Monday, March 27, 2017

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်နိုင်ခဲ့မှုများ



Image may contain: 1 person, sitting and indoor
နိုင်လင်းကြည်
အလုပ်သမားတစ်ဦးသည် ပြည်တွင်း၌ အလုပ်လုပ်သည်ဖြစ်စေ၊ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်သည်ဖြစ်စေ အလုပ်သမားတစ်ဦး၏ ရရှိရမည့်အကျိုးခံစားခွင့်များနှင့် အလုပ်သမားရေးကိစ္စရပ်များကို အလုပ်သမားတစ်ဦးတည်းဖြင့် ဖြေရှင်းနိုင်ရန်ခက်ခဲပြီး သက်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း၊ အေဂျင်စီ စသည်ဖြင့် အဖွဲ့အစည်းအသီးသီးနှင့် ဥပဒေအသီးသီးတို့ရှိမှသာလျှင် ၎င်းအလုပ်သမား၏ လူမှုစီးပွားဘဝအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ပြည်သူလူထု၏ အကျိုးစီးပွားကိုရှေးရှုသော အလုပ်အကိုင်အခွင့်အလမ်းများနှင့် အလုပ်သမားရေး ရာကိစ္စများကို အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ရာတွင် အလုပ်သမားရေးရာဆိုင်ရာ လုပ်ငန်းများနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများဟူ၍ နှစ်ပိုင်းခွဲခြားဆောင်ရွက် လျက်ရှိသည်။
အလုပ်သမားရေးရာဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန ဟူ၍ ဦးစီးဌာန လေးခုဖြင့် ဆောင်ရွက်လျက်ရှိပြီး လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပြည်သူကိုဗဟိုပြု၍ ပြည်သူတို့၏ လိုအပ်ချက်ကို အမှန်တကယ်အကျိုး သက်ရောက်မှုရှိပြီး ထိရောက်မြန်ဆန်စွာ ဖြည့် ဆည်းပေးနိုင်ရေး လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနဟူ၍ ဦးစီးဌာန သုံးခုဖြင့် ဆောင်ရွက်လျက်ရှိသည်။
လုပ်ခဝင်ငွေ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်သားအင်အားကို စနစ်တကျနှင့် အကျိုးရှိစွာအသုံးချနိုင်ရေး၊ အမှန်တကယ် အလုပ်လုပ်နိုင်သူများကို သင့်တော်ကောင်းမွန်သည့်လုပ်ငန်းခွင်များ၌ နေရာချထားပေးခြင်းဖြင့် အလုပ်သမားများအတွက် လုပ်ခဝင်ငွေများရရှိနိုင်ပြီး အလုပ်သမားများ၏ ဆင်းရဲမှုကိုလျှော့ချပေးနိုင်ရေး၊ စည်းကမ်းကောင်းမွန်ပြီး စွမ်းဆောင်ရည်ထက် မြက်သည့် ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရေး၊ ခေတ်မီ နိုင်ငံတော်တည်ဆောက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သော အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေး၊ အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုဖန်တီးပေးနိုင်ခြင်းဖြင့် မြန်မာအလုပ်သမားထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်သမားများအတွက် လုပ်ငန်းခွင်အေးချမ်းသာယာ၍ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ် သင့်တော်ကောင်းမွန်သော လုပ်ငန်းခွင်များဖန်တီးပေးရေး စသည့်မူဝါဒများကို ချမှတ် ဆောင်ရွက်လျက်ရှိသည်။
ခိုင်မာတိကျသော လူဦးရေ
အလုပ်သမားများအား အကာအကွယ်ပေးနိုင်မည့် ခိုင်မာသောဥပဒေများကို ခေတ်စနစ်နှင့်အညီ ပြဋ္ဌာန်းဆောင်ရွက်ပေးရေး၊ အလုပ်သမားများ အမှန်တကယ်အကျိုးဖြစ် ထွန်းစေမည့် လူမှုဖူလုံရေးစီမံကိန်းများကို ချမှတ်အကောင်အထည်ဖော်ရေး၊ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာအလုပ်သမားရေးရာကိစ္စရပ်များတွင် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာအလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်ပေးရေး၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် လူမျိုးမပျောက်စေရေးအတွက် အဓိကဆောင် ရွက်ရမည့် နိုင်ငံသားလုပ်ငန်း၊ နိုင်ငံခြားသား ထိန်းသိမ်းမှုလုပ်ငန်းများကို ဝန်ကြီးဌာန ဝန်ထမ်းများမှ မျိုးချစ်စိတ်ဓာတ်ကိုအခြေခံ၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရေး၊ နိုင်ငံတော်၏လုံခြုံရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် စီမံကိန်းများရေးဆွဲရာတွင် အထောက်အကူပြုစေမည့် ခိုင်မာတိကျသော လူဦးရေစာရင်းဇယားများနှင့် အညွှန်းကိန်း များရရှိရေး စသည့်မူဝါဒများကိုလည်း ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
ချမှတ်ထားသော မူဝါဒနှင့် ရည်မှန်းချက်များကို အောင်မြင်စွာဆောင်ရွက်နိုင်ရေး အလုပ်သမားရေးရာဆိုင်ရာ ကိစ္စရပ်များ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် ပြည်တွင်း/ပြည်ပ အလုပ်အကိုင်အခွင့် အလမ်းများကို တိုးတက်ရှာဖွေဖော်ထုတ်ပေးလျက်ရှိပြီး လုပ်သားများ၏ လုပ်ငန်းခွင် ကျွမ်းကျင်မှုလေ့ကျင့်ရေး၊ ကျွမ်းကျင်လုပ်သား လိုအပ်ချက်များနှင့်အညီ အလုံအလောက် မွေးထုတ်ပေးနိုင်ရေး၊ ကျွမ်းကျင်မှုလက်မှတ်များထုတ်ပေးနိုင်ရေးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ အလုပ်အကိုင်အခွင့်အလမ်း ပြပွဲများကျင်းပပြီး အလုပ်ရှင်နှင့် အလုပ်သမားများ တစ်နေရာတည်း၌ တွေ့ဆုံအလုပ်ဖြစ်နိုင်မည့် လုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိသည်။
အလုပ်အကိုင် ကျွမ်းကျင်မှုစံများနှင့် သင်ရိုးညွှန်းတမ်း ရေးဆွဲသတ်မှတ်ခြင်းလုပ်ငန်းများကိုလည်းကောင်း၊ သတ်မှတ်ထားသည့် ကျွမ်းကျင်မှုစံနှုန်းစစ်ဆေးရေးဌာနများတည်ထောင်ပြီး လေ့ကျင့်ရေးနည်းပြများနှင့် စစ် ဆေးရေးမှူးများအား လေ့ကျင့်သင်တန်းပေး ခြင်းကိုလည်းကောင်း၊ ပုဂ္ဂလိက၊ ဖက်စပ်၊ ကိုယ်တိုင်လုပ်ငန်းနှင့် အခြားလုပ်ငန်းများရှိ အလုပ်ဌာနနှင့် လုပ်သားဦးရေစာရင်းများ၊ စက်မှုဇုန်များရှိ စက်ရုံ/အလုပ်ရုံ၊ အလုပ်ဌာန များနှင့် အလုပ်သမားဦးရေစာရင်းများ၊ အလုပ်အကိုင်၊ အခကြေးငွေနှင့် အလုပ်ချိန်ဆိုင်ရာ စာရင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ရုံးများက ကွင်းဆင်းကောက်ယူခြင်းကိုလည်းကောင်း ဆောင်ရွက်လျက်ရှိသည်။
အနည်းဆုံးအခကြေးငွေ
မြန်မာလုပ်သားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အနည်းဆုံးအခကြေးငွေကို သတ်မှတ်၍ ဥပဒေနှင့်အညီ ခံစားခွင့် များရရှိရေးနှင့် ၂ဝ၁၄-၂ဝ၁၅ ခုနှစ်နှင့် ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တို့အတွက် အညွှန်းကိန်း များပါဝင်သော လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာစောင်ထုတ်ဝေနိုင်ရေးကို လည်း ဆောင်ရွက်လျက်ရှိသည်။
အဓမ္မခိုင်းစေမှုပပျောက်ရေးလုပ်ငန်းများအပြင် အသင်းအဖွဲ့များ လွတ်လပ်စွာဖွဲ့စည်းခွင့် ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့်ပတ်သက်ပြီး အသိပညာတိုးမြှင့်ရေးဆွေးနွေး ပွဲများကျင်းပခြင်း၊ တည်ဆဲအလုပ်သမားဥပဒေများကို ပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် အသစ်ရေးဆွဲခြင်း၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေပါအတိုင်း အလုပ်ခန့်ထားမှုဆိုင်ရာ သဘော တူညီချက် စာချုပ်ချုပ်ဆိုရန်အကျုံးဝင်သည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနနှင့် ကုမ္ပဏီများ၌ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်များကို ချုပ်ဆိုဆောင်ရွက်ပေးလျက်ရှိသည်။
လုပ်သားအခြေပြုလုပ်ငန်းများဖြစ်သော အသေးစားနှင့် အလတ်စားလုပ်ငန်းများ၊ လက်ခစားလုပ်ငန်းများ ဆက်လက်ရှင်သန်ရေးနှင့် ပိုမိုတိုးတက်ဖွံ့ဖြိုးလာစေရန်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ အလုပ်ရှင်နှင့် အလုပ်သမားများ အသိအမြင်တိုးမြှင့်ရေး ဆွေးနွေးပွဲများနှင့် စက်မှုဇုန်များ၌လည်း အလုပ်သမားဥပဒေဆိုင်ရာ ပညာပေးအလုပ်ရုံ ဆွေးနွေးပွဲများကို ကျင်းပပေးနိုင်ခဲ့သည်။
ပြည်တွင်းအလုပ်အကိုင်နှင့်ပတ်သက်၍ လူဦးရေတိုးနှုန်း၊ ဂျီဒီပီတိုးနှုန်းများပေါ်မူတည်၍ အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်ရေးအတွက် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၏ အလုပ်သမား လိုအပ်ချက်များနှင့်အညီ အလုပ်ရှင်များနှင့် အလုပ်ရှာဖွေသူများ လူကိုယ်တိုင်သော်လည်းကောင်း၊ ဆက်သွယ် ဆောင်ရွက်နိုင်သည့် ဆက်သွယ်ရေးကွန်ရက် များမှတစ်ဆင့်သော်လည်းကောင်း အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေနိုင်သည့် စနစ်များကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
နည်းဥပဒေများကို ရေးဆွဲ
အလုပ်သမားနှင့် အလုပ်ရှင်အဖွဲ့အစည်းများကို ဥပဒေနှင့်အညီဖွဲ့စည်းကာ ရေးဆွဲပြဋ္ဌာန်းပြီးဖြစ်သော အလုပ်သမားအဖွဲ့အစည်း ဥပဒေများနှင့်အညီ နည်းဥပဒေများကိုရေးဆွဲ၍ အလုပ်သမားအဖွဲ့အစည်းအသစ်များ ပေါ်ပေါက်လာစေရေး၊ အလုပ်သမားဥပဒေများနှင့် နည်းဥပဒေများကို ခေတ်စနစ်နှင့်အညီ ပြင်ဆင်ရေးဆွဲခြင်း၊ အသစ်ရေးဆွဲခြင်းနှင့် မလိုအပ်သည့် ဥပဒေနှင့်နည်းဥပဒေများကို ရုပ်သိမ်းခြင်းတို့ကိုလည်း ဆောင်ရွက်လျက် ရှိသည်။
အလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုမြှင့်တင်ပေးနိုင်ရန် လုပ်ငန်းခွင်အရောက် Mobile Medical Unit များဖြင့် သွားရောက်စစ်ဆေးကုသပေးလျက်ရှိသည်။ အာမခံအလုပ်သမားများအား မကျန်းမာမှု၊ မီးဖွားမှု၊ သေဆုံးမှုနှင့် လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရမှုကြောင့် လုပ်ခဝင်ငွေရပ်စဲခံရသည့်အခါ လူမှုဖူလုံရေးအဖွဲ့က ငွေလက်ငင်း အကျိုးခံစားခွင့်များထုတ်ပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိသည်။
၂ဝ၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေသစ်အရ အာမခံအလုပ်သမားများအဖြစ် လုပ်ငန်းအတည်တကျရှိသည့် အလုပ်သမားများ သာမက၊ လုပ်ငန်းအတည်တကျမရှိသည့် အလုပ်သမားများပါ မိမိဆန္ဒအလျောက် ဝင်ရောက်လိုသူများကိုပါ အကျုံးဝင်စေနိုင်ရန် အတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံ၌ လူမှုဖူလုံရေးအာမခံ အလုပ်သမားအင်အား စစ်တမ်းကောက်ယူခြင်းကိုလည်း ဆောင်ရွက်လျက်ရှိပြီး လူမှုဖူလုံ ရေးဆေးရုံကြီးများနှင့် ဆေးခန်းများ အဆင့်မြှင့်တင်ရေး၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာများ ပိုမိုထောက်ပံ့ပေးနိုင်ရေးနှင့် ကျန်းမာရေးဝန်ထမ်းများ ပိုမိုခန့်ထားနိုင်ရေး၊ ကျန်းမာ ရေးဆိုင်ရာ စစ်ဆေးကုသရေးကိရိယာများ တိုးတက်တပ်ဆင်ပေးနိုင်ရေးတို့ကိုလည်း အလေးပေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည်ပြန်ဝင်ခွင့်ဗီဇာ
နိုင်ငံသားများ၊ နိုင်ငံခြားသားများ ပြည်တွင်း ပြည်ပ ဝင်/ထွက်မှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ၊ နိုင်ငံခြားသားများ ပြည်တွင်း၌ နေထိုင်သွားလာလှုပ်ရှားမှုများကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ကြပ်မတ်ဆောင် ရွက်ရန်၊ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရေဆိပ်များနှင့် နယ်စပ် ဝင်/ထွက်ပေါက်များမှ ဝင်/ ထွက်မှုများ၊ နိုင်ငံခြားသား ထိန်းသိမ်းရေးလုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးအရေးယူဆောင်ရွက်ရန်၊ နိုင်ငံခြားသားအတွက် ဆိုက်ရောက်ဗီဇာ (Visa on Arrival)၊ e-Visa ဆောင်ရွက် ပေးခြင်းတို့ကို ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန်၊ နိုင်ငံခြားသားများ၏ ဆက်လက်နေထိုင်ခွင့်နှင့် အကြိမ်ကြိမ်ပြည်ပြန်ဝင်ခွင့်ဗီဇာ သက်တမ်းတိုး လျှောက်ထားခြင်းများ၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ လုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်၊ တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ကျူးလွန် ဖောက်ဖျက်သည့် နိုင်ငံခြားသားများအား အရေးယူခြင်း၊ ပြစ်ဒဏ်စေ့ရောက်သည့် နိုင်ငံခြားသားများအား ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ လုပ်ငန်းများကိုဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံသား ပြန်လည် ခံယူခွင့်လျှောက်ထားသူများနှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ်များကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်၊ နိုင်ငံခြားသားများ ပဏာမမှတ်ပုံတင်ဆိုင်ရာ လုပ်ငန်းများနှင့် နိုင်ငံခြားသားမှတ်တမ်းထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်တို့ကိုလည်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်လျက်ရှိသည်။
အလုပ်ခန့်ထားနိုင်ရေး
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေတိုးပွားစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်းအလုပ်အကိုင်များရှာဖွေပေးခြင်းတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ၂ဝ၁၇ ခုနှစ်အတွင်း ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးခဲ့ပြီး သင့်တော်ကောင်းမွန်သည့် အလုပ် အကိုင်များရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမားလုံလောက်စွာ ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ် သမားရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် အွန်လိုင်းမှ ဆောင်ရွက်ပေးခြင်းတို့အား လုပ်ဆောင်လျက်ရှိရာ ၂ဝ၁၆ ခုနှစ် ဧပြီလမှ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အလုပ်အကိုင်ရရှိမှု အစိုးရနှင့် ပုဂ္ဂလိကနှစ်ရပ်ပေါင်း ၁၈၃၄၂၂ ရှိခဲ့ကြောင်း သိရသည်။
ရွှေ့ပြောင်းလုပ်သား
နိုင်ငံတော်အစိုးရသည် ရွှေ့ပြောင်းအလုပ် သမားများသွားရောက် အလုပ်လုပ်ကိုင်ရာ ဒေသတွင်း လိုအပ်ချက်များအတွက် သင့်လျော်သောမူဝါဒနှင့် အစီအစဉ်များချမှတ်၍ ပြည်ပရှိရွှေ့ပြောင်းအလုပ်သမားများ၏ အခြေခံလူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးများ ထောက်ပံ့ဆောင်ရွက်ပေးခြင်း၊ သက်ဆိုင်ရာနိုင်ငံ၏ အလုပ်သမား ဥပဒေအရ အကာအကွယ်နှင့် အကျိုးခံစားခွင့်များရရှိအောင် ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုများနှင့် ဆက်သွယ်နိုင်ရန် ပံ့ပိုးဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာလုပ်ငန်းစီမံချက်များဖြစ်သော အလုပ်သမားများရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ စီမံခန့်ခွဲခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများအား ကာကွယ်မှုပေးခြင်းနှင့် ကူညီဆောင်ရွက်ပေးခြင်း၊ အလုပ်သမားများ ရွှေ့ပြောင်းသွားလာခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု အချက်အလက်များစုဆောင်းခြင်းနှင့် စီမံခန့်ခွဲခြင်း၊ ပြည်ပနိုင်ငံများ၏ အလုပ်အကိုင် ဈေးကွက်သတင်းရယူခြင်း၊ အလုပ်သမားလက်ခံသည့်နိုင်ငံနှင့် နှစ်နိုင်ငံအလုပ်သမား စေလွှတ်ခြင်းဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးခြင်းတို့ကို ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ထိုင်းနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံတို့နှင့် MoU လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ကိုရီးယားသမ္မတနိုင်ငံသို့ ၂ဝ၁၆ ဇန်နဝါရီလမှ ၂ဝ၁၇ ဖေဖော်ဝါရီလအတွင်း ၅၉၈၁ ဦးစေလွှတ် နိုင်ခဲ့သည်။
အထောက်အထားမဲ့
မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော အထောက်အထားမဲ့ မြန်မာအလုပ်သမားများအား တရားဝင်နေထိုင် အလုပ်လုပ်ကိုင်နိုင်ရေး သာမန်နိုင်ငံကူးလက်မှတ်များကို ထုတ်ပေးခဲ့ရာ ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ၂ဝ၁၆ ခုနှစ် ဇူလိုင်လအထိ ၃၇၉၁ ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ဂျပန်နိုင်ငံသို့ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလအထိ အလုပ်သမား ၂၇၈၉ ဦးစေလွှတ်ခဲ့ပြီး ဂျပန်နိုင်ငံ၏ ဥပဒေသစ်အရ အလုပ်သင်အလုပ်သမား အစီအစဉ်တစ်ရပ်ဖြစ်ပေါ်ရေးနှင့် အလုပ်သင် အလုပ်သမားများအား ထိရောက်စွာကာကွယ်စောင့်ရှောက်ရေးအတွက် ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံနှင့် နည်းပညာသင်တန်းသား စေလွှတ်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းထားဆဲဖြစ်သည်။ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလအထိ ပြည်ပနိုင်ငံများသို့ တရားဝင်စေလွှတ်ခဲ့သော အလုပ်သမား ၁၆၁၂၉၅ ဦးအထိရှိလာခဲ့သည်။
ရွှေ့ပြောင်းလုပ်သားများ လုံခြုံစွာ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်နိုင်ရေးအတွက် ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၊ မြင်းခြံမြို့နယ်၊ မိတ္ထီလာမြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ ကရင်ပြည်နယ် ဘားအံမြို့နယ်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်၊ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တို့တွင် ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ ကူညီရေးဗဟိုဌာန(MRC)ရုံး စုစုပေါင်း ၁၂ ရုံး ဖွင့်လှစ်ခဲ့ပြီး အစိုးရသစ်တစ်နှစ်တာကာလအတွင်း နှစ်ရုံးထပ်မံဖွင့်လှစ်နိုင်ခဲ့သည်။
ကျွမ်းကျင်မှုအကဲဖြတ်
မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျွမ်းကျင်မှုအကဲဖြတ်ရေး ရှေ့ပြေးစီမံချက် ပထမအဆင့်နှင့် ဒုတိယအဆင့်များတွင် အလုပ်အကိုင် ၁၁ မျိုးအတွက် အောင်မြင်ခဲ့သော သင်တန်းသား ၇၂၇ ဦးအား အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု (Level-1) အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့ပြီးဖြစ်သည်။ ယခုတတိယအဆင့်မှာ ကျွမ်းကျင်လုပ်သား ၂၅၁ ဦးအား အမျိုးသား အဆင့် (၁) နှင့် (၂) ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များကို အလုပ်အကိုင် ၁၆ မျိုး အတွက် ရန်ကုန်မြို့ UMFCCI ၌ ကျင်းပခဲ့ သည့် အခမ်းအနားတွင် ထုတ်ပေးနိုင်ခဲ့သည်။
ပြည်ပအလုပ်အကိုင်လမ်းညွှန်
ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းကို ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကုန်)နှင့် (မန္တလေး)တို့တွင် ယခုနှစ် ဇန်နဝါရီလမှ စတင်အခမဲ့ဖွင့်လှစ်ပြီး ပြည်ပနိုင်ငံ၌ သွားရောက်အလုပ်လုပ်ကိုင်ရန် ကြိုတင်ပြင်ဆင်ခြင်း၊ နိုင်ငံများ၏ ပထဝီ၊ ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု၊ လူကုန်ကူးမှုတားဆီးရေးဆိုင်ရာ သိသင့်သည့်အချက်များ၊ အလုပ် သမားရေးရာဥပဒေများ၊ လုပ်ငန်းခွင် ဘေးလုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာခြင်း၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ သိရှိသင့်သည့်အချက်များ၊ အလုပ်ရှင်၊ အလုပ်သမားသဘောတူစာချုပ်ပါ အချက် များ၊ ဆက်သွယ်အကူအညီ တောင်းခံမည့်နေရာများ၊ ပြည်ပထွက်ခွာခြင်း၊ အလုပ်လုပ်ကိုင်ခြင်းဆိုင်ရာ အသိပညာပေးခြင်း၊ ငွေကြေး စီမံခန့်ခွဲခြင်းတို့ကို သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် အဓိကလိုအပ်ချက် ဖြစ်သည့် အရည်အချင်းပြည့်ဝသော လူသားအရင်းအမြစ်များ မွေးထုတ်ပေးရန်နှင့် ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ်ရရှိစေရေးသည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ လုပ်ငန်း တာဝန်တစ်ရပ်ဖြစ်ပြီး ယင်းဝန်ကြီးဌာနသည် ပညာရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာန ၁၈ ခုနှင့်ပူးပေါင်းကာ ကျွမ်းကျင်မှုလေ့ကျင့် ရေးသင်တန်းများဖြစ်သည့် အခြေခံဂဟေဆက်သင်တန်း၊ ကြီးကြပ်ရေးမှူးသင်တန်း၊ စစ်ဆေး ရေးမှူးသင်တန်း၊ လေအေးပေးစက်ပြုပြင်ခြင်းသင်တန်း၊ ကိုရီးယားဘာသာသင်တန်း၊ ပြည်ပ အလုပ်အကိုင်သင်တန်းနှင့် ပြည်ပသို့မထွက်ခွာမီ အကြိုသင်တန်းတို့ကို ပြီးခဲ့သည့်နှစ် ဧပြီ လမှ ယခုနှစ် ဖေဖော်ဝါရီလအထိ သင်တန်းသား သင်တန်းသူ ၂၉၈၅၄ ဦးတို့ကို သင်ကြားပေးနိုင်ခဲ့သည်။
လူမှုဖူလုံရေးဆိုင်ရာ
အလုပ်သမားတစ်ဦး နိစ္စဓူဝအလုပ်လုပ်နိုင်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုရှိရန် လိုအပ်သည်။ ယင်းလိုအပ်ချက်အတွက် လူမှုဖူလုံရေးအဖွဲ့က တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အာမခံအလုပ်သမားများအား ကျန်းမာရေး စောင့်ရှောက်မှုများပိုမိုပေးအပ်နိုင်ရန် ရည်ရွယ်၍ အလုပ်သမားဆေးရုံကြီး(ရန်ကုန်၊ မန္တလေး၊ ထန်းတပင်) ဆေးရုံများတွင် ခွဲစိတ်ရောဂါ၊ သားဖွားနှင့် မီးယပ်ရောဂါ၊ အရိုးရောဂါ၊ အထွေထွေရောဂါ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သွားရောဂါ၊ ပြန်လည်သန်စွမ်းရေးဆိုင်ရာကုသမှုများကို အထူးကု ဆရာဝန်ကြီးများဖြင့် ၂၄ နာရီ ဝန်ဆောင်မှုများ ပေးလျက်ရှိရာတွင် ပြီးခဲ့သည့်နှစ် ဧပြီလမှ ယခုနှစ် ဇန်နဝါရီလအထိ အလုပ်သမားဆေးရုံကြီး သုံးရုံတွင် ဆေးကုသမှုခံယူသည့် လူနာဦးရေမှာ ၇၁ဝ၂၈ ဦးရှိပြီး လုပ်ငန်းခွင်အရောက် ကွင်းဆင်းဆေးကုသပေးမှု ၈၂၈၁ ဦးရှိခဲ့ကြောင်း သိရသည်။
ယမန်နှစ် ဧပြီလမှ ယခုနှစ် ဇန်နဝါရီလအထိ လူမှုဖူလုံရေးဆေးခန်း ၉၆ ခန်းတွင် ဆေးကုသမှုခံယူခဲ့သည့် ပြင်ပလူနာ ၃၅၅၇ဝ၄ ဦး၊ ဆေးရုံတက်လူနာ ၅၆၉၁ ဦး၊ ကျန်းမာရေးပညာပေးဟောပြောမှုနှင့် ကွင်းဆင်း ဆေးကုသမှုမှာ ၁၆၆ဝ ကြိမ်ဖြစ်ပြီး ကွင်းဆင်းဆေးကုသစဉ် ဆေးကုသမှုခံယူသည့် လူနာဦးရေမှာ ၃၁၂၇၄ ဦးဖြစ်သည်။ MMU နယ်လှည့်ဆေးကုသယာဉ်ဖြင့် အာမခံလုပ်သားများကို နယ်လှည့်ဆေးကုသပေး လျက်ရှိရာမှာ အလုပ်ဌာနပေါင်း ၁၃၄ဝ တွင်ရှိသော အလုပ်သမား ၃၄ဝ၃၅ ဦးကို အစိုးရသစ် တစ်နှစ်တာကာလအတွင်း ကုသပေးပြီးဖြစ်သည်။
ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်၌ လူမှုဖူလုံရေးဆေးခန်းကို ၂ဝ၁၆ ခုနှစ် စက်တင်ဘာလတွင် ထပ်မံတိုးချဲ့ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး အာမခံအလုပ်သမားများအား ဆေးကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ထိရောက်စွာ ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ပုဂ္ဂလိက ဆေးခန်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာတွင် အာမခံအလုပ်သမားများပြားသည့် မင်္ဂလာဒုံမြို့နယ်တွင် လူမှုဖူလုံရေးကဲဝဲလ် ဆေးခန်းအား Care Well Medical Co., Ltd. နှင့်ပူးပေါင်း၍ ယခုနှစ် မတ် ၄ ရက်တွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။
