Thursday, January 5, 2017

အသက်ခန္ဓာကိုယ်ကို ပဓာနမထားဘဲ ကြံ့ခိုင်သည့် စိတ်ဓာတ်၊ စံတင်ထိုက်သည့် စွမ်းရည်၊ ဂုဏ်ယူထိုက်သည့်စွန့်စားခြင်းမျိုးဖြင့် ထူးထူးချွန်ချွန်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကျင်းပ




သီဟသူရ ဘွဲ့တံဆိပ်ရရှိသူတစ်ဦးနှင့်သူရဘွဲ့တံဆိပ်ရရှိသူ ၁၄ ဦးတို့အား ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်

Image may contain: 3 people, people standing, wedding and indoor
နေပြည်တော် ဇန်နဝါရီ ၎
ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သဘင်ဆောင်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်သည်။
ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်စုစုလွင်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်ဇနီး၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ ဘွဲ့တံဆိပ်ရရှိကြသူများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတက ယနေ့ပြုလုပ်သည့် အခမ်းအနားမှာ နိုင်ငံတော်တည်ဆောက်ရေးတွင် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ထူးထူးချွန်ချွန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးတာဝန်ကို မိမိကိုယ်ကျိုးကို မငဲ့ကွက်ဘဲ ရဲဝံ့စွန့်စားစွာ ကြိုးပမ်းထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းမည့် ထူးခြားလေးနက်သော အခမ်းအနားပင်ဖြစ်ပါကြောင်း။
ယခုလို ထူးခြားလေးနက်သည့် အခမ်းအနားကို မိမိတို့ မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် လွတ်လပ်ရေးနေ့ အခါသမယတွင် ကျင်းပခြင်းဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံ၏ လွတ်လပ်ရေး ပြန်လည်ရရှိရန် အသက်၊ သွေး၊ ချွေးပေါင်းများစွာ ရင်းနှီးပြီး နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြရပါကြောင်း၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုအောက်တွင် မြန်မာတစ်မျိုးသားလုံး ဇွဲ၊ လုံ့လ၊ သတ္တိအပြည့်ဖြင့် ညီညီညွတ်ညွတ် ကြိုးစားခဲ့သည့်အတွက် လွတ်လပ်ရေးကို အရယူနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း။
အမျိုးသားခေါင်းဆောင်ကြီးများနှင့် ဘိုးဘေးဘီဘင်များ စွန့်လွှတ်စွန့်စား အားထုတ်ကြိုးပမ်းရယူခဲ့ရသည့် မြန်မာ့လွတ်လပ်ရေးကို ကမ္ဘာတည်သရွေ့ အစဉ်ထာဝရ တည်တံ့စေရန်အတွက် လွတ်လပ်ရေးအရယူခဲ့သည့် အချိန်ကကဲ့သို့ မြန်မာတစ်မျိုးသားလုံး ညီညီညွတ်ညွတ် လက်တွဲကာကွယ်စောင့်ရှောက် ကြရမည်ဖြစ်ပါကြောင်း၊ (၆၉)နှစ်တိုင်ခဲ့ပြီဖြစ်သည့် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရန်နှင့် လွတ်လပ်သည့် နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည့် တာဝန်သည် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး၏ တာဝန်ပင်ဖြစ်ပါကြောင်း။
