Saturday, February 25, 2017

၂ဝ၂ဝ ပြည့်နှစ်တွင် ဝက်သက်ရောဂါကင်းစင်သော နိုင်ငံအဖြစ် ဆောင်ရွက်သွားမည်




တွေ့ဆုံမေးမြန်း၊ သူရဇော်၊ သန္တာအောင်(သတင်းစဉ်)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ တုံ့ပြန်ခြင်းလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိသည့်အနက် လတ်တလောဝက်သက်ရောဂါဖြစ်ပွားမှု အခြေအနေအား တုံ့ပြန် ဆောင်ရွက်နေမှုကို ပြည်သူများသိရှိနိုင်ရန် တာဝန်ရှိသူများနှင့် မြန်မာ့သတင်းစဉ်က သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည် -

ဒေါက်တာသန်းထွန်းအောင်
ဒုတိယညွှန်ကြားရေးမှူးချုပ် (သဘာဝဘေး/ကူးစက်)

မေး။ အခုလက်ရှိ ဝက်သက်ရောဂါဖြစ်ပွားမှုအခြေအနေနဲ့ တုံ့ပြန်ဆောင်ရွက်မှုအခြေအနေကို ရှင်းလင်း ပြောပြပေးပါ ဆရာ။
ဖြေ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ တုံ့ပြန် ခြင်းလုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်လျက်ရှိရာမှာ ဝက်သက်ရောဂါ ဖြစ်ပွားမှုများကို စောစီးစွာသိရှိပြီး တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။

ဝက်သက်ရောဂါ မဖြစ်ပွားစေရေးအတွက် အဓိက ဆောင်ရွက် လျက်ရှိတဲ့ လုပ်ငန်းအဖြစ် အသက် ၉ လနဲ့ အသက် ၁၈ လ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေးခြင်းကြောင့် ယခင် ၁၉၈၈ ခုနှစ်မှာ ဝက်သက်ရောဂါ ၁၆၃၆၈ ဦး ဖြစ်ပွားခဲ့ပြီး ၁၈၉ ဦး သေဆုံးခဲ့ရာက ၂ဝ၁၆ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးအနေ နဲ့ ဝက်သက်ရောဂါဖြစ်ပွားသူ ၃ဝ၃ ဦး၊ သေဆုံးသူ ၂၁ ဦးအထိ လျှော့ချနိုင်ခဲ့ပါတယ်။

ဝက်သက်ရောဂါရဲ့ ထူးခြားချက်ကတော့ (၄)နှစ်ကနေ (၅)နှစ်အတွင်း တစ်ကြိမ် ရောဂါကာကွယ်နိုင်မှုနည်းပါးတဲ့ လူဦးရေ စုပုံလာတဲ့အတွက် ဖြစ်ပွားမှုနှုန်းမြင့်မားတာကို တွေ့ရှိ ရပါတယ်။ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ လလယ်အထိ ဝက်သက် ရောဂါဖြစ်ပွားသူ ၁၇၄ ဦး ရှိခဲ့ပြီး အထူးသဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ငါးမြို့နယ်ဖြစ်တဲ့ လှိုင်သာယာ၊ တွံတေး၊ အင်းစိန်၊ ကြည့်မြင်တိုင်နဲ့ သာကေတမြို့နယ်တို့မှာ အစုလိုက်ကပ်ရောဂါအသွင် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီငါးမြို့နယ် အတွင်းက အသက် ၉ လမှ ၁၅ နှစ်အရွယ် ကလေးငယ် သုံးသိန်း ကျော် အတိအကျအနေနဲ့ ကလေးငယ် ၃ဝ၃ဝဝ၉ ဦး ဝက်သက် ရောဂါကာကွယ်ဆေးကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က ၂ဝ ရက်အထိ ထိုးနှံပေးနိုင်ခဲ့တဲ့အတွက် လွှမ်းခြုံမှုရာခိုင်နှုန်း ၉၁ ဒသမ ၅ ရာခိုင်နှုန်းရှိလာပါတယ်။

ဝက်သက်ရောဂါနဲ့ပတ်သက်ပြီး ပြည်သူလူထုအတွင်း ပိုမိုသိရှိနိုင်ရေးအတွက် ရုပ်မြင်သံကြား၊ မီဒီယာ၊ သတင်းစာ၊Myanmar CDC စာမျက်နှာတို့မှာ ကျန်းမာရေးပညာပေး လုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်လျက်ရှိပါတယ်။ ဆေးရုံ တွေနဲ့ ကျန်းမာရေးဌာနတွေမှာ ဝက်သက်ရောဂါအဖြစ် သံသယ လူနာတွေကို စနစ်တကျကုသနိုင်ရေးအတွက် ရောဂါစောင့်ကြပ် ကြည့်ရှုရေးနဲ့ ရောဂါကုသရေးတို့အတွက် လုပ်ငန်းလမ်းòန် ချက်တွေကို စနစ်တကျ ဖြန့်ဝေထားပြီးဖြစ်ပါတယ်။

ဒါ့အပြင် ဝက်သက်ရောဂါအပါအဝင် ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ ရောဂါတွေ ဖြစ်ပွားမှုလျော့နည်းကျဆင်းစေဖို့ အတွက် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း တိုးမြှင့်ဆောင်ရွက် နိုင်ဖို့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တွေ၊ ပြည်သူလူထုနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကို အသိပေးဆွေးနွေးခြင်းကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးထိုးလုပ်ငန်း နဲ့ပတ်သက်တဲ့ ပညာပေးအငြိမ့်ရိုက်ကူးပြီး ပြည်သူလူထုကို ကျန်းမာရေးပညာပေးဖို့ ဆောင်ရွက်လျက်ရှိပါတယ်။

မေး ။ ဝက်သက်ရောဂါ ကင်းစင်ဖို့အတွက် ဘယ်လို နည်းဗျူ
ဟာတွေ ချမှတ်ဆောင်ရွက်နေပါသလဲခင်ဗျား။
ဖြေ ။ မြန်မာနိုင်ငံအနေနဲ့ ၂ဝ၂ဝ ပြည့်နှစ်မှာ ဝက်သက်ရောဂါ
ကင်းစင်စေဖို့အတွက် နည်းဗျူဟာ (၄) ရပ် ချမှတ်ထား ပါတယ်။ ဒါတွေက ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို မြို့နယ်တိုင်းမှာ ဝက်သက်ရောဂါကာကွယ်ဆေးလွှမ်းခြုံမှု ၉၅ ရာခိုင်နှုန်းနှင့် အထက်ရရှိစေရန် ဆောင်ရွက်ခြင်း၊ ဝက်သက် ရောဂါသံသယ(ဖျား၍အနီစက်ထွက်ခြင်း) ဖြစ်ပွားရင် စောစီး စွာသိရှိပြီး သတင်းပေးပို့ခြင်း၊ ဓာတ်ခွဲစစ်ဆေးအတည်ပြုခြင်း၊ ဝက်သက်ရောဂါကပ်ရောဂါအသွင် ဖြစ်ပွားရင် အမြန်ထိန်းချုပ် ဆောင်ရွက်ခြင်း၊ ဝက်သက်ရောဂါ ဖြစ်ပွားတဲ့လူနာကို နောက် ဆက်တွဲ ဆိုးကျိုးတွေ ဆက်လက်မဖြစ်ပွားစေဖို့ ဗီတာမင်(အေ) တိုက်ကျွေးခြင်းအပါအဝင် ပြည့်စုံစွာ စီမံခန့်ခွဲခြင်း၊ အခါအား လျော်စွာ အစုလိုက်ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်ခြင်း တို့ကို ဆောင်ရွက်လျက်ရှိပါတယ်။ ပုံမှန်အားဖြင့် အစုလိုက် ကာကွယ်ဆေးထိုးလုပ်ငန်းကို (၃)နှစ်မှ (၄)နှစ်ခြား တစ်ကြိမ် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

ဒေါက်တာဉာဏ်ဝင်းမြင့်
ဒုတိယညွှန်ကြားရေးမှူး(ကူးစက်)

မေး။ ကမ္ဘာပေါ်မှာ ဝက်သက်ရောဂါ ဖြစ်ပွားမှုအခြေအနေ
ကိုလည်း သိပါရစေဆရာ။
ဖြေ ။ ဝက်သက်ရောဂါကာကွယ်ဆေး ကျယ်ကျယ်ပြန့်ပြန့်
မထိုးနှံမီက နှစ်စဉ်ကမ္ဘာပေါ်မှာ ဝက်သက်ရောဂါ ကြောင့် ကလေး ၂ ဒသမ ၆ သန်းခန့် အသက်ဆုံးရှုံးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။
ဝက်သက်ရောဂါ ကာကွယ်ဆေးကြောင့် ဝက်သက်ရောဂါနဲ့ သေဆုံးမှုက က္ဘာတစ်ဝန်းလုံးအနေနဲ့ ၂ဝဝဝ ပြည့်နှစ်မှာ ၆၅၁၆ဝဝ ခန့်သေဆုံးခဲ့ပြီး ၂ဝ၁၅ ခုနှစ်မှာ ၁၃၄၂ဝဝ ခန့်အထိ သေဆုံးမှုကို လျှော့ချနိုင်ခဲ့ပါတယ်။ ဝက်သက်ရောဂါကာကွယ် ဆေးကြောင့် ၂ဝဝဝ ပြည့်နှစ်မှ ၂ဝ၁၅ ခုနှစ်အတွင်း ကလေးငယ် ၂ဝ ဒသမ ၃ သန်းရဲ့ အသက်ကို ကာကွယ်နိုင်ခဲ့တဲ့အတွက် ကလေးငယ်တိုင်း ကာကွယ်ဆေးထိုးနှံဖို့ အရေးကြီးပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ၂ဝ၂ဝ ပြည့်နှစ်မှာ ဝက်သက်ရောဂါ ကင်းစင်စေဖို့ ရည်မှန်းချက်ထားဆောင်ရွက် လျက်ရှိရာမှာ မြန်မာနိုင်ငံအနေနဲ့လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုနဲ့ အညီ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါတယ်။

မေး ။ ဝက်သက်ရောဂါရဲ့ ရောဂါလက္ခဏာနဲ့ ကူးစက်ဖြစ်ပွား
မှုကိုလည်း သိပါရစေ။
ဖြေ ။ ဝက်သက်ရောဂါဟာ ဝက်သက်ဗိုင်းရပ်စ်ပိုး ကူးစက်ခံ
ရမှုကြောင့် ဖြစ်ပွားခြင်းဖြစ်ပါတယ်။ ဝက်သက်ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့် မထိုးနှံထားရင် အသက်အရွယ် မရွေး ရောဂါကူးစက်ဖြစ်ပွားနိုင်ပါတယ်။ အလွန်ကူးစက်လွယ်ပြီး ကပ်ရောဂါအသွင် ဖြစ်ပွားနိုင်ပါတယ်။ ဝက်သက်ရောဂါရဲ့ ရောဂါ လက္ခဏာတွေအဖြစ် ဖျားခြင်း၊ ခန္ဓာကိုယ်အနှံ့အပြားမှာ အနီ စက်၊ အနီရောင် အဖုအပိမ့်တွေ ထွက်ပေါ်ခြင်း၊ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်းနဲ့ မျက်လုံးနီပြီး မျက်ဝတ်ထွက်ခြင်းတို့ ဖြစ်ပါတယ်။

ဝက်သက်ရောဂါရဲ့ နောက်ဆက်တွဲ လက္ခဏာတွေအဖြစ် အဆုတ်ရောင်ခြင်း(နမိုးနီးယား)၊ ဝမ်းလျှောဝမ်းပျက်ဖြစ်ပွား ခြင်း၊ ဦးနှောက်ရောင်ရမ်းခြင်း စတဲ့နောက်ဆက်တွဲ ရောဂါတွေ ဖြစ်ပွားတတ်ပြီး အသက်သေဆုံးနိုင်ပါတယ်။

ဝက်သက်ရောဂါက လူတစ်ဦးမှ တစ်ဦး ကူးစက်ဖြစ်ပွားမှု အနေနဲ့ ချောင်းဆိုးခြင်း၊ နှာချေခြင်းကတစ်ဆင့် အဓိက ကူးစက် တတ်ပြီး၊ နှာခေါင်းနဲ့ လည်ချောင်းတို့မှ ထွက်ရှိတဲ့ အရည်များကို ထိတွေ့မိခြင်း၊ လူနာနဲ့ အနီးကပ်ထိတွေ့ နေထိုင်ခြင်းတို့က တစ်ဆင့် ကူးစက်ပြန့်ပွားနိုင်ပါတယ်။