၂ဝ၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များရရှိနိုင်ရေးအတွက် ၂ဝ၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေ စတင်ပြဋ္ဌာန်းပြီးချိန်မှစ၍ ယခုနှစ် ဇန်နဝါရီလအထိ လူမှုဖူလုံရေးအာမခံ စိစစ်ရေးကတ်ပြား(Smart Card) ၆၉၇၇၈၁ ကတ်နှင့် ယာယီကတ် ၅၁၂၉၉၅ ကတ်ကို ထုတ်ပေးပြီးဖြစ်သည်။ အစိုးရသစ်တစ်နှစ်တာ ကာလအတွင်း Smart Card ၄၁ဝ၅၅ ကတ်နှင့် ယာယီကတ် ၂၈၈၃၁၅ ကတ်ကို ထုတ်ပေးခဲ့ပြီးဖြစ်သည်။ လူမှုဖူလုံရေးအာမခံစိစစ်ရေး ကတ်ပြားများအား Micro Processor Chip ပါဝင်ပြီး ပိုမိုထိရောက်စွာ အသုံးပြုနိုင်မည့် e-Smart Card များအဖြစ် ပြောင်းလဲထုတ် လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိသည်။
လူမှုဖူလုံရေးအဖွဲ့၏ အဓိကလုပ်ငန်းများသည် ဥပဒေတွင်အကျုံးဝင်သော အလုပ်ဌာနများကို မှတ်ပုံတင်ခြင်း၊ အလုပ်သမားများကို မှတ်ပုံတင်ခြင်း၊ ထည့်ဝင်ကြေးကောက်ခံခြင်း၊ ငွေလက်ငင်း အကျိုးခံစားခွင့်ပေးခြင်းနှင့် အာမခံအလုပ်သမားများအား ဆေးဝါးကုသပေးခြင်းတို့ ဖြစ်သည်။ အလုပ်သမားများ၏ လုပ်ခလစာပေါ်မူတည်၍ အလုပ်ရှင်မှ သုံးရာခိုင်နှုန်း၊ အလုပ်သမားမှ နှစ်ရာခိုင်နှုန်း၊ စုစုပေါင်း ငါးရာခိုင်နှုန်း ထည့်ဝင်ကြေး ပေးသွင်းထားခြင်းအားဖြင့် ဆေးကုသမှုခံယူခွင့်ရှိသည့်အပြင် အာမခံစနစ်အလိုက် သတ်မှတ်ချက်များနှင့်အညီ ငွေကြေးအကျိုးခံစားခွင့် ၁၅ မျိုးကို ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ရွှေ့ပြောင်းသွားလာခြင်း
ဝန်ကြီးဌာနအနေဖြင့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ ကျား/မရေးရာ အလေးထားရမည့်ကိစ္စများနှင့် အမျိုးသမီးများကို ခွဲခြားဆက်ဆံမှု ပပျောက်ရေးသဘောတူစာချုပ် CEDAW Committee ၏ ရွှေ့ပြောင်းသွား လာမှု အကြံပြုချက်များနှင့်စပ်လျဉ်း၍ အသိပညာပေးနိုင်ရေး၊ မြန်မာနိုင်ငံ၏ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေမူကြမ်းနှင့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အမျိုးသားလုပ်ငန်းစီမံချက်တို့တွင် ရွှေ့ပြောင်းသွားလာ ခြင်း၌ တွေ့ကြုံရသော ကျား/မရေးရာ အလေးထားဆောင်ရွက်ရမည့်ကိစ္စများပါဝင်စေရေးအတွက် ပြည်ပအလုပ်အကိုင်ဥပဒေ ပြင်ဆင်ရေးဆွဲခြင်းနှင့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အမျိုးသားလုပ်ငန်းစီမံချက်တို့တွင် ကျား/မ ရေးရာကိစ္စရပ်များ ထည့်သွင်းနိုင်ရေးအတွက် အမျိုးသားအဆင့် မူဝါဒဆိုင်ရာဆွေးနွေးပွဲဖြင့် ဆောင်ရွက်လျက်ရှိသည်။
ဝန်ကြီးဌာနအနေဖြင့် အတည်ပြုပြီး ဥပဒေ ကိုးခု၊ ပြင်ဆင်ရေးဆွဲလျက်ရှိသည့် ဥပဒေ တစ်ခု၊ အသစ်ရေးဆွဲလျက်ရှိသော ဥပဒေ သုံးခု၊ အပြီးရုပ်သိမ်းမည့် ဥပဒေ နှစ်ခု၊ လက်ရှိလိုအပ်သဖြင့် အသစ်ရေးဆွဲလျက်ရှိသည့် ဥပဒေ နှစ်ခုနှင့် အခြားဝန်ကြီးဌာနကို လွှဲပြောင်းပေးပြီး ဥပဒေတစ်ခု စုစုပေါင်း ဥပဒေ ၁၈ ခုထဲတွင် ၁၉၅၁ ခုနှစ် ရေနံမြေ (အလုပ်သမားနှင့် သက်သာချောင်ချိရေး)အက်ဥပဒေအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနသို့ လွှဲပြောင်းပေးပြီးဖြစ်သဖြင့် ဥပဒေ ၁၇ ခုဖြင့် အလုပ်သမားရေးရာဆိုင်ရာ ကိစ္စရပ်များအား စည်းကြပ်ဆောင်ရွက်လျက်ရှိသည်။ အသစ်ရေးဆွဲလျက်ရှိသည့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေ (မူကြမ်း)အား ပြည်ထောင်စုလွှတ်တော်သို့ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။
အငြင်းပွားမှုများ
ဝန်ကြီးဌာန၏ အလုပ်သမားရေးရာ အငြင်းပွားမှုများကို ဖြေရှင်းရာတွင် ပွင့်လင်းမြင်သာမှုရှိခြင်းအပြင် ရှေ့နောက်ညီညွတ်ခြင်းနှင့် အလုပ်ရှင်၊ အလုပ်သမားကြား ဘက်လိုက်မှုကင်း၍ လူမှုရေးရာ တရားမျှတမှုအပေါ် အခြေခံသည့် မျှတသောဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေး အလုပ်သမားရေးရာအငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်ပေးမှုအပေါ် အများပြည်သူယုံကြည်လက်ခံနိုင်ရေး စက်ရုံတွင်း ဖွဲ့စည်းထားသည့် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီနှင့် မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့တို့က တည်ဆဲဥပဒေ များနှင့်အညီ ဖြေရှင်းရန်လိုပြီး ခုံသမာဓိအဆင့်သို့ မလိုအပ်ဘဲ တက်ရောက်ခြင်းမဖြစ်စေရေး အပါအဝင် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များနှင့် စိန်ခေါ်မှုများကို ဆွေးနွေးနိုင်ခဲ့သည်။
၂ဝ၁၁ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေနှင့်အညီ အဆင့်ဆင့် ဖြေရှင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်အငြင်းပွားမှု ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ၃၂၅ ဖွဲ့က ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ၁၉၂၃ ခုနှစ် အလုပ်သမားလျော်ကြေး အက်ဥပဒေအရ အလုပ်သမားရေးရာကိစ္စရပ်များကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ ၂ဝ၁၆ ခုနှစ် ဧပြီလမှ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလအထိ အလုပ်သမားရေးရာအငြင်းပွားမှု ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များမှ ဖြေရှင်းဆောင်ရွက်ပေး ခဲ့သည့်အမှု ၂၇ ခုအတွက် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
၂ဝ၁၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်တွင် အလုပ်သမားအဖွဲ့အစည်းဥပဒေကို လည်းကောင်း၊ ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်တွင် အလုပ်သမားအဖွဲ့အစည်းနည်းဥပဒေကို လည်းကောင်း ပြဋ္ဌာန်းထုတ်ပြန်ပြီး အဆိုပါ အလုပ်သမားအဖွဲ့အစည်းဥပဒေအရ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလအထိ အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းပေးခဲ့ရာတွင် အလုပ်ရှင်အဖွဲ့အစည်း ၃ဝ၊ အလုပ် သမားအဖွဲ့အစည်း ၂၃၆၉ ဖွဲ့တို့ကို ဖွဲ့စည်း ပေးနိုင်ခဲ့သည်။