ယခုလို တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုဖြစ်စေရန် ရည်မှန်းချက်ထားပြီး ဘက်စုံထောင့်စုံက တည်ဆောက်ရာတွင် နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးတာဝန်များတွင် တိုင်းကျိုးပြည်ကျိုးကို အများထက် ထူးကဲသာလွန်စွာ ထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ ဂုဏ်ပြုချီးမြှင့်ခြင်းသည် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းဆိုသည့် မင်္ဂလာတစ်ပါးပင်ဖြစ်ပါကြောင်း။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် မိမိတို့၏ အသက်ခန္ဓာကိုယ်ကို ပဓာနမထားဘဲ ကြံ့ခိုင်သည့် စိတ်ဓာတ်၊ စံတင်ထိုက်သည့် စွမ်းရည်၊ ဂုဏ်ယူထိုက်သည့် စွန့်စားခြင်းမျိုးဖြင့် ထူးထူးချွန်ချွန်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့၏ ထောက်ခံတင်ပြချက်အရ ယခုလိုဂုဏ်ပြုချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကျင်းပပြီး သီဟသူရဘွဲ့တံဆိပ်ရရှိသူတစ်ဦးနှင့် သူရဘွဲ့တံဆိပ် ရရှိသူ ၁၄ ဦးတို့အား ဂုဏ်ယူစွာဖြင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ပါကြောင်း။
ယနေ့ ရရှိခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင်တံဆိပ်များသည် မိမိတို့ဖြတ်သန်းခဲ့ရသည့် ခက်ခဲကြမ်းတမ်းသည့်ဘဝကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြသည့် မိမိတို့၏စွမ်းဆောင်ရည်များကို နိုင်ငံတော်က မှတ်ကျောက်တင်ခြင်းခံရသည့် သင်္ကေတအမှတ်အသားတစ်ခုဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားကို ကိုယ်တိုင်တက်ရောက်ခြင်းမပြုနိုင်တော့သည့် ပုဂ္ဂိုလ် များအနေဖြင့်လည်း သားစဉ်မြေးဆက်ဂုဏ်ယူစရာပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော် နှင့်ပြည်သူကိုယ်စားလေးစားဂုဏ်ယူပါသည်ဟုလည်း အလေးအနက် ပြောကြား လိုပါကြောင်း။
ဂုဏ်ပြုချီးမြှင့်ထိုက်သူကို ဂုဏ်ပြုချီးမြှင့်ခြင်းသည် မင်္ဂလာတရားတော်နှင့် အညီဆောင်ရွက်ခြင်းဖြစ်ပြီး မိမိတို့၏ ဘဝတစ်သက်တာအတွင်း တိုင်းပြည်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို ထိုက်ထိုက်တန်တန် မှတ်တမ်းတင် ဂုဏ်ပြုချီးမြှင့်ခြင်း ခံရခြင်းဖြစ်ပါကြောင်းနှင့် ဆက်လက်ပြီး နိုင်ငံတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊ အေးချမ်းသာယာရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမျိုးစွဲ၊ ဝါဒစွဲမထားဘဲ၊ စိတ်ဝမ်းမကွဲကြဘဲ သမိုင်းကြောင်းအစဉ် အလာကို ဆက်လက်ထိန်းသိမ်းရင်း မိမိတို့နိုင်ငံ၊ မိမိတို့၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြပါ၊ မိမိတို့၏ သားစဉ်မြေးဆက်များကိုပါ မိမိတို့လို ကြိုးပမ်းဆောင်ရွက်စေရန် စံနမူနာကောင်းများ လက်ဆင့်ကမ်းပေးကြပါဟု တိုက်တွန်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ၂ဝ၁၆ ခုနှစ်တွင် ချီးမြှင့်အပ်နှင်းခဲ့သော တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဘွဲ့ဖြစ်သည့် သီဟသူရဘွဲ့ရရှိသူ အမှတ် (၁ဝ၉) ခြေမြန်တပ်ရင်းမှ ကြည်း-၅၃ဝ၉၈ ဗိုလ်ကြီးစွမ်းရည်အောင် (ကျဆုံး)ကိုယ်စား ဖခင်ဖြစ်သူ ဦးခင်မောင်ဝင်း၊ သူရဘွဲ့ရရှိကြသည့် အမှတ်(၄)ခြေလျင်တပ်ရင်းမှ ကြည်း-၃၁၄၈ဝ ဒုတိယဗိုလ်မှူးကြီးဇော်မျိုး (ကျဆုံး)ကိုယ်စား ဇနီးဖြစ်သူဒေါ်နွဲ့ရီဝင်း၊ အမှတ်(၆)ခြေမြန်တပ်ရင်းမှ ကြည်း-၃၄၂၂၇ ဗိုလ်မှူးရာဇာမင်းထွန်း (ကျဆုံး)ကိုယ်စား ဇနီးဖြစ်သူဒေါ်နှင်းပွင့်ဟန်၊ အမှတ် (၁)ခြေလျင်တပ်ရင်းမှ ကြည်း-၃၈၃၂၆ ဗိုလ်ကြီးနေလဝင်း (ကျဆုံး)ကိုယ်စား ဇနီးဖြစ်သူ ဒေါ်မြိုင်၊ အမှတ်(၁၁)ခြေလျင်တပ်ရင်းမှ ကြည်း -၄၂၆၆၇ ဗိုလ်ကြီး မင်းအောင်၊ အမှတ်(၄)ခြေလျင်တပ်ရင်းမှ ကြည်း-၄၆၉၄၇ ဗိုလ်ကြီး ငြိမ်းချမ်းကျော် (ကျဆုံး)ကိုယ်စား ဖခင်ဖြစ်သူဦးမျိုးဝင်း၊ တပ်မတော်ကြည်းဗိုလ် သင်တန်းကျောင်း(ဗထူး)မှ ကြည်း-၅၄၅၆၁ ဗိုလ်ကြီးစိုးညွန့်နိုင်၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (စစ်တွေ)မှ ကြည်း-၅၅၇ဝ၄ ဗိုလ်ကြီးရန်ကျော်၊ စစ်တက္ကသိုလ်မှ ကြည်း-၆ဝ၇၇၃ ဗိုလ်ကြီးသက်ခိုင်၊ အမှတ်(၉)ခြေမြန်တပ်ရင်းမှ ကြည်း-၆၁၆၉ဝ ဗိုလ်ကြီးပြည့်စုံအောင်၊ အမှတ်(၁ဝ၉) ခြေမြန်တပ်ရင်းမှ ကိုယ်ပိုင် အမှတ်-၅၉၇၃၈၅ ဒုတိယအရာခံဗိုလ်ဝင်းနိုင်(ကျဆုံး) ကိုယ်စား ဇနီးဖြစ်သူ ဒေါ်မိမိစန်း၊ အမှတ်(၆) ခြေမြန်တပ်ရင်းမှ တ/၃၂၇၁၁၁ ဒုတိယတပ်ကြပ် လှအေး (ကျဆုံး)ကိုယ်စား အစ်ကိုဖြစ်သူ ဦးလှမျိုး၊ အမှတ်(၁၁၉) ခြေမြန် တပ်ရင်းမှ တ/၃၇၂၃၃၅ ဒုတိယတပ်ကြပ်ရဲဇော် (ကျဆုံး) ကိုယ်စား ဇနီးဖြစ်သူ ဒေါ်ဇီးဖြူမ၊ အမှတ်(၄) ခြေလျင်တပ်ရင်းမှ တ/၄ဝ၄ဝဝ၉ ဒုတိယတပ်ကြပ် နေမင်း (ကျဆုံး)ကိုယ်စား မိခင်ဖြစ်သူဒေါ်သန်းမြင့်၊ အမှတ်(၁၁)ခြေလျင် တပ်ရင်းမှ တ/၄၇၇၂၁၅ ဒုတိယတပ်ကြပ်ပိုးလေးတို့အား ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် သီဟသူရဘွဲ့၊ သူရဘွဲ့ရရှိသူများ နှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ယနေ့အခမ်းအနားတွင် သီဟသူရဘွဲ့တံဆိပ်ရရှိသူတစ်ဦးနှင့် သူရ ဘွဲ့တံဆိပ်ရရှိသူ ၁၄ ဦးတို့အား ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment