မြန်မာ့အလင်းအယ်ဒီတာအာဘော်
ဗဟိုစာရင်းအင်းအဖွဲ့ (CSO) နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP) တို့
ပူးပေါင်းလျက် မြန်မာ့စီးပွားရေးလုပ်ငန်းစစ်တမ်း (၂ဝ၁၅) ကို
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူခဲ့ကြောင်း သိရှိရပါသည်။
မြန်မာ့စီးပွားရေးလုပ်ငန်းစစ်တမ်း (၂ဝ၁၅) ၏ ရည်ရွယ် ချက်များမှာ
မြန်မာနိုင်ငံ၏ပုဂ္ဂလိကကဏ္ဍနှင့်သက်ဆိုင်သော စီးပွားရေး စာရင်းအင်းများကို
ပြည့်စုံစွာ ပံ့ပိုးပေးနိုင်ရန်၊ အစိုးရမူဝါဒချမှတ်သူများ နှင့်
အစိုးရမဟုတ်သော ပါဝင်ပတ်သက်သူများအားလုံးကို သတင်း အချက်အလက်များ
ပံ့ပိုးပေးနိုင်ရန်နှင့် အမျိုးသားစာရင်းအင်းတွက်ချက် ရာတွင်
အဓိကကျသောအချက်အလက်ရင်းမြစ်တစ်ခုရရှိစေရန်တို့ ဖြစ်ပါသည်။ သို့ဖြစ်၍
မြန်မာ့စီးပွားရေးလုပ်ငန်းစစ်တမ်း(၂ဝ၁၅) သည် တိုင်းပြည်၏
အမျိုးသားရေးလိုအပ်ချက်ကိုဖြည့်ဆည်းရန် ရည်ရွယ် ဆောင်ရွက်ထားသည်မှာ
ထင်ရှားပါသည်။
စာရင်းအင်းအချက်အလက်တို့သည် တိုင်းပြည်၏ပကတိအခြေ အနေမှန်ကို မီးမောင်းထိုးတင်ပြနိုင်စွမ်းရှိသကဲ့သို့ နိုင်ငံတော်၏မူဝါဒ များကို ချမှတ်ရာတွင် လည်းကောင်း၊ တိုင်းပြည်၏ အားနည်းချက်တို့ ဖော်ထုတ်ရာတွင် လည်းကောင်း များစွာအသုံးဝင်ပါသည်။ အာရှပစိဖိတ် ဒေသ၏ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၌ပင် လူ ၁ဝဝဝ လျှင် စီးပွားရေးလုပ်ကိုင်သူအရေအတွက်သည် ကိုးရာခိုင်နှုန်းအထိ ရှိပါသည်။ သို့သော် မြန်မာနိုင်ငံ၌ အဆိုပါကိန်းဂဏန်းသည် ၂ ဒသမ ၄၆ ရာခိုင်နှုန်းသာ ရှိပါသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ စီးပွားရေးလုပ်ကိုင်မှု သည် အာရှပစိဖိတ်ဒေသ၏ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ ပျမ်းမျှစီးပွား ရေးလုပ်ငန်းလုပ်ကိုင်မှု၏ သုံးပုံတစ်ပုံခန့်သာရှိပါသည်။ ဤအချက်က မြန်မာနိုင်ငံ၌ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန် များစွာလိုအပ်နေသည်ကို ရှင်းရှင်းလင်းလင်းဖော်ပြ နေပါသည်။
မြန်မာ့စီးပွားရေးလုပ်ငန်းစစ်တမ်း (၂ဝ၁၅)၏ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စီးပွားရေးလုပ်ငန်းများပျံ့နှံ့တည်ရှိပုံကို လေ့လာပါက တိုင်းပြည်၏ လိုအပ်ချက်တစ်ရပ်အား ညွှန်ပြနေသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီး၌ စီးပွားရေးလုပ်ငန်းအရေအတွက် ၂၃ဝဝဝ ခန့်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာ၏ ၁၈ ရာခိုင်နှုန်းရှိပါသည်။ မန္တလေးတိုင်းဒေသကြီး၌ စီးပွားရေးလုပ်ငန်းအရေအတွက် ၁၉ဝဝဝ ခန့်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာ၏ ၁၅ ရာခိုင်နှုန်းရှိပါသည်။ သို့သော် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့၌ စီးပွားရေး လုပ်ငန်းအရေအတွက်မှာ ၁ဝဝဝ နှင့် ၂ဝဝဝ ကြားသာ ရှိပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့အပါအဝင် ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့၌ စီးပွားရေး လုပ်ငန်းအရေအတွက်သည် ၁ဝဝဝဝ ဝန်းကျင်ခန့်ရှိပါသည်။
တင်ပြလိုသည်မှာ နိုင်ငံတော်၏ တိုင်းဒေသကြီးများနှင့် ပြည်နယ် များ၌ စီးပွားရေးဖွံ့ဖြိုးမှုအဆင့်အတန်းကွာဟချက် ကြီးမားနေခြင်း ဖြစ်ပါသည်။ အထက်ဖော်ပြပါအချက်အလက်များကို လေ့လာရုံမျှဖြင့် မြန်မာ့စီးပွားရေးလုပ်ငန်းစစ်တမ်း (၂ဝ၁၅) သည် တိုင်းပြည်အတွက် မည်မျှအသုံးဝင်သည်မှာ ပေါ်လွင်ထင်ရှားနေသည်။ သို့ဖြစ်၍ မြန်မာ့ စီးပွားရေးလုပ်ငန်းစစ်တမ်း(၂ဝ၁၅) ကို ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆို ကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ ။

No comments:
Post a Comment