Saturday, February 25, 2017

သေနတ်သမားဖမ်းဆီးရမိရေးအတွက် ရဲရင့်သောပြည်သူတစ်ဦးအနေဖြင့် ကြိုးပမ်းအားထုတ်ရင်း အသက်ဆုံးရှုံးခဲ့သော ဦးနေဝင်းအား ဇန်နဝါရီလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်



နေပြည်တော် ဖေဖော်ဝါရီ ၂၄

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံသူ နိုင်ငံသားများ၊ ပရဟိတစေတနာရှင်များ လူမှုအသင်းအဖွဲ့များမှ လစဉ်ချီးကျူးဂုဏ်ပြုထိုက်သူများကိုရွေးချယ်၍ ''ပြည်သူသို့ကျေးဇူးတင်လွှာ'' ထုတ်ပြန်ပေးလျက်ရှိရာ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ဇန်နဝါရီ ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဧရိယာအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား သေနတ်သမားကြည်လင်းက လုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်တွင် သေနတ်သမားအား ဖမ်းဆီးရမိရေးအတွက် မိမိအသက်ကိုပဓာနမထားဘဲ စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့သည့် ဦးနေဝင်းကို ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ်ရွေးချယ်လိုက်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ဖေဖော်ဝါရီ ၂၃ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး
ပြည်သူသို့ကျေးဇူးတင်လွှာ
၁၃၇၈ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက်
(၂ဝ၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်)

၁။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် အဓိကလိုအပ်ချက်မှာ တိုင်းရင်းသားပြည်သူ များ၏ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုနှင့် ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုပင် ဖြစ်ပါသည်။ လုံခြုံအေးချမ်းတည်ငြိမ်သောလူ့ဘောင်ကို တည်ဆောက် နိုင်ရေးတွင် နိုင်ငံတော်အစိုးရ၊ လုံခြုံရေးအဖွဲ့အစည်းများသာမက အများပြည်သူပူးပေါင်းပါဝင်မှုတို့လည်း လိုအပ်မည် ဖြစ်ပါသည်။ တရားဥပဒေစိုးမိုးရေးသည် ရေရှည်တည်ဆောက်ကြိုးပမ်းရလေ့ရှိသောလုပ်ငန်းစဉ်တစ်ခုဖြစ်ရာ ရာဇဝတ်မှုများ လျော့နည်းကျဆင်းရေးနှင့် ပြည်သူများ၏ စာရိတ္တမဏ္ဍိုင်မြှင့်တင်ရေးကို ဒွန်တွဲဆောင်ရွက်သွားနိုင်ရန် အရေးကြီးလှပါသည်။ ဤသို့သောအချိန်အခါတွင် အများအကျိုးအတွက်၊ လုံခြုံအေးချမ်းတည်ငြိမ်သော လူ့ဘောင်တည်ဆောက်ရေးအတွက် ပြည်သူ ထဲမှ ပြည်သူတို့၏ စွန့်လွှတ်မှု၊ ရဲရင့်မှု၊ အနစ်နာခံမှုတို့သည် တန်ဖိုးမဖြတ်နိုင်သော လူမှုရေးရာ မီးရှူးတန်ဆောင်များဟု ဆိုနိုင် ပါသည်။

၂။ ၂ဝ၁၇ ခုနှစ်ဇန်နဝါရီလ ၂၉ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဧရိယာအတွင်း ပြန်ကြားရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီးဦးဖေမြင့် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့၏ အင်ဒို နီးရှားနိုင်ငံခရီးစဉ်အပြန်တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါသွားသော အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၏ဥပဒေအကြံပေးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား သေနတ်သမားကြည်လင်းက သေနတ်ဖြင့် အနီးကပ်လုပ်ကြံသတ်ဖြတ်မှုဖြစ်ပွား ခဲ့ပါသည်။

