Thursday, January 5, 2017

အင်ဒိုနီးရှားနိုင်ငံက ရခိုင်ပြည်နယ်ရှိ နှစ်ဖက်လူ့အဖွဲ့အစည်းများအတွက် လုံချည်၊ အဝတ်အထည်၊ ခေါက်ဆွဲခြောက်နှင့် ကလေးများအတွက် အစားအသောက်များပါသည့် ကွန်တိန်နာ ၁ဝ လုံး ပေးပို့မည်



Image may contain: 2 people, people sitting
နေပြည်တော် ဇန်နဝါရီ ၎
''အင်ဒိုနီးရှားနိုင်ငံက ရခိုင်ပြည်နယ်မှာရှိတဲ့ အကူအညီ လိုအပ်နေတဲ့သူတွေကို အကူအညီပေးဖို့ လုံချည်၊ အဝတ် အထည်၊ ခေါက်ဆွဲခြောက်နဲ့ ကလေးငယ်တွေအတွက် အစားအသောက်တွေပါတဲ့ ကွန်တိန်နာ ၁ဝ လုံးကို ပို့ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးရဲ့ အစီရင်ခံစာအရ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က ကွန်တိန်နာ လေးလုံး ပထမဦးဆုံးသင်္ဘောတင်တဲ့ အခမ်းအနားကို တန်ဂျုံပရီးယော့ (TANJUMGPRIOK) ဆိပ်ကမ်းမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်''ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက ပြောသည်။
ရခိုင်ပြည်နယ်ရှိ အကူအညီလိုအပ်နေသည့်သူများအား အင်ဒိုနီးရှားနိုင်ငံမှ အကူအညီအထောက်အပံ့ ပေးအပ်မည့် အစီအစဉ်သည် တရားဝင်သံတမန် လမ်းကြောင်းမှ တရားဝင်ဆက်သွယ် အဆိုပြုချက်များအပေါ် အခြေပြုပြီး မြန်မာ-အင်ဒိုနီးရှား နှစ်နိုင်ငံ အစိုးရနှစ်ရပ်အကြား ညှိနှိုင်းဆောင်ရွက်သည့် အစီအမံတစ်ခုဖြစ်ကြောင်း သိရသည်။
ဦးကျော်မိုးထွန်းက ''ကွန်တိန်နာလေးလုံး ပထမဦးဆုံး သင်္ဘောတင်တဲ့ အခမ်းအနားကို အင်ဒိုနီးရှားနိုင်ငံ သမ္မတနဲ့ မြန်မာသံအမတ်ကြီး ဦးအောင်ထူးတို့ တက်ရောက်တယ်လို့ သိရပါတယ်။ အဲဒီကွန်တိန်နာ လေးလုံးဟာ ဇန်နဝါရီ ၁၁ ရက်လောက်မှာ ရန်ကုန်ဆိပ်ကမ်းကို ရောက်မယ်လို့ သိရပါတယ်။ ဒီပစ္စည်းတွေ ရောက်ရင်လည်း ရခိုင်ပြည်နယ်မှာရှိတဲ့ နှစ်ဖက်လူ့အဖွဲ့အစည်းတွေဆီကို လှူဒါန်းတဲ့နေရာမှာ မြန်မာနိုင်ငံနဲ့အင်ဒိုနီးရှားနိုင်ငံ အစိုးရနှစ်ရပ် ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။''
''ပစ္စည်းတွေ ရန်ကုန်ဆိပ်ကမ်းကို ရောက်တဲ့အခါ အင်ဒိုနီးရှားအစိုးရက မြန်မာအစိုးရကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ တရားဝင်သံတမန်လမ်းကြောင်းကနေပြီး အဆိုပြုချက်များအပေါ်အခြေပြုပြီး ပစ္စည်းတွေ လှူဒါန်းတဲ့အခါမှာလည်း မြန်မာအစိုးရ အစီအစဉ်နဲ့ဖြန့်ဝေသွားမှာဖြစ်ပါတယ်။ ဒီလိုချဉ်းကပ်ဆောင်ရွက်မှုများကိုလည်း မြန်မာအစိုးရက ကြိုဆိုပါတယ်''ဟု ပြောသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျကလည်း ''ရခိုင်ပြည်နယ်မှာရှိတဲ့ လူ့အဖွဲ့ အစည်းနှစ်ခုကို အင်ဒိုနီးရှားနိုင်ငံက ထောက်ပံ့ရေး ပစ္စည်းတွေ ထောက်ပံ့ပေးဖို့ ကမ်းလှမ်းတာ မှန်ပါတယ်။ ပြီးခဲ့တဲ့ လကုန်လောက်ကတည်းက ကမ်းလှမ်းတာပါ။ နှစ်ဖက် အစိုးရအနေနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်သွားမှာပါ။ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်၊ ၂၃ ရက်လောက်က နှုတ်နဲ့ကမ်းလှမ်းခဲ့ပါတယ်။ ပြီးတော့ စာနဲ့ တရားဝင်ပေးပို့ လာပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများနဲ့ စီးပွားရေးဦးစီးဌာနက ဆက်လက်ဆောင်ရွက်နေပါတယ်''ဟု ပြောကြားသည်။
အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက''မလေးရှား သင်္ဘော လာမယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစပိုင်းကတော့ ဒီမှာရှိတဲ့ သံအမတ်ကြီးက မေးတာပေါ့။ သူလည်း အတိအကျတော့မသိဘူး။ ထောက်ပံ့ရေးပစ္စည်းတွေ လာမယ်ဆိုရင် အသိုင်းအဝိုင်း နှစ်ခုစလုံးကို မျှမျှတတလုပ်ဖို့ ပြောခဲ့ပါတယ်။ ကနဦးမေးကတည်းက တရားဝင်လည်း မလာတော့ ကျွန်တော်တို့ဘက်က နောက်ထပ် မမေးတော့ဘူး။ ပြောရမယ်ဆိုရင် မလေးရှားအစိုးရပိုင်းက တရားဝင် ကမ်းလှမ်းလာတာ တစ်ခုမှ မရှိသေးပါဘူး။''
''နောက်ပိုင်း ကြားနေရတာတွေက သူတို့ ပထမ သင်္ဘောနှစ်စင်းလာမယ် ဆိုတယ်။ နောက်တော့ တစ်စင်းက မလာတော့ဘူးလည်း ကြားတယ်။ ဒါတွေက ကြားရတဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။ သူတို့နဲ့ ကျွန်တော်တို့ကြားမှာ တရားဝင် တစ်ခါမှ ပြောလာတာ မရှိပါဘူး''ဟု ပြောသည်။
ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းကလည်း ''မလေးရှားနိုင်ငံက လာမယ့် သင်္ဘောကိစ္စနဲ့ ပတ်သက်လို့ မလေးရှားသံအမတ်ကြီးက နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဆီ ဖုန်းနဲ့ဆက်သွယ်ပြီး ပစ္စည်းတွေ လာဖို့အစီအမံတွေ ရှိတယ်လို့ ပြောပါတယ်။ အဲဒီလို ပြောတဲ့အခါ အမြဲတမ်းအတွင်းဝန်က သံတမန်လမ်းကြောင်းအတိုင်း တရားဝင်စာနဲ့ အကြောင်းကြားပေးဖို့ ပြောခဲ့တယ်။ ဒီနေ့အထိတော့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကွာလာလမ်ပူမှာရှိတဲ့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ကို မလေးရှားအစိုးရအနေနဲ့ရော၊ အခြားအဖွဲ့အစည်းတွေ အနေနဲ့ရော အကြောင်းကြားထားတာမျိုး အခုအချိန်ထိ မရှိသေးပါဘူး''ဟု ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ကုလသမဂ္ဂအေဂျင်စီများနှင့် ပူးပေါင်းပြီး ရခိုင်ပြည်နယ်ရှိ နှစ်ဖက်လူ့အဖွဲ့အစည်းများထံ ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိသည်။
၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်က ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘော ဆွေးနွေးပွဲတွင် အာဆီယံနိုင်ငံများက လူသားချင်း စာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးအကူအညီများ ပံ့ပိုးပေးရန် အသင့်ရှိကြောင်း ပြောကြားခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအစိုးရအနေဖြင့်လည်း လိုအပ်သော လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲမှ ဆွေးနွေးချက်များကို အကောင်အထည်ဖော်သည့်အနေဖြင့် အင်ဒိုနီးရှားနိုင်ငံက ယခုကဲ့ သို့ တရားဝင် သံတမန်လမ်းကြောင်းမှ ဆက်သွယ်အဆိုပြု ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ နှစ်ဖက်လူ့အဖွဲ့အစည်းများအတွက် လုံချည်၊ အဝတ်အထည်၊ ခေါက်ဆွဲခြောက်နှင့် ကလေးငယ်များအတွက် အစားအသောက်များပါသည့် ကွန်တိန်နာ ၁ဝ လုံးကို အင်ဒိုနီးရှားနိုင်ငံမှ ပေးပို့သွားမည် ဖြစ်ကြောင်း သိရှိရသည်။
မျိုးမြင့် (သတင်းစဉ်)၊
ထွန်းဝင်းနိုင် (သတင်းစဉ်)

No comments:

Post a Comment