ဒေါက်တာထားထားလင်း
ဒုတိယညွှန်ကြားရေးမှူး(တိုးချဲ့ကာကွယ်ဆေး)
မေး။ ဝက်သက်ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေး
လုပ်ငန်းတွေကိုလည်း သိပါရစေ။
ဖြေ ။ ဝက်သက်ရောဂါ မဖြစ်ပွားစေဖို့အတွက် အဓိကအနေနဲ့
ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်တဲ့အတွက် ပြည်သူလူထု အနေနဲ့ မိမိတို့ရဲ့ ရင်သွေးငယ်တွေ ဝက်သက်ရောဂါမဖြစ်ပွားစေဖို့ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်အရ ကလေးအသက် ၉ လမှာ ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေးနဲ့ အသက် ၁၈ လမှာ ဝက်သက်ရောဂါကာကွယ်ဆေးတို့ကို မပျက်မကွက် ထိုးနှံဖို့ လိုအပ်မှာဖြစ်ပါတယ်။

ဒါ့အပြင် မိမိအနီးပတ်ဝန်းကျင်မှာ ဝက်သက်ရောဂါ လူနာ တွေ့ရှိပါက ကျန်းမာရေး ဌာနကဆောင်ရွက်တဲ့ တုံ့ပြန်ကာကွယ် ဆေးထိုး လုပ်ငန်းတွေ၊ အစုလိုက်ကာကွယ် ဆေးထိုးလုပ်ငန်း တွေ ဆောင်ရွက်ရင် မပျက်မကွက်သွားရောက် ထိုးနှံဖို့လိုအပ်မှာ ဖြစ်ပါတယ်။ မိမိရပ်ရွာအတွင်း ဝက်သက်ကာကွယ်ဆေးထိုး နှံထားခြင်းမရှိတဲ့ အသက် ၅ နှစ်အောက် ကလေးတွေကို တွေ့ရှိ ပါက ပုံမှန်ကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်ထိုးနှံနိုင် ရန် အသိပေးတိုက်တွန်းဖို့လိုအပ်ပါတယ်။
ဝက်သက်ရောဂါ သံသယလက္ခဏာများ ဖြစ်ပွားလာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပို့ပြီး ထိရောက် တဲ့ ဆေးကုသမှုခံယူမှသာ မိမိပတ်ဝန်းကျင်မှာရှိတဲ့ အခြားသူ တွေကို ကူးစက်မှုမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ရောဂါဖြစ်ပွား နေတဲ့ ကလေးကို အခြားကလေးတွေနဲ့ ၁၄ ရက်အထိ သီးခြား ခွဲထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

ဒေါက်တာသန်းထွန်းအောင်
ဒုတိယညွှန်ကြားရေးမှူးချုပ် (သဘာဝဘေး/ကူးစက်)
မေး ။ ဝက်သက်ရောဂါ ဖြစ်ပွားသူတွေကို ဆေးဝါးကုသရေး
နဲ့ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးပေးပါဆရာ။
ဖြေ ။ ဝက်သက်ရောဂါဟာ နောက်ဆက်တွဲ ရောဂါလက္ခဏာ
တွေဖြစ်တဲ့ အဆုတ်ရောင်ခြင်း (နမိုးနီးယား)၊ ဝမ်းလျှောဝမ်းပျက်ဖြစ်ပွားခြင်း၊ ဦးနှောက်ရောင်ရမ်းခြင်း စတဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်ပွားတတ်ပြီး အသက်သေဆုံး နိုင်တဲ့အတွက် ကျွမ်းကျင်တဲ့ ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်း တွေနဲ့ ပြသပြီး ကျန်းမာရေးစောင့်ရှောက်မှုခံယူဖို့ အင်မတန် အရေးကြီးပါတယ်။
ဝက်သက်ရောဂါ ဖြစ်ပွားသူတွေကို Vitamin A ဆေးတိုက်ကျွေးခြင်း၊ အပြင်းဖျားနေတဲ့ ကလေးကို သတိလစ်ပြီး တက်မသွားစေဖို့အတွက် အဖျားဒီဂရီ ၁ဝ၃ အထက်ရှိရင် ရေခဲ ရည်နဲ့ တစ်ကိုယ်လုံးရေပတ်တိုက်ပေးခြင်း၊ ကောင်းစွာအနား ယူခြင်း၊ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာခြင်း၊ ရောဂါ ပြင်းထန်တဲ့ ကလေးများအား ဆေးရုံတက်ရောက်ကုသခြင်းတို့ ဆောင်ရွက်ဖို့လိုအပ်မှာဖြစ်တဲ့အတွက် မိဘများအနေနဲ့ မိမိတို့ရဲ့ ကလေးတွေကို အထက်ပါအတိုင်း ဆောင်ရွက်ဖို့ တိုက်တွန်း အပ်ပါတယ်။

မေး ။ ဝက်သက်ရောဂါ ကာကွယ်ရေးနဲ့ တုံ့ပြန်ရေးတွေမှာ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ယခင် က ထူးထူးခြားခြားဆောင်ရွက်ခဲ့တာရှိရင်လည်း ဆွေးနွေးပေးပါ ဆရာ။
ဖြေ ။ ဝက်သက်ရောဂါရဲ့ ထူးခြားချက်က ကာကွယ်ဆေးမထိုး
လိုက်ရဘဲ လွတ်သွားတဲ့ ကလေးတွေ နှစ်စဉ်များပြား လာရင် ဝက်သက်ရောဂါကပ်အသွင် ဖြစ်ပွားမှုတွေရှိလာတဲ့ အတွက် ၃ နှစ်မှ ၄ နှစ်အတွင်း တစ်ကြိမ် အစုလိုက်ကာကွယ် ဆေးထိုးလုပ်ငန်းအဖြစ် ၂ဝ၁၂ ခုနှစ် မတ်လအတွင်းမှာ နိုင်ငံ တစ်ဝန်းမှာရှိတဲ့ အသက် ကိုးလအရွယ်မှ ငါးနှစ်အထိ ကလေး ဦးရေ ခြောက်သိန်းလေးသောင်းကျော်ကို တစ်ချိန်တည်း တစ်ပြိုင်တည်း အစုလိုက် ဝက်သက်ရောဂါကာကွယ်ဆေးထိုးမှု တွေကို ဆောင်ရွက်ခဲ့တဲ့အတွက် လွှမ်းခြုံမှုရာခိုင်နှုန်း ၉၇ ရာခိုင်နှုန်းရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ၂ဝ၁၅ ခုနှစ်မှာ ဝက်သက်ကင်းစင် တဲ့ နိုင်ငံဖြစ်ဖို့အတွက် ပြည်သူ့ကျန်းမာရေးလှုပ်ရှားမှု တစ်ခု အဖြစ် ကျန်းမာရေးဝန်ကြီးဌာနက တစ်ချိန်တည်းတစ်ပြိုင် တည်းမှာ နိုင်ငံတစ်ဝန်းမှာရှိတဲ့ အသက် ၉ လမှ ၁၅ နှစ်အထိ ကလေးတစ်သန်းလေးသိန်းခန့်ကို အစုလိုက် ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးမှုတွေကို ပြုလုပ်နိုင်ခဲ့တဲ့အတွက် လွှမ်းခြုံမှု ရာခိုင်နှုန်း ၉၄ ရာခိုင်နှုန်းရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
၂ဝ၁၆ ခုနှစ် ဇွန်လဆန်းမှာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လဟယ်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဝက်သက်ရောဂါဖြစ်ပွားမှုကို လည်း အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပြီး တုံ့ပြန်ကာကွယ်ဆေးထိုး လုပ်ငန်းအပါအဝင် နာဂဒေသ ဘက်စုံကျန်းမာရေးဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲပြီး ဆောင်ရွက်ခဲ့ပါတယ်။

မေး ။ ဖြည့်စွက်ပြောကြား လိုတာများရှိရင်လည်း ပြောကြား
ပေးပါဆရာ။
ဖြေ ။ နောက်ဆုံးအနေနဲ့ ပြည်သူလူထုကို တိုက်တွန်းလိုတာ
က ဝက်သက်ရောဂါဟာ ကာကွယ်ဆေးနဲ့ ကာကွယ် လို့ရတဲ့ ရောဂါဖြစ်တဲ့အတွက် မိမိတို့ ရင်သွေးငယ်တွေကို အသက် ၉ လနဲ့ အသက် ၁၈ လတွေမှာ မပျက်မကွက် ထိုးနှံပေး ဖို့ တိုက်တွန်းလိုပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ဝက်သက် ရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးပညာပေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိတဲ့အတွက် ပညာပေးòန်ကြားချက်တွေ အတိုင်း လိုက်နာဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံအနေနဲ့ ၂ဝ၂ဝ ပြည့်နှစ်မှာ ဝက်သက်ရောဂါကင်းစင်အောင် ဆောင်ရွက် သွားနိုင်မှာဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment