Monday, March 27, 2017

ပြည်သူ့အတွက် တပ်မတော်

Image may contain: text
၂ဝ၁၇ ခုနှစ် မတ်လ ၂၇ ရက်နေ့သည် (၇၂)နှစ်မြောက် တပ်မတော်နေ့ ဖြစ်သည်။ တပ်မတော်နေ့ဟူ၍ စတင်ဖြစ်တည်ခဲ့သည့်နေ့မှာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ်တော်လှန်ရေးကို ပြည်သူလူထုနှင့်အတူ ဆင်နွှဲသည့် နေ့ဖြစ်သည်။ ထိုနေ့ကို တော်လှန်ရေးနေ့ဟု အသိအမှတ်ပြု ခဲ့ကြပြီး နောက်ပိုင်းတွင် တပ်မတော်နေ့အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။
နှစ်ပေါင်း ၇ဝ ကျော် ရှည်ကြာလာသည့် တပ်မတော်သည် ဖက်ဆစ် တော်လှန်ရေးစတင်ဆင်နွှဲသည့်အချိန်မှစ၍ ယနေ့ထက်တိုင် နိုင်ငံတော် နှင့်တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုသည့် ပြည်ထောင်စုတပ်မတော်အဖြစ် ရပ်တည်ခဲ့သည်။ ပြည်သူလူထုနှင့် တစ်သားတည်းရှိနေပြီး အရေးကြုံလာတိုင်း တိုင်းပြည်နှင့်လူမျိုးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။
တပ်မတော်၏သမိုင်းအစဉ်အဆက်ကိုကြည့်မည်ဆိုလျှင် တိုင်းပြည် ကာကွယ်ရေးတာဝန်များအပြင် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင်လည်း ကြိုးပမ်းဆောင်ရွက်ပေးခဲ့ပြီး ယနေ့ထက်တိုင် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်မှာ နိုင်ငံတော်နှင့်ပြည်သူလူထု အကျိုးစီးပွားအတွက်ဖြစ်သည်။
ယခုနှစ် (၇၂)နှစ်မြောက် တပ်မတော်နေ့သည့် ထူးခြားလေးနက်သည့် အသွင်ကိုဆောင်ပေသည်။ အစိုးရသစ်နှင့်အတူလက်တွဲ၍ ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးတွင် ပါဝင်ကြိုးပမ်းဆောင်ရွက်နေသည်ကို (၇၂) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက် လေးရပ်က သက်သေပြလျက် ရှိသည်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားများကို ကာကွယ် စောင့်ရှောက်ရေးနှင့် နိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန်အရပ်ရပ်ကို ထိပါးလာမှုများအား တပ်မတော်မှ ကာကွယ်စောင့်ရှောက်ပေးရေးသည် နိုင်ငံတော်နှင့်ပြည်သူ့အကျိုးစီးပွားအတွက် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခြင်းဖြစ်သည်။
ထို့အပြင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထုက ရွေးချယ်သော ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ရန် ထိန်းသိမ်း ဆောင်ရွက်ရေးတို့အား တပ်မတော်၏ ရပ်တည်ချက်အဖြစ် မြဲမြံစွာခံယူ လုပ်ဆောင်ရေးကို ဦးတည်ထားသည်။
နိုင်ငံအတွက် အရေးကြီးသည့် ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ချမှတ်ထားသော တပ်မတော်၏ငြိမ်းချမ်းရေးမူဝါဒ(၆)ရပ်ဖြင့် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ ပါဝင်ဆောင်ရွက်ရေးနှင့် နိုင်ငံတော်ကာကွယ်ရေးနှင့် ဘက်စုံလုံခြုံရေး တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန် စွမ်းရည်ထက်မြက်သည့် တပ်မတော်တည်ဆောက်ရေးဟူသည့် ဦးတည်ချက်များသည် ပြည်သူများ မျှော်မှန်းသည့် ငြိမ်းချမ်းသာယာဝပြောသော ဒီမိုကရေစီနိုင်ငံတော် အောင်မြင်စွာပေါ်ထွန်းရေးအတွက် ပါဝင်ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
တပ်မတော်သည် သမိုင်းကြောင်းအစဉ်အလာကောင်းများကို မပျက်မကွက်ပါဝင်ထမ်းဆောင်နေသလို တပ်မတော်အင်အားရှိရန် ပြည်သူလူထုတစ်ရပ်လုံးကလည်း ဝိုင်းဝန်းပူးပေါင်းပါဝင်အားပေးကြရ မည်ဖြစ်သည်။ မျက်မှောက်ကာလ နိုင်ငံတကာအရေးများကိုကြည့်မည် ဆိုလျှင် တိုင်းပြည်တစ်ပြည်အတွက် အင်အားတောင့်တင်းသော ခေတ်မီ တပ်မတော်တစ်ရပ်ဖြစ်တည်နေရန်မှာ အထူးလိုအပ်နေသည်။
အင်အား တောင့်တင်းပြီး ခေတ်မီတပ်မတော်အဖြစ် ရပ်တည်နိုင်မှသာ နိုင်ငံတည်တံ့ခိုင်မြဲပြီး အင်အားတောင့်တင်းနေမည်ဖြစ်သည်။ ထို့ကြောင့် သမိုင်းကြောင်း အစဉ်အလာကြီးမားသော ပြည်ထောင်စုတပ်မတော်ကြီး ခိုင်မာစွာရပ်တည်နေမှုကို တိုင်းရင်းသားပြည်သူအားလုံး ပူးပေါင်းပါဝင် ကြိုဆိုကြရမည်ဖြစ်ပါသည်။ ။

No comments:

Post a Comment