
နှစ်ဟောင်းကုန်၍ နှစ်သစ်တစ်နှစ်သို့ ကူးပြောင်းရောက်ရှိခဲ့ပြီဖြစ်သည်။ နှစ်သစ်တွင် စိတ်သစ်၊ ကိုယ်သစ်ဖြင့် ကောင်းမွန်သောဘဝများကို တည်ဆောက်ရန် လူတိုင်းလူတိုင်း၌ ဆန္ဒရှိကြမည်ဖြစ်သည်။ သို့ရာတွင် ပုထုဇဉ်လူသားများပီပီ သမုဒယကိလေသာကို ပါးလျားအောင် အားထုတ်ဖို့ ခဲယဉ်းမည်ဖြစ်သည်။ ထိုသို့ခဲယဉ်းသောကြောင့် လူ့ဘောင် လောကတွင် မငြိမ်းအေးနိုင်သောပဋိပက္ခများ အရှင်းမပြတ်သလို ရှင်သန်နေသည်ဟု ဆိုနိုင်သည်။
မျက်မှောက်လူ့ဘောင်လောကတွင် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့အမုန်းတရားများ ကြီးထွားလျက်ရှိသည်။ အခန့်မသင့်သော သာမန်အမှုကိစ္စငယ်များ၊ ဆန့်ကျင်ဘက်သဘောတရားငယ်များမှအစ အမြင်မတူ၊ အယူအဆကွဲလွဲပြီး ငါမှငါဟူသော ငါဟူသည့် မာန်မာနများ ကြီးထွားကာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ နောက်မဆုတ်တမ်း ပဋိပက္ခလမ်းသို့ တစ်သွားတည်းသွားနေသော ဒေါသမီးမှာ ငြှိမ်းသတ်ရန်ခက်လှသည်။
အမှန်တကယ်တွင် ဒုက္ခဆင်းရဲဖြစ်စေနိုင်သည့် ပဋိပက္ခများကို မည်သူမျှလိုလားမည်မဟုတ်ချေ။ မိမိတို့၏ လောဘ၊ ဒေါသ၊ မောဟများကို အရှင်းမသတ်နိုင်၍သာ သိလျက်နှင့် မိုက်နေခြင်းဖြစ်သည်။ ထို့ကြောင့် မိမိတို့၏ စိတ်နေစိတ်ထားများကို အကောင်းဘက်သို့ ရောက်အောင် ပြုပြင်အားထုတ်သင့်သည်။ လူသာဓုခေါ်၊ နတ်သာဓု ခေါ်နိုင်လောက်အောင် မိမိတို့၏စိတ်ထား ဖြူစင်ကောင်းမြတ်အောင် ပြုပြင်ထိုက်သည်။
သူတော်ကောင်းတို့ချီးမွမ်းဖွယ်၊ လူအများတို့အားကျဖွယ် မိမိစိတ်ကို ထိန်းသိမ်းစောင့်စည်းနိုင်အောင် ကျင့်ကြံအားထုတ်ခဲ့သည့် မိလိန္ဒ မင်းကြီး၏ အမူအကျင့်မှာ အတုယူစရာဖြစ်သည်။ လောကကိုပိုင်စိုး တော်မူသော မင်းဧကရာဇ်ပင်ဖြစ်သော်ငြားလည်း သူတော်ကောင်းတရားပွားများ မြင့်မြတ်သည့် အထက်တန်းစားသို့ရောက်အောင် အားထုတ်နိုင်မှုမှာ ထူးခြားသည့်ပါရမီကို ဖြည့်ဆည်းခြင်းပင်ဖြစ်သည်။
မိလိန္ဒမင်းကြီး၏ စောင့်စည်းပုံကား နံနက်စောစောအိပ်ရာထလျှင် ဝတ်ရိုးဝတ်စဉ် အဝတ်တန်ဆာကို မဝတ်ဆင်တော့ဘဲ ရဟန်းအသွင် မဟုတ်သော်လည်း ရဟန်းကဲ့သို့ စင်ကြယ်သောသဏ္ဌာန်ဖြင့် ရှစ်ပါးသော အချက်များကို ခုနစ်ရက်တာပတ်လုံး စွဲမြဲစွာဆောက်တည်ခဲ့သည်။