လူဦးရေနှင့် အိမ်အကြောင်းအရာ
၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းရလဒ်များကို အခြေခံ၍ သုတေသနစာတမ်း ၁၃ စောင်၊ သန်းခေါင် စာရင်း ရလဒ်မြေပုံများအတွက် လေ့လာဆန်းစစ်တွက်ချက်ခြင်းဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ပို့ချခဲ့ပြီး ခေါင်းစဉ်အလိုက် ထည့်သွင်းမည့် အချက်အလက်များပြင်ဆင်ခြင်း၊ Data User Workshop များ ပြုလုပ်ခြင်း၊ စာရင်းဇယားများပြုစုခြင်းနှင့် အစီရင်ခံစာများ ရေးသားပြုစုခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ မွေးဖွားခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်း၊ သေဆုံးခြင်းနှင့် သားဖွားမိခင်သေဆုံးခြင်း၊ လူဦးရေပြောင်းလဲခြင်း ၊ ရွှေ့ပြောင်းသွားလာခြင်းနှင့် မြို့ပြထွန်းကားလာခြင်းစာတမ်းများ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
အဆိုပါထုတ်ပြန်ခဲ့သော အစီရင်ခံစာစာအုပ်များနှင့် သုတေသနစာတမ်းများကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ဝန်ကြီးဌာနများအားလုံးနှင့် ဝန်ကြီးဌာနများအောက်ရှိ ဦးစီးဌာနနှင့်လုပ်ငန်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ စာကြည့်တိုက်များ၊ မော်ကွန်းတိုက်များ၊ တက္ကသိုလ်/ကောလိပ်များ၊ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးများ၊ နိုင်ငံခြားရှိ မြန်မာသံရုံးများ၊ စစ်သံရုံးများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် အချက်အလက်အသုံးပြုသူများအားလုံးသို့ ဖြန့်ဝေခဲ့သည်။
သန်းခေါင်စာရင်း အချက်အလက်များ ဖြန့်ဝေခြင်းနှင့် အချက်အလက်အသုံးပြုသူများ လွယ်ကူစွာရရှိနိုင်စေရန်၊ နိုင်ငံတော်တွင် ဆောင်ရွက်နေသော စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် မူဝါဒများစိစစ်ခြင်းနှင့် အကဲဖြတ်ခြင်း၊ စီမံခြင်းတို့ကိုဆောင်ရွက်ရာ၌ သန်းခေါင်စာရင်း အချက်အလက်များ အသုံးပြုမှုတိုးမြင့်လာစေရန်၊ အချက်အလက်အသုံးပြုသူများ၊ မီဒီယာများနှင့် ပြည်သူများအကြား သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များကို အကျိုးရှိစွာ၊ အဓိပ္ပာယ်ပြည့်ဝစွာ အသုံးပြုနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
ဖြေလျှော့
အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီး ဌာနအနေဖြင့် နိုင်ငံတော်အတွင်းနေထိုင်သည့် ပြည်သူများ၏ ပညာရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များတွင် အထောက်အကူဖြစ်စေရန်အတွက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ နှင့်အညီ ကိုင်ဆောင်သင့်သည့် လက်မှတ်တစ်မျိုးမျိုးကိုရရှိစေပြီး နိုင်ငံတော်မှသတ်မှတ်သည့် ဥပဒေပါ နိုင်ငံသားအခွင့်အရေးများကို ရရှိခံစားနိုင်ရေးအတွက် ဖြေလျှော့မှု နည်းလမ်းများကိုအသုံးပြု၍ သစ္စာစီမံချက်ဖြင့် အစိုးရသစ်၏ ပထမတစ်နှစ်တာကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ၁ဝ၃၄၆၅၈ ကို ထုတ်ပေးနိုင်ခဲ့သည်။
မြန်မာနိုင်ငံအတွင်း နေထိုင်သူများအနက် အချို့သော ပြည်သူများသည် လူမှုရေး၊ စီးပွားရေး၊ ပညာရေး စသော အကြောင်းအမျိုးမျိုးဖြင့် တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းနေထိုင်ကြပြီး ထိုသူအများစုသည် ရောက်ရှိ နေထိုင်ရာအရပ်ဒေသတွင် ဥပဒေနှင့်အညီ နေထိုင်နိုင်ရေးအတွက် ကာယကံရှင်များကိုယ်တိုင်က မူလနေထိုင်ရာအရပ်ဒေသမှ ပြောင်းရွှေ့ပုံစံ (၁ဝ) ထုတ်ယူ၍ ရောက်ရှိနေထိုင်ရာဒေသတွင် တရားဝင်အိမ်ထောင်စု လူဦးရေစာရင်း ဆောင်ရွက်ရမည်ဖြစ်သော်လည်း အခြေအနေအကြောင်းအမျိုးမျိုးဖြင့် မဆောင်ရွက်နိုင်၍ ရောက်ရှိရာဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းမရှိသဖြင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေးအခက်အခဲများ ကြုံတွေ့နေကြရသည်။
အဆိုပါ ရွှေ့ပြောင်းနေထိုင်သူ တိုင်းရင်းသားများကြုံတွေ့နေရသော အခက်အခဲများ ပြေလည်စေရန် ယခင် အိမ်ထောင်စုလူဦးရေစာရင်း လျှောက်ထားဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အားဖြေလျှော့ပြီး ကာယကံရှင်များ ကိုယ်တိုင်အား မူလနေထိုင်ရာဒေသသို့ ပြန်လည်စေလွှတ်ခြင်းမပြုဘဲ သက်ဆိုင်ရာမြို့ နယ်ရုံးအချင်းချင်းချိတ်ဆက်၍ သတ်မှတ်ချက်နှင့်အညီ စိစစ်မှန်ကန်ပါက လက်ရှိရောက်ရှိ နေထိုင်သည့်ဒေသတွင်ပင် အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ထုတ်ပေးပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးသည့်လုပ်ငန်းစဉ်အား ဖြေလျှော့ဆောင်ရွက် ပေးလျက်ရှိသည်။
တိုင်းရင်းသား မဟုတ်သူများနှင့် သွေးနှော လူမျိုးများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားမှုများတွင် ပြည်သူများ ပိုမိုလွယ်ကူမြန်ဆန်စွာရရှိစေရန် နိုင်ငံသားစိစစ် ရေးကတ်ပြားလျှောက်ထားမှုတွင် မြို့နယ်ဦးစီး မှူးမှ စိစစ်တင်ပြပြီး ခရိုင်ဦးစီးမှူးမှ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်မှတ်ရေးထိုးထုတ်ပေးရန် ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလမှစ၍ လုပ်ထုံးလုပ်နည်းအား ဖြေလျှော့ဆောင်ရွက်ပေးခဲ့သည်။
တိုးချဲ့ဝင်ခွင့်ပြုခဲ့
ကမ္ဘာတစ်ဝန်းမှ မြန်မာနိုင်ငံသို့ လာရောက်လိုသူများ အွန်လိုင်းမှ အဆင်ပြေချော မွေ့စွာလျှောက်ထားနိုင်ရေး ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင် တိုးချဲ့ဝင်ခွင့်ပြုခဲ့ပြီး မြန်မာ-ထိုင်း နယ်စပ် ဝင်/ထွက် ပေါက်သုံးခုဖြစ်သည့် တာချီလိတ်၊ မြဝတီနှင့် ကော့သောင်းဂိတ်တို့တွင် ၂ဝ၁၆ ခုနှစ် စက်တင်ဘာလမှစတင်၍ ခွင့်ပြုပေးခဲ့သည်။
e-Visa Tourist (ကမ္ဘာလှည့်ဗီဇာ)ကို လက်ရှိနိုင်ငံပေါင်း ၁ဝဝ ခွင့်ပြုထားပြီး သတ်မှတ်အခငွေ USD ၅ဝ ဖြင့် မြန်မာနိုင်ငံ၌ ၂၈ ရက် နေခွင့်ပြုထားပြီး e-Visa Business (လုပ်ငန်းဗီဇာ)ကို လက်ရှိ ၅၁ နိုင်ငံတွင် ခွင့်ပြု ထားပြီး သတ်မှတ်အခငွေ USD ၇ဝ ဖြင့် မြန်မာနိုင်ငံ၌ ရက်ပေါင်း ၇ဝ နေခွင့်ပြုထားကြောင်း သိရသည်။
နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေ အနေနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ကာလရှည်ကြာစွာ လာရောက်နေထိုင်ရင်းနှီးမြှုပ်နှံလိုသူများ ကျွမ်းကျင်ပညာရှင်များ၊ ပြည်ပ ရောက် မြန်မာနိုင်ငံသားဟောင်းများ၊ မြန်မာနိုင်ငံသားနှင့် သွေးချင်းတော်စပ်သူ နိုင်ငံခြားသားများအတွက် အခွင့်အရေးတစ်ရပ်အဖြစ် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ကို အကောင်အထည်ဖော်ရန် အာဆီယံဒေသ တွင်း ကိုးနိုင်ငံနှင့် အမေရိကန်၊ အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျ၊ တောင်အာဖရိကနိုင်ငံများ၏ အမြဲနေထိုင်ခွင့်ပြုသည့် စနစ်များအပေါ် လေ့လာသုံးသပ်၍ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
၂ဝ၁၅-၂ဝ၁၆ ခုနှစ်အတွင်း နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင် အထည်ဖော်ရေးလုပ်ငန်းကော်မတီနှင့် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ ဗဟိုကော်မတီတို့သည် သီးခြားအစည်းအဝေး ငါးကြိမ်စီ ပြုလုပ်ခဲ့ပြီး နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူများအနက် ၂ဝ၁၆ ခုနှစ် အတွင်း ၂၆၂ ဦးကို စိစစ်အတည်ပြုပေးခဲ့ပြီး ၂၅၁ ဦးကို နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လက်မှတ်နှင့် ကတ်ပြားများ ထုတ်ပေးခဲ့သည်။
အမည်မည်းစာရင်း
အမည်မည်းစာရင်း(Blacklist)များ စိစစ်ဖြေလျှော့နိုင်ရန်အတွက် Interpol မှ အကြောင်းကြားချက်အရ ရေးသွင်းထားသည့် နိုင်ငံခြားသားများ၊ လုံခြုံရေးနှင့် သက်ဆိုင်သော ဝန်ကြီးဌာနများမှ ညှိနှိုင်းချက်နှင့် တည်ဆဲဥပဒေများ၊ ရာဇဝတ်မှုကျူးလွန်ခြင်းတို့ကြောင့် ရေးသွင်းထားသည့် နိုင်ငံခြားသားများ၊ ဝန်ကြီးဌာနများမှ ¤င်းတို့၏ဝန်ထမ်းများ တာဝန်ပျက်ကွက်မှု၊ စည်းကမ်းဖောက်ဖျက်မှု၊ ငွေကြေးကိစ္စရပ်တို့ကြောင့် အရေးယူပြီး ပြည်ပ ထွက်ခွာမှုတားမြစ်ပေးရန် ညှိနှိုင်းချက်တို့အရ ရေးသွင်းထားသည့် မြန်မာနိုင်ငံသားများ စသည့်အကြောင်းအမျိုးမျိုးကြောင့် မိမိဝန်ကြီးဌာနတွင် ထိန်းသိမ်းထားသည့် အမည်မည်းစာရင်းများကို စုစည်းခဲ့သည်။
၎င်းစာရင်းများကို ပြည်ထောင်စုရှေ့နေချုပ်ရုံးအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ဆက်လက်ထားရှိမည့်စာရင်း၊ ပယ်ဖျက်မည့် စာရင်းများအတွက် သဘောထားမှတ်ချက်များရယူပြီး အစိုးရသစ်၏ ရက် ၁ဝဝ သစ္စာစီမံချက်ကာလအတွင်း မြန်မာနိုင်ငံသား ၂၄၈ ဦး၊ နိုင်ငံခြားသား ၃၇၁ ဦး စုစုပေါင်းလူပုဂ္ဂိုလ် ၆၁၉ ဦးကို အမည်မည်းစာရင်းမှ စိစစ်ဖြေလျှော့ပေးခဲ့သဖြင့် အမည်မည်းစာရင်းတွင် ပါဝင်နေသူ မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများ လွယ်ကူချောမွေ့စွာ ပြည်ဝင်/ ပြည်ထွက် ပြုနိုင်ပြီဖြစ်သည်။ ကျန်ရှိသည့် (Blacklist) စာရင်းများမှ အမည်မည်းစာရင်း ရေးသွင်းထားသည့် အကြောင်းရင်းပေါ်မူတည်ပြီး အမည်မည်းစာရင်းမှပယ်ဖျက်ရေး စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်သေခံလက်မှတ်
ထိုင်းနိုင်ငံမှထုတ်ပေးထားသော ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဘတ်ကတ်ခေါ် TR-38) ကိုင်ဆောင်၍ အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာအလုပ်သမားများအနက် နိုင်ငံသားအထောက်အထားတင်ပြ နိုင်သော အလုပ်သမားများကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ သာမန်နိုင်ငံကူးလက်မှတ်များ ထုတ်ပေးလျက်ရှိရာ ၂၃-၂-၂ဝ၁၇ ရက်အထိ ၄၁၈၉၂ ဦး ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည်။ နိုင်ငံသားအထောက်အထား တင်ပြနိုင်ခြင်းမရှိသော အလုပ်သမားများအား စမုစခွန် (မဟာချိုင်) (၁) နှင့် (၂)၊ စမုပရာကန်၊ မယ်ဆိုင်၊ မဲဆောက်နှင့် ရနောင်းမြို့တို့တွင် စခန်းများဖွင့်လှစ်၍ ၃-၃-၂ဝ၁၇ ရက်မှစတင်ကာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်များ ထုတ်ပေးမှုအား ဖြေလျှော့ဆောင် ရွက်လျက်ရှိသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်တို့နှင့်တွေ့ဆုံ၍ အေဂျင်စီများက ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင် အာမခံကြေး ကျပ်သိန်း ၅ဝ မှ ကျပ်သိန်း ၅ဝဝ ပေးသွင်းရေးကိစ္စကို ဆွေးနွေးဆောင် ရွက်ခဲ့ပြီး ဖြေလျှော့မှုအနေဖြင့် အေဂျင်စီ၏မန်နေဂျင်း ဒါရိုက်တာအမည်ဖြင့် ပိုင်ဆိုင်မှုအနေဖြင့် ဘဏ်တွင် ခြောက်လသက်တမ်းရှိသော ကျပ်သိန်း ၁ဝဝဝ ပြသရသည့်ကိစ္စကို ဖြေလျှော့ပေးနိုင်ခဲ့ပါသည်။