၃။ လုပ်ကြံသတ်ဖြတ်ပြီးနောက် ထွက်ပြေးသွားသည့် လူသတ်သမားအား လေဆိပ်အငှားယာဉ်ရပ်နားစခန်းအတွင်းရှိ အငှားယာဉ်မောင်းများနှင့် တာဝန်သိ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြပါသည်။ ထိုသို့ဖမ်းဆီးရာ သေနတ်ကိုင်ဆောင် ထားသည့် လူသတ်သမားအနီးသို့ အများစုက မချဉ်းကပ်ရဲသည့်အချိန်တွင် ဦးနေဝင်းသည် ရဲရဲရင့်ရင့်သတ္တိရှိစွာဖြင့် မိမိအသက်အန္တရာယ်ကိုမငဲ့ကွက်ဘဲ၊ အတူ ဝင်ရောက် ဖမ်းဆီးသူများ၏အော်ဟစ်သတိပေးနေသည့်ကြားမှ အနီးရှိအုတ်နီခဲအား ကောက်ယူ၍ လူသတ်သမားအားပစ်ပေါက်ခဲ့ရာ လူသတ်သမား၏ ဦးခေါင်းနောက်စေ့ ကို ထိမှန်ခဲ့ပါသည်။ အခြားသော ဝိုင်းဝန်းဖမ်းဆီးကြသူများမှာလည်း ဦးနေဝင်း၏သတ္တိရှိရှိဆောင်ရွက်မှုကြောင့် ပိုမို၍တက်ကြွလာခဲ့ပြီး သေနတ်သမားကြည်လင်း အား လက်ရဖမ်းဆီးနိုင်ရန်အားထုတ်ကြိုးပမ်းနိုင်ခဲ့ကြပါသည်။ သေနတ်သမား ကြည်လင်း၏ သေနတ်ဖြင့်နောက်ပြန်လှည့်၍ ပြန်လည်ပစ်ခတ်မှုကြောင့် ဦးနေဝင်း၏ ဆီးခုံအား ထိမှန်သွားခဲ့ရာ ဆေးရုံသို့အချိန်မီပို့ဆောင်ခဲ့သော်လည်း ဆေးရုံသို့ မရောက်မီ လမ်းခရီး၌ပင် ရရှိသည့်ဒဏ်ရာကြောင့် သေဆုံးခဲ့ရပါသည်။

၎။ ဦးနေဝင်း၏ဆောင်ရွက်ချက်သည် မိမိအသက်ကိုပဓာနမထားဘဲ မိမိ မျက်စိရှေ့မှောက်တွင်မြင်တွေ့လိုက်ရသည့် အခြေအနေအပေါ် ချက်ချင်းစဉ်းစား ဆုံးဖြတ်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်လုပ်ကြံသတ်ဖြတ်သည့်လုပ်ရပ်များ အား ပြည်သူများက ဆန့်ကျင်လာစေရန်နှိုးဆော်နိုင်ခဲ့သော လုပ်ဆောင်ချက်ဖြစ်ပါ သည်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းအားထုတ်မှုတွင် ဦးနေဝင်း၏ အသက်ကိုပေးဆပ်ခဲ့ရမှုကို အစဉ်အမြဲ သတိရ နေမည်ဖြစ်ပြီး ပြည်သူများအကြား ရန်လိုမုန်းတီးမှုများ လျော့နည်းကျဆင်းရေး၊ အကြမ်းဖက်မှုများဆန့်ကျင်ရေးအတွက်လည်း ကြီးမားသော တွန်းအားပေးမှု တစ်ရပ်ဖြစ်လာစေခဲ့ပါသည်။

၅။ သို့ဖြစ်၍ မိမိ၏အသက်ဘေးအန္တရာယ်ကို မငဲ့ကွက်ဘဲ သေနတ်သမားအား ဖမ်းဆီးရမိရေးအတွက် ရဲရင့်သောပြည်သူတစ်ဦးအနေဖြင့် ကြိုးပမ်းအားထုတ်ရင်း အသက်ဆုံးရှုံးခဲ့သော ဦးနေဝင်းအား ယခုနှစ်ဇန်နဝါရီလအတွက် ချီးကျူးဂုဏ်ပြု ထိုက်သူအဖြစ် ရွေးချယ်၍ ဤကျေးဇူးတင်လွှာကို ထုတ်ပြန်လိုက်ပါသည်။

၆။ နိုင်ငံသူ နိုင်ငံသားများအနေဖြင့်လည်း ဦးနေဝင်းကဲ့သို့ပင် ရဲရင့်ခြင်း၊ စွန့်လွှတ်ခြင်း၊ တာဝန်သိခြင်းတို့ပြည့်စုံသော ပြည်သူတစ်ယောက်အနေဖြင့် မြင့်မြတ် သော လုပ်ဆောင်ချက်၊ မတရားမှုကိုဆန့်ကျင်မှုတို့ဖြင့် နိုင်ငံသားကောင်းစိတ်ဓာတ် အရင်းခံ၍ အနာဂတ်နိုင်ငံ တည်ဆောက်ရေးတွင် ပူးပေါင်းပါဝင်ကူညီပေးကြခြင်း ဖြင့် အေးချမ်းတည်ငြိမ်လုံခြုံသော လူ့အဖွဲ့အစည်းကို တည်ဆောက်ပေးကြပါရန် မေတ္တာရပ်ခံလျက် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

အောင်ဆန်းစုကြည်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်

No comments:

Post a Comment