နေပြည်တော် သြဂုတ် ၃
ILO အဖွဲ့ဝင်နိုင်ငံများအလိုက် အတည်ပြုလိုက်နာထားသည့် ILO ပြဋ္ဌာန်းချက် (Convention)များကို မဖြစ်မနေ လိုက်နာအကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့၏ လူ့အခွင့်အရေးနှင့် ဆက်နွှယ်သည့် ပြဋ္ဌာန်းချက် (၈) ခု အနက် တစ်ခုအပါအဝင်ဖြစ်သည့် အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် -၂၉(၁၉၃ဝ)ကို ၁၉၅၅ ခုနှစ်တွင် စတင်လက်ခံကျင့်သုံးခဲ့ပါကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့တွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် -၂၉(၁၉၃ဝ) ၏ နောက်ဆက်တွဲစာချုပ်နှင့် အဓမ္မခိုင်းစေမှု ပပျောက်ရေးအတွက် နောက်ဆက်တွဲ လုပ်ငန်းစဉ်များဆိုင်ရာ တိုက်တွန်းချက်အမှတ် -၂ဝ၃ တို့အား မှတ်တမ်းတင်နိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အတည်ပြုထားသည့် ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်းသည့်တိုက်တွန်းချက်များကို ပြဋ္ဌာန်းချက် အကောင်အထည်ဖော်ရာတွင် လမ်းညွှန် အဖြစ်အသုံးပြုရမည်ဖြစ်ကြောင်း၊ ၂ဝ၁၄ ခုနှစ်တွင် ကျင်းပခဲ့သည့် (၁ဝ၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံက အဓမ္မခိုင်းစေမှု ပြဋ္ဌာန်းချက်အမှတ် -၂၉(၁၉၃ဝ)ကို အကောင်အထည်ဖော်ရာ၌ လစ်ဟာမှုများတွေ့ရှိရ၍ ဆောင်ရွက်ချက်များ ထပ်မံဖြည့်စွက်ရန် လိုအပ်လာသည်ကို သတိပြုမိသည်ဟုဆိုကာ အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ်-၂၉ (၁၉၃ဝ)၏ နောက်ဆက်တွဲစာချုပ်နှင့် အဓမ္မခိုင်းစေမှုပပျောက်ရေးအတွက် နောက်ဆက်တွဲ လုပ်ငန်းစဉ်များဆိုင်ရာ တိုက်တွန်းချက်အမှတ်-၂ဝ၃ တို့ကို အတည်ပြုချမှတ်ခဲ့ပါကြောင်း။
တိုက်တွန်းချက်အမှတ်-၂ဝ၃ သည် အတည်ပြုဝင်ရောက်ထားသည့် အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ်-၂၉ (၁၉၃ဝ)ကို အကောင်အထည် ဖော်ရာတွင် လမ်းညွှန်အဖြစ်အသုံးပြုနိုင်ရေးအတွက်သာဖြစ်ပြီး အတည်ပြု ဝင်ရောက်ရန်မလိုအပ်ကြောင်း တိုက်တွန်းချက်အမှတ်-၂ဝ၃ ကို ဥပဒေပြုရေး ဆောင်ရွက်ရာ (သို့မဟုတ်) အခြားကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် လွှတ်တော်၌ မှတ်တမ်းတင်ရမည်ဖြစ်ပြီး မှတ်တမ်းတင်ပြီးကြောင်းကို ILO သို့ အကြောင်းပြန်ကြားရမည်ဖြစ်ကြောင်း ပြောသည်။
ထို့အတူ အတည်ပြုချမှတ်ခဲ့သည့် နောက်ဆက်တွဲစာချုပ်တွင် အဓမ္မခိုင်း စေမှုများကို တားဆီးတိုက်ဖျက်ရေး၊ လျော်ကြေးပေးခြင်းကဲ့သို့သော ထိရောက်သည့် နည်းလမ်းဖြင့် အကာအကွယ်ပြုရေး၊ အဓမ္မခိုင်းစေမှုကျူးလွန်သူများအား အပြစ်ပေးအရေးယူနိုင်မည့် ထိရောက်သောအစီအစဉ်များနှင့် အဓမ္မခိုင်းစေမှု ကို ကာကွယ်တားဆီးနိုင်ရေးအတွက် လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင် ရွက်ရေး၊ အဖွဲ့ဝင်နိုင်ငံတိုင်းသည် အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်ပြီး အဓမ္မခိုင်းစေမှု တိုက်ဖျက်ရေးအတွက် နိုင်ငံတော်မူဝါဒနှင့် လုပ်ငန်းအစီအစဉ်တစ်ရပ်ရေးဆွဲရေးတို့ကို ဖော်ပြထားပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ်-၂၉ (၁၉၃ဝ) ကို အတည်ပြုဝင်ရောက်ခဲ့ပြီး အဓမ္မခိုင်းစေမှုပပျောက်ရေးကို ဆောင်ရွက်လျက်ရှိရာ နောက်ဆက်တွဲစာချုပ်သို့ အတည်ပြုဝင်ရောက်ခြင်း မပြုသေးဘဲ လွှတ်တော်သို့တင်သွင်းမှတ်တမ်းတင်ပြီး ILO သို့ အကြောင်း ပြန်ကြားရမည်ဖြစ်ကြောင်း။
(၁ဝ၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ ညီလာခံက အတည်ပြုချမှတ်ခဲ့သည့် အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ်-၂၉ ၏ နောက်ဆက်တွဲ စာချုပ်နှင့် တိုက်တွန်းချက်အမှတ်-၂ဝ၃ တို့ကှိုူဥ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ တာဝန်ရှိမှုအနေဖြင့် မှတ်တမ်းတင်ပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းဆွေးနွေးရာ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က နိုင်ငံတော်သမ္မတထံမှပေးပို့သည့် အာဆီယံ-အိန္ဒိယဗဟိုဌာနတည်ထောင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ၌ မြန်မာနိုင်ငံ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုလွှတ်တော်နာယက က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
(သတင်းစဉ်)

No comments:
Post a Comment