Saturday, March 25, 2017

အစားထိုးဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေးအဖွဲ့ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ




 နေပြည်တော် မတ် ၂၄ 


အစားထိုးဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှေ့ပြေးစီမံကိန်းPilot Project ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တရားဒေသ၌ ကျေးရွာအုပ်စု လေးအုပ်စုသို့ ကွင်းဆင်းစစ်တမ်းကောက်ယူခြင်း လုပ်ငန်းများကို ဖေဖော်ဝါရီ ၁ ရက်မှ ၁၆ ရက်အထိ ဆောင် ရွက်နိုင်ခဲ့ပါကြောင်း၊ နောင်တရားဒေသအတွင်း ပေါ့အင် ကျေးရွာအုပ်စု၊ လွယ်မောကျေးရွာအုပ်စု၊ ပင်ခင်ကျေးရွာအုပ်စု နှင့် မွှေးပြင်ကျေးရွာအုပ်စု လေးစု၌ ကျေးရွာပေါင်း ၉၇ ရွာရှိပြီး ယင်းကျေးရွာများ၌ အခြေခံ၍ စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နယ်စပ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ပြောကြားခဲ့သည်။ 

အဓိကဆောင်ရွက်ပေးရမည့် အချက်များမှာ ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနှင့် လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်ရေးတို့ ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဦးစီးဌာနအနေဖြင့် စီမံကိန်းအောင်မြင်နိုင်ရေး အတွက် ဝိုင်းဝန်းလုပ်ကိုင်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများအား ထိရောက်အောင်မြင် အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှသာ သက်ဆိုင်ရာ စီမံကိန်းဒေသများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သဖြင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ကြီးကြပ် အဖွဲ့၊ ကွင်းဆင်း စစ်တမ်းကောက်ယူသည့် ပူးပေါင်းအဖွဲ့များက ကောင်းမွန်သောစီမံချက်များ ရေးဆွဲနိုင်ရေးအတွက် ကွင်းဆင်း ဆောင်ရွက်ခဲ့သည့် စစ်တမ်းများ၊ မြေပြင်တွေ့ရှိချက်များနှင့် ဒေသခံတိုင်းရင်းသားများ၏ အမှန်တကယ်လိုအပ်ချက်များကို ပွင့်ပွင့် လင်းလင်း တင်ပြဆွေးနွေးသွားကြရန် အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးအဖွဲ့၏ တတိယအကြိမ် ညှိနှိုင်း အစည်းအဝေးအား ယနေ့ မွန်းလွဲ ၃ နာရီတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာတွင် ဒုတိယဝန်ကြီးက ထိုကဲ့သို့ မှာကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့ နယ် နောင်တရားဒေသအတွင်းရှိ ကျေးရွာအုပ်စု လေးအုပ်စုတို့၏ ကွင်းဆင်းစစ်တမ်း ကောက်ယူခဲ့သည့် ပူးပေါင်းအဖွဲ့က ရှေ့ပြေး စီမံကိန်းလုပ်ငန်းများ ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော ဝန်ကြီးဌာန၊ ဦးစီးဌာနများမှ ကိုယ်စား လှယ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခြင်း နှင့် ဝိုင်းဝန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးအဖွဲ့၊ ဥက္ကဋ္ဌက တင်ပြချက်များ၊ ဆွေးနွေးချက်များနှင့် ပတ်သက်၍ လိုအပ်ချက် ရှိသည်များနှင့် ထပ်မံ ဆောင်ရွက်သွားမည့် အစီအမံများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment