိုင်ခဲ့သောကြောင့် နစ်နာခဲ့ရသည်။ ပထမပိုင်းပြီးခါနီးတွင် အိန္ဒိယအသင်း ဂိုးရနိုင်သည့် အခွင့်အရေးပြန်ရခဲ့ပြီး မြန်မာဂိုးသမား သီဟစည်သူ ကာကွယ်နိုင်ခဲ့သောကြောင့် ပထမပိုင်းအပြီးတွင် ဂိုးမရှိသရေကျ နေသည်။
ဒုတိယပိုင်းတွင် အိန္ဒိယအသင်းက ခံစစ်ကိုဦးစားပေးခဲ့ပြီး တန်ပြန်တိုက်စစ်ဖြင့်သာ ကစားခဲ့သောကြောင့် မြန်မာအသင်း ပိုဖိကစားနိုင်ခဲ့သည်။ မြန်မာအသင်းသည် ရန်နိုင်ဦး၏ ညာခြမ်းမှ အဓိကတိုက်စစ်ဆင်ခဲ့ပြီး ဂိုးရနိုင်သည့် အခွင့်အရေးများ ဖန်တီးနိုင်ခဲ့သော်လည်း အဆုံးသတ်အားနည်းခဲ့သောကြောင့် ဦးဆောင်ဂိုးနှင့် လွဲချော်ခဲ့ရသည်။
မြန်မာအသင်းမှ အောင်သူ၊ ရန်အောင်ကျော်၊ ဇော်မင်းထွန်းတို့၏ ကန်သွင်းမှုများ လွဲချော်ခဲ့သလို ကျော်ကိုကို၏ အပိုင်ခေါင်းတိုက်ဂိုးသွင်းမှု နှစ်ကြိမ်မှာလည်း ဂိုးမရခဲ့ပေ။ ပွဲပြီး ခါနီးတွင် အိန္ဒိယအသင်း အနိုင်ဂိုးရရှိခဲ့ပြီး တန်ပြန်တိုက်စစ်မှ အသင်း ခေါင်းဆောင်ချီသရီက သွင်းယူခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည် ဒုတိယပွဲအဖြစ် ဇွန် ၁၃ ရက်တွင် မကာအိုအသင်းနှင့် အဝေးကွင်း ကစားရမည်ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-စိုးညွန့်
No comments:
Post a Comment