ယင်းရှစ်ပါးမှာ ခုနစ်ရက်အတွင်း မင်းကိစ္စကိုမပြုတော့ပြီ။ ရာဂစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။ ဒေါသစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။ မောဟစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။ ကျေးတော်၊ ကျွန်တော်၊ အလုပ်သမား၊ အမှုတော်ထမ်းများအပေါ်၌ စိတ်ကိုနှိမ်ချ၍ မာန်မာနမဖြစ်အောင် စောင့်စည်းမည်။ ကိုယ်မှု၊ နှုတ်မှုများ ထူးခြားစွာစောင့်စည်းမည်။ မြင်ရ၊ ကြားရ၊ တွေ့ရ၊ သိရသမျှသော အာရုံများအတွက် အကုသိုလ်မဖြစ်အောင် မျက်စိ၊ နားစသော ဣနြေ္ဒများကို စောင့်စည်းမည်။ သတ္တဝါအားလုံးတို့အပေါ်မှာ မေတ္တာစိတ်ထား မည်ဟူ၍ဖြစ်သည်။
မိလိန္ဒမင်းကြီး၏ စိတ်ပြုပြင်ပုံကိုအတုယူလျက် သူတော်ကောင်းဘက် အထက်တန်းသို့ရောက်လိုသော အမျိုးသား၊ အမျိုးသမီးတို့သည် မိမိတို့နေရာဌာနမှာပင် တစ်နေ့ တစ်ရက်၊ တစ်နံနက်စသည်ဖြင့် ရက်ပိုင်းခြား၍ မိမိသန္တာန်၌ ဖြစ်လေ့ရှိသော အကုသိုလ်စိတ်များ မဖြစ်ရလေအောင် တတ်နိုင်သမျှ မကြာမကြာ အထူးစောင့်စည်းသင့်သည်။ ဤသို့ စောင့်စည်းဖန်များလျှင် အကုသိုလ်စိတ်အထူးနည်းပါးသော သူတော်စင်အဖြစ်သို့ တက်ရောက်၍ သဒ္ဓါထူး၊ ပညာထူး ပေါ်ပေါက်လာလိမ့်မည်။ ရက်ပေါင်းအတော်ကြာအောင် နဂိုဖြစ်တတ်သော အကုသိုလ်စိတ်များ မဖြစ်ဘဲ ရှိပေလိမ့်မည်။
ဤလောကကြီးကို စိတ်သည် ဆောင်ကြဉ်းအပ်သည်။ ဤလောက ကြီးကို စိတ်သည် ဆွဲငင်အပ်သည်။ သတ္တဝါအားလုံးတို့သည် စိတ်တည်းဟူသော အလိုသို့လိုက်နေရသည်။ ထိုသို့လိုက်ရင်းလိုက်ရင်း ဒေါသ၊ လောဘ၊ မောဟတရားများဖိစီးကာ မလုပ်သင့်သောအလုပ်များ၊ မဖြစ်သင့်သော ပဋိပက္ခများဖြစ်ရသည်။ ယင်းသို့မဖြစ်အောင် ဤသို့ တတ်နိုင်သမျှ ကျင့်ကြံအားထုတ်သင့်သည်။
ဒုက္ခဆင်းရဲနှင့်နှလုံးမတွေ့ဖွယ် ပဋိပက္ခဟူသည် မကြုံတွေ့ချင်ဘဲ ကြုံတွေ့ရမည့်တရားများဖြစ်သည်။ ယင်းတို့ကို ရင်ဆိုင်နိုင်ရန်၊ ပါးလျားနိုင် ရန် မေတ္တာအခြေခံသောတရားများကို ပွားများအားထုတ်သင့်သည်။ ။
No comments:
Post a Comment