
ယာဗင်း ဇန်နဝါရီ ၎
အစ္စရေးနိုင်ငံရှိ နည်းပညာကုမ္ပဏီ တစ်ခုက သုတေသနပြုတည်ဆောက် လျက်ရှိသော ''မော်တော်ကားပျံ''ယာဉ် ကို ၂ဝ၂ဝ ပြည့်နှစ်ထက် နောက် မကျဘဲ ဈေးကွက်တင်ရောင်းချနိုင် မည်ဟုမျှော်လင့်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ဇန်နဝါရီ ၄ ရက်တွင် သတင်းထုတ်ပြန်သည်။
ကော်မိုရန့် ဟုအမည်ပေးထားသော မော်တော်ကားပျံကို ထုတ်လုပ်နိုင်ရန် မြို့ပြလေကြောင်းအာကာသနည်း ပညာကုမ္ပဏီက ၁၅ နှစ်ကြာ သုတေသနပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ယင်း မော်တော်ကားပျံကို နိုဝင်ဘာလအတွင်းက ပထမဆုံးအကြိမ် ခရီးစဉ်ပျံသန်းမှုကို အောင်မြင်စွာပြုလုပ် နိုင်ခဲ့ကြောင်း အဆိုပါကုမ္ပဏီ ထူထောင်သူနှင့် အမှုဆောင်အရာရှိ ချုပ် ရာဖီယိုလီက ရိုက်တာသတင်း ဌာနသို့ပြောကြားသည်။
ကော်မိုရန့်မော်တော်ကားပျံသည် ကီလို ၅ဝဝ (တန်တစ်ဝက်ခန့်မျှ) အလေးချိန်ကို သယ်ယူပို့ဆောင်ပေးနိုင်စွမ်းရှိပြီး တစ်နာရီလျှင် ၁၈၅ ကီလိုမီတာ(၁၁၅ မိုင်)နှုန်းဖြင့် ခရီးသွားလာနိုင်သည်။ မော်တော်ကားပျံ တစ်စင်းလျှင် ဒေါ်လာ ၁၄ သန်းခန့် တန်ဖိုးသတ်မှတ်ထားသည်။
မော်တော်ကားပျံသည် မောင်းနှင် အားအတွက် ရဟတ်ယာဉ်ပန်ကာများ အသုံးမပြုဘဲ ကိုယ်ထည်အတွင်း ဒလက်များကို အသုံးပြုကြောင်း၊ ဘေးအန္တရာယ်ရှိနေသော နယ်မြေဒေသ အတွင်းရှိ ပြည်သူများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနိုင်ပြီး စစ်ဘက် ဆိုင်ရာတပ်ဖွဲ့များက ဘေးအန္တရာယ် ပြွမ်းတီးသော နယ်မြေဒေသတစ်ခုသို့ မော်တော်ကားပျံအသုံးပြု၍ ဝင်ထွက်နိုင်မည်ဖြစ်ကြောင်း မြို့ပြလေကြောင်း အာကာသနည်းပညာကုမ္ပဏီ အကြီးအကဲယိုလီက ပြောကြားသည်။
ယိုလီသည် ၂ဝဝ၁ ခုနှစ်တွင် အစ္စရေးနိုင်ငံ အလယ်ပိုင်းယာဗင်း မြို့ရှိ လေယာဉ်ပျံသိုလှောင်ရုံ တစ်ရုံအား အခြေစိုက်ကာ မော်တော်ကားပျံ ထုတ်လုပ်ရေးစခန်းကို ဖွင့်လှစ်ခဲ့သည်။
မော်တော်ကားပျံသည် ရဟတ်ယာဉ်တစ်စင်းထက်ပိုမို၍ ဘေးအန္တရာယ်လုံခြုံမှုရှိကြောင်း၊ မောင်းသူမဲ့လေယာဉ်ကဲ့သို့ အဆောက်အအုံများကြားမှ ပျံသန်းနိုင်ပြီး လျှပ်စစ်ဓာတ်အားလိုင်းကြိုးများ အောက်ဘက်မှ ငုံ့လျှိုးပျံသန်းနိုင်ကြောင်း၊ ယာဉ်၏ပန်ကာ တပ်ဆင်ထားခြင်း မရှိသဖြင့် ပြင်ပအရာဝတ္ထုများနှင့် ဝင်ရောက်တိုက်မိမှုမရှိနိုင်ကြောင်း ယိုလီက ပြောကြားသည်။
ရိုက်တာ။
No comments:
Post a Comment