
ရန်ကုန် သြဂုတ် ၃
ရန်ကုန်မြို့တွင် အများပြည်သူ ဘတ်စ်ကားလိုင်းစနစ် ပြုပြင်ပြောင်းလဲရန်ဆောင်ရွက်နေမှုတွင် အများပိုင်ဘတ်စ်ကား လိုင်းပြေးဆွဲမည့်ကုမ္ပဏီများအနေဖြင့် အနိမ့်ဆုံး ၂ဝဝ၆ မော်ဒယ် ဘတ်စ်ကားများကို အသုံးပြုရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းများအနေဖြင့် လက်ရှိရန်ကုန်မြို့တွင် BRT Lite ဘတ်စ်ကားလိုင်းပြေးဆွဲနေသော ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီကဲ့သို့ အများပိုင်စနစ်ဖြင့် ဆောင်ရွက်ရန် ပြင်ဆင်နေမှုတွင် သုံးစွဲရမည့် ဘတ်စ်ကားမော်ဒယ်အမျိုးအစားကို အနိမ့်ဆုံး ၂ဝဝ၆ ခုနှစ်ထုတ် ယာဉ်များကို အသုံးပြုသွားရန် ဆုံးဖြတ်ခဲ့ကြောင်း အဆိုပါအဖွဲ့၏ ယနေ့ကျင်းပခဲ့သော အစည်းအဝေးပွဲအပြီးတွင် သိရသည်။
''အများပိုင်ဘတ်စ်ကားကုမ္ပဏီလုပ်ဖို့ လာတင်ပြထားတာ အခုဆိုရင် ကုမ္ပဏီ ၁ဝ ခုလောက်တော့ရှိပြီ။ အမြန်ဆုံး ဆောင်ရွက်နိုင်အောင် ပြင်ဆင်နေကြပါတယ်။ အခုနောက်ပိုင်းဖွဲ့မယ့် ကုမ္ပဏီတွေအနေနဲ့ ၂ဝဝ၆ မော်ဒယ်ဘတ်စ်ကားတွေ သုံးရမယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲကွန်းကောင်းရမယ်။ ကားဥပဓိရုပ် ကောင်းရမယ်''ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။
အများပိုင်ဘတ်စ်ကားလိုင်းကုမ္ပဏီများအတွက် ယာဉ်အမျိုးအစား မော်ဒယ်သတ်မှတ်ချက် ဆောင်ရွက်ခြင်းတွင် ရင်းနှီးမြှုပ်နှံမည့် စီးပွားရေး လုပ်ငန်းရှင်များ၊ ယာဉ်ပိုင်ရှင်များ အဆင်ပြေစေရန်အတွက်ကိုလည်း ဘဏ်စနစ်ဖြင့် အရစ်ကျ ယာဉ်ဝယ်ယူနိုင်ရေးကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာမောင်အောင်က ပြောသည်။
လက်ရှိ မြို့တွင်းဘတ်စ်ကားလိုင်းများ၊ တစ်ဦးတစ်ယောက်ချင်းပိုင် မော်တော်ယာဉ်များအနေဖြင့်လည်း အများပိုင်ဘတ်စ်ကားလိုင်းကုမ္ပဏီများတွင် ပါဝင်ဆောင်ရွက်နိုင်ပြီး သတ်မှတ်ထားသော ယာဉ်များဖြင့် ပြေးဆွဲဆောင်ရွက်ရမည်ဖြစ်သည်။ ယင်းမှာ ရန်ကုန်မြို့၏ ယိုယွင်းနေသော ဘတ်စ်ကားလိုင်းစနစ်ကို ပြင်ဆင်နိုင်ရေးနှင့် ယာဉ်များ၊ လမ်းကြောင်းများ စနစ်တကျဖြစ်စေရေးအတွက် ဆောင်ရွက်သွားမည်ဟု သိရသည်။ ယင်းအတွက် လက်ရှိယာဉ်ဟောင်းများကို ရန်ကုန်တိုင်းဒေသကြီးပြင်ပသို့ ရောင်းချနိုင်ရန် ခွင့်ပြုပေးမည်ဖြစ်ပြီး ယာဉ်အသစ်များ အစားထိုးနိုင်ရန်အတွက် ဘဏ်နှင့်ချိတ်ဆက်ကာ သုံးနှစ်အတွင်း အရစ်ကျပေးချေမှုစနစ်ဖြင့် ဝယ်ယူနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု အဆိုပါအဖွဲ့မှ သိရသည်။ ယာဉ်ပိုင်ရှင်များအနေဖြင့်လည်း ယာဉ်အသစ် အစားထိုးဝယ်ယူမှုတွင် အများပြည်