အလုပ်ရှင်များအနေဖြင့် တည်ဆဲအလုပ် သမားဥပဒေပါ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် သက်သာချောင်ချိရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခဲ့ပါက ချက်ချင်း တရား စွဲဆိုခြင်းမပြုဘဲ ခံဝန်ကတိလက်မှတ်ရေးထိုးစေ၍ ထပ်မံကျူးလွန်မှသာ တရားစွဲဆိုခြင်း၊ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ချိန် အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များနှင့် ပွင့်လင်းမြင်သာစွာ ပူးပေါင်းစစ်ဆေးခြင်း၊ အချိန်ပိုလုပ်ကိုင်မှုနှင့်ပတ်သက်၍ မြို့နယ်အဆင့်ထိ လုပ်ထုံးလုပ်နည်းဖြေလျှော့ပေးခြင်း များအား ဖြေလျှော့ဆောင်ရွက်ပေးနိုင်ခဲ့သည်။
နည်းပညာဆိုင်ရာ
မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှုပပျောက်ရေးအား ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်အတွက် ILO နှင့် မြန်မာနိုင်ငံအကြား နားလည်မှုစာချွန်လွှာတစ်ရပ်ကို ၂ဝဝ၇ ခုနှစ် မှစတင် လက်မှတ်ရေးထိုးခဲ့ပြီး ယခုနှစ်အထိ နှစ်စဉ်သက်တမ်း တိုးလက်မှတ်ရေးထိုးခဲ့သည်မှာ စုစုပေါင်း ကိုးကြိမ် သက်တမ်းတိုးမြှင့်ခဲ့ပြီးဖြစ်သည်။ ဝန်ကြီးဌာန ၁ဝ ခုမှ ကိုယ်စားလှယ် ၂၂ ဦးဖြင့်ဖွဲ့စည်းခဲ့သည့် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ အနေဖြင့် ILO နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ ထပ်မံ ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။
အဓမ္မခိုင်းစေမှုပပျောက်ရေးနားလည်မှုစာချွန်လွှာကို မြန်မာအစိုးရနှင့် ILO တို့အကြား ချုပ်ဆိုခဲ့ချိန်မှစတင်၍ ၂ဝ၁၇ ခုနှစ် မတ်လထိ အသက်မပြည့်စုဆောင်းမှု/အဓမ္မ စုဆောင်းမှု၊ အရပ်ဘက် အဓမ္မခိုင်းစေမှု/ တပ်ဘက် အဓမ္မခိုင်းစေမှု စုစုပေါင်း ၈၉၈ မှုအနက် ၃၅၆ မှုကို ပိတ်သိမ်းနိုင်ခဲ့ပြီး ဆောင်ရွက်ဆဲအမှုမှာ ၃၅၇ မှုနှင့် ပိတ်သိမ်းသင့်သော အမှုမှာ ၁၈၅ မှုဖြစ်ကြောင်း သိရသည်။
အလုပ်သမားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်သမားရေးရာကိစ္စရပ်များကို ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ အလုပ်သမားရေးရာဥပဒေများ ပြင်ဆင်ရေး၊ အသစ်ရေးဆွဲရေးနှင့် အဓမ္မခိုင်းစေမှုပပျောက် ရေးအပါအဝင် ကောင်းမွန်သင့်တော်သော အလုပ်အကိုင်အစီအစဉ် ဖော်ဆောင်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေ အမြန်ဆုံးပြဋ္ဌာန်းနိုင်ရေး၊ မြန်မာနိုင်ငံရှိအထည်ချုပ်လုပ်ငန်း၊ စိုက်ပျိုး ရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများမှ အလုပ်သမားများကို လူမှုအကာအကွယ် ပေးရေး၊ လက်ရှိလူမှုဖူလုံရေးစနစ်ကို အာမခံအလုပ်သမားများသာမက မှီခိုသူများကိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကလေးအလုပ်သမား လျော့နည်းကျဆင်းစေရေးကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးနှင့် စက်မှုဇုန်များတွင် ကလေးအလုပ် သမားဆိုင်ရာ အသိပညာများမြှင့်တင်နိုင်ရန် လက်ကမ်းစာစောင်များ၊ booklet စာအုပ်များ ထုတ်ဝေနိုင်ရေးဥပဒေ၊ ဓလေ့ထုံးတမ်းများနှင့် ညီညွတ်မှုရှိစေရန် စိစစ်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း(IOM)နှင့် သြစတြေးလျနယ်စပ်ဒေသ ကာကွယ်စောင့်ရှောက်ရေးဌာနတို့ ပူးပေါင်း၍ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ နယ်စပ်ဒေသစီမံခန့်ခွဲရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ IT နည်းပညာများ အသုံးပြုရေး၊ စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်ရေး လုပ်ငန်းဆိုင်ရာများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
အကျိုးသက်ရောက်မှုများ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၌ ရုံးများ တိုးချဲ့ဖွင့်လှစ်၍ စစ်ဆေးရေးအရာထမ်းများကို ဖြည့်တင်းခန့်အပ်နိုင်ခဲ့မှုကြောင့် ဥပဒေနှင့် အကျုံးဝင်သည့် စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများကို ပိုမိုစည်းကြပ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အလုပ်သမားများကို ဥပဒေပါ အကျိုးခံစားခွင့်များ ပိုမိုရရှိစေ၍ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် အလေးထားဆောင်ရွက်ပေးနိုင်ခဲ့ သည်။
ဥပဒေများ အသစ်ရေးဆွဲခြင်း၊ နည်းဥပဒေမူကြမ်းများ ရေးဆွဲနိုင်ခဲ့ခြင်း၊ ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများ၊ သင်တန်းများဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် အလုပ်ရှင်၊ အလုပ်သမားများအတွက် အတိုင်းအတာတစ်ရပ်အထိ အကျိုးသက်ရောက်မှု ရှိစေခဲ့ပါသည်။ ခေတ်နှင့်မလျော်ညီသည့် ပြဋ္ဌာန်းချက်များကို ပြင်ဆင်ဖြည့်စွက်နိုင်ခဲ့မှုကြောင့် အကျိုးခံစားခွင့်များ ပိုမိုဆောင်ကြဉ်း ပေးနိုင်ခဲ့သည်။ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပေးနိုင်ခဲ့၍ လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်စေခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့မှုကြောင့် ဥပဒေရေးဆွဲရေးနှင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုအကျိုးကို ဖော်ဆောင်နိုင်ခဲ့သည်။
ဝန်ကြီးဌာနအနေဖြင့် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံဆောင်ရွက်ရသည့် ဌာနဖြစ်သည်နှင့်အညီ ပြည်သူတို့၏လိုအပ်ချက်ကို ထိရောက်မြန်ဆန်စွာဖြည့်ဆည်းပေး နိုင်ရေးအတွက် အစိုးရသစ်စတင်တာဝန်ယူချိန်မှစပြီး သစ္စာစီမံချက်ရေးဆွဲချမှတ်၍ ဖြေလျှော့မှုနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် အစိုးရသစ်၏ တစ်နှစ်တာကာလအတွင်း ထိထိရောက်ရောက်ဆောင်ရွက်နိုင် ခဲ့ပါကြောင်းနှင့် ဆက်လက်ပြီးလည်း အရှိန်အဟုန်မပျက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ။

No comments:

Post a Comment