Saturday, February 25, 2017

မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိစ္စရပ်များဆွေးနွေး



 နေပြည်တော် ဖေဖော်ဝါရီ ၂၄

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ဆွီဒင်နိုင်ငံ Riksdag လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Urban Ahlin ဦးဆောင် သောကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။ 

  တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့ လွှတ်တော် စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ အဖွဲ့ဝင် ဒေါ်ဝင့်ဝါထွန်း၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီအဖွဲ့ဝင် ဒေါ်ယဉ်မင်းလှိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင် ဦးနေလင်းထွန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူ များတက်ရောက်ကြပြီး ဧည့်သည်တော်အဖွဲ့ နှင့်အတူ မြန်မာ နိုင်ငံဆိုင်ရာ ဆွီဒင်နိုင်ငံ သံအမတ်ကြီးံH.E. Mr. Staffan Herrstrom တက်ရောက်သည်။

ထိုသို့တွေ့ဆုံစဉ် ဆွီဒင် - မြန်မာ လွှတ်တော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စ ရပ်များ၊ လွှတ်တော်၏ဥပဒေပြုရေးနှင့် ဥပဒေရေးရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် လွှတ်တော်အဆောက်အအုံ၊ ထမင်းစား ခန်းမဆောင်၌ ဧည့်သည်တော် ဆွီဒင်နိုင်ငံ Riksdag လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံရာ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စု လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီအဖွဲ့ဝင်များနှင့် လွှတ်တော်ရုံး များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

နေ့လယ်စာစားပွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် က နှုတ်ခွန်းဆက်စကားပြောကြားပြီး ဧည့်သည်တော် ဆွီဒင် နိုင်ငံRiksdagါ လွှတ်တော်ဥက္ကဋ္ဌ က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။ (သတင်းစဉ်)

No comments:

Post a Comment