နေပြည်တော် မတ် ၂၈
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် မိသားစုဝင်များမှ ဆေး ဝန်ထမ်းညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်မတော်ဆေးရုံ များအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီခွဲတွင် နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး၌ ကျင်းပသည်။
အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုလှူဒါန်းမှုသည် တပ်မတော်ဆေးရုံအသီးသီးတွင် တက် ရောက်ဆေးကုသမှုခံယူနေကြသော တပ်မတော်သားများနှင့် မိသားစုဝင်များ၊ တပ်မတော်ကိုအမှီပြု၍ ဆေးဝါးကုသမှုခံယူ နေကြသူများအတွက် လှူဒါန်းခြင်းဖြစ်ပါကြောင်း၊ ယခုလှူဒါန်း သည့်ငွေများအား ဗီယက်နမ်နိုင်ငံ Viettel Global Investment JSC ကုမ္ပဏီမှ Mytel Brand Name ရွေးချယ်ပေးမှုအတွက် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊Mytel သည် မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှStar High Co.Ltd.၊ Viettel Global Investment JSC နှင့် ပုဂ္ဂလိကအများပိုင် ကုမ္ပဏီဖြစ်သည့် Myanmar National Telecom Holding Public Limited တို့ပေါင်းစည်းထားသော Myanmar National Tele Communication Co.Ltd. အနေဖြင့် မြန်မာနိုင်ငံ၏ စတုတ္ထအော်ပရေတာအဖြစ်GSM Network ကို တရားဝင်လုပ်ကိုင်ခွင့်ရရှိသည့်Brand Name ဖြစ်ကြောင်း၊ ထိုသို့ Mytel Brand Name ကို ရွေးချယ်ပေးခဲ့မှု အတွက် Viettel Global Investment JSC ကုမ္ပဏီမှ ဂုဏ်ပြုချီးမြှင့်ပေးအပ်သောငွေမှ အခွန်ဆောင်ပြီး ကျန်ငွေ အားလုံးကို မိမိတို့မိသားစုက ယခုကဲ့သို့ ပြန်လည်လှူဒါန်းခြင်းဖြစ်ကြောင်း၊ လှူဒါန်းငွေများကိုလည်း ကင်ဆာရောဂါ၊ နှလုံး ရောဂါနှင့် မျက်စိရောဂါကုသမှုများအတွက် ဦးစားပေးသုံးစွဲစေလို ကြောင်း၊ ယင်းရောဂါဝေဒနာရှင်များအတွက် အတိုင်းအတာ တစ်ခုအထိ အသက်ကယ်ဆယ်နိုင်မှု၊ လူမှုစီးပွားအထောက်အကူ ပြုမှုရရှိနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် မိသားစုဝင်များက အလှူငွေများပေးအပ်လှူဒါန်းရာ ဆေးဝန်ထမ်းညွှန်ကြားရေး မှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် စိုးဝင်းက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ညွှန်ကြား ရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment