
ကလေး မတ် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့နယ်၌ မတ် ၂၅ ရက် မွန်းလွဲ ၂ နာရီတွင် လေပြင်းတိုက်ခတ်မှုကြောင့် မြို့ပေါ် ရပ်ကွက်၊ ကျေးရွာ အုပ်စု၊ ကျေးရွာများတွင် သစ်ပင်များ လဲကျခြင်း၊ သစ်ပင်များ အမြစ်မှ ကျွတ်ထွက်ခြင်း၊ လျှပ်စစ်မီးတိုင်များ လဲကျခြင်း၊ ရေစင်ကြီးများ ပြိုကျခြင်း၊ ဘုရားကျောင်းကန်နှင့် နေအိမ်သွပ်မိုးများလန်ထွက်ခြင်းများ ဖြစ်ပွားခဲ့ခြင်းကြောင့် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှု ကြောင့် ကလေးမြို့ ပင်လုံရပ်ကွက်ရှိ လေဆိပ်နားနေဆောင် အမိုး မျက်နှာကြက်ပြုတ်ကျခြင်း၊ ဓာတ်တိုင် များလဲခြင်း၊ ခရိုင်သစ်တောဦးစီးဌာန ရုံးရှေ့တွင် သစ်ပင်လဲ၍ အမိုးလန်ခြင်း၊ အောင်သစ္စာရပ်ကွက်ရှိ ခရစ်ယာန် ဘုရားကျောင်း အမိုးလန်၍ သွပ်ပြား ၆၉ ချပ်ပျက်စီးခြင်း၊ တာဟန်း ရပ်ကွက်ရှိ လူနေအိမ်တစ်လုံးအမိုး လန်၍သွပ်ပြားအချပ် ၃ဝ ပျက်စီး ခြင်း၊ နန်းစောင်းပုကျေးရွာရှိ နေအိမ် ၁၉ လုံး အမိုးလန်ခြင်းနှင့် နေအိမ် ၁၂ လုံးပြိုကျခြင်း၊ ခုံသာ(အရှေ့)ကျေးရွာရှိ အခြေခံပညာအလယ်တန်း ကျောင်းခွဲ ယာယီကျောင်းဆောင် အမိုးလန်၍ သွပ်ပြား ၄၉ ချပ် ပျက်စီး ခြင်း၊ တောင်ဖီလာရပ်ကွက်ရှိ နေအိမ် လေးလုံးပျက်စီး၍ သွပ်ပြား ၆၉ ချပ် ပျက်စီးခြင်း၊ မင်းလှကျေးရွာနှင့် မြောက်ချောတော ကျေးရွာတို့တွင် မျောက်ငိုပင်လဲ၍ နေအိမ်နှစ်လုံး ပြိုကျခြင်း၊ ဟံသာကျေးရွာ အခြေခံပညာမူလတန်းကျောင်း အမိုးလန်၍ သွပ်ပြား အချပ် ၃ဝ နှင့် အောင်မြင် သာကျေးရွာတွင် အိမ်တစ်လုံးအမိုး လန်၍ သွပ်ပြား အချပ် ၂ဝ ပျက်စီးခြင်း၊ ကလေးမြို့ အကျဉ်းထောင်တွင် အကျဉ်းသား အိပ်ဆောင်တစ်ဆောင် သွပ်မိုးသုံးချပ် လန်ထွက်ခြင်း၊ ဝန်ထမ်းနေအိမ် လိုင်းခန်း နှစ်လိုင်း ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း ကလေးမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ စာရင်းကောက်ယူမှုမှတ်တမ်းအရ သိရသည်။
လေပြင်းတိုက်ခတ်မှုသည် တစ်နာရီလျှင် ၁ဝ မိုင်နှင့် ၁၅ မိုင် ကြား တိုက်ခတ်ခြင်းဖြစ်ကြောင်း ခန့်မှန်းရပြီး ယင်းသို့ လေပြင်းတိုက်ခတ်မှု ကြောင့် လေဘေးသင့်ပြည်သူများ အား ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် လူမှု ကူညီရေးအသင်းအဖွဲ့များက ပျက်စီးမှုအသေးစိတ်စာရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို ဆက်လက်ကောက်ခံလျက် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် လေဘေးသင့် အိမ်ထောင်စုများ အတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့မှု ပေးနိုင်ရန်၊ ဆန်ရိက္ခာများနှင့် လိုအပ်သော ကူညီထောက်ပံ့မှုများပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း- ချင်းတွင်းသား
ဓာတ်ပုံ- ကဖိုးတင်
No comments:
Post a Comment