Saturday, March 25, 2017

စည်ကားသိုက်မြိုက်စွာကျင်းပတော့မည့် မော်လမြိုင်ကလေးစာပေပွဲတော်



Image may contain: one or more people, sky, tree and outdoor
မော်လမြိုင် မတ် ၂၄
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရ အဖွဲ့တို့ ပူးပေါင်းကျင်းပမည့် ကလေးစာပေပွဲတော်(မော်လမြိုင်)ကို မတ် ၂၅ ရက်မှ ၂၇ ရက်အထိ မော်လမြိုင်မြို့ မော်လမြိုင်တက္ကသိုလ်ဘက်စုံ ခန်းမ၌ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
ကလေးစာပေပွဲတော်တွင် စာအုပ်ပြပွဲနှင့် စာအုပ်ရောင်းပွဲ၊ (၃၈) ဖြာမင်္ဂလာသုတ် ရွတ်ဆိုပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အိမ်တည်ဆောက်မှုပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ဂိမ်းကစားနည်းပြိုင်ပွဲများ၊ ပြခန်းများ၊ စာပေဟောပြောပွဲနှင့် ဆွေးနွေးပွဲများဖြင့် ကျင်းပသွားမည်ဖြစ်သည်။
ကလေးစာပေပွဲတော် ပထမနေ့တွင် မွန်ပြည်နယ်ရှိ အခြေခံပညာကျောင်းများနှင့် ဓမ္မစကူးလ်မှ ကျောင်းသား ကျောင်းသူများက အစီအစဉ် ၂ဝ ဖြင့်လည်းကောင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် မူလတန်းကျောင်းသား ကျောင်းသူ ၅ဝ က လည်းကောင်း၊ (၃၈) ဖြာမင်္ဂလာသုတ် ရွတ်ဆိုပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ ၂ဝ ကလည်းကောင်း ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ကလေးစာပေပွဲတော်သို့ လာရောက်သည့် ပရိသတ်များအား ကျောက်ဆည် ဆင်အက၊ မျက်လှည့်နှင့် ရုပ်သေး ရုပ်၊ ခြင်းလုံးအလှခတ်များဖြင့် ဖျော်ဖြေတင်ဆက်ပေးသွားမည်ဖြစ်သည်။
စာပေဟောပြောပွဲကို မတ် ၂၅ ရက် မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီထိ မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ အစည်းအဝေးခန်းမတွင် ကျင်းပမည်ဖြစ်ရာ စာရေးဆရာခေတ် ဘုန်းသစ်က ''ကလေးတို့ရဲ့ အနာဂတ်အတွက် ရသစာပေ'' ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာမ မိချမ်းဝေက ''ကျောက်ပြားအဟောင်းတွင် ကမ္ပည်းအသစ်ထိုးမယ်'' ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောကြမည်ဖြစ်သည်။
ကလေးစာပေမြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကို မတ် ၂၅ ရက် မွန်းလွဲ ၂ နာရီမှ ညနေ ၄ အထိ မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ အစည်း အဝေးခန်းမတွင် ''ယနေ့ကလေး စာပေ၊ မနက်ဖြန်ကလေးစာပေ''ဖြင့် မင်းထက်မောင်၊ မောင်လင်းရိပ်၊ ခေတ်ဘုန်းသစ်၊ ဝင်းချိုတို့က အသီးသီး ဆွေးနွေးကြမည်ဖြစ်သည်။
မော်လမြိုင်မြို့၌ သုံးရက်တာ ကျင်းပမည့် ကလေးစာပေပွဲတော်သည် တတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး မည်သူမဆို လွတ်လပ်စွာ ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။ စတုတ္တအကြိမ်မြောက် ကလေးစာပေပွဲတော်ကို တောင်ကြီးမြို့၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(အောင်မင်းဟန်)

No comments:

Post a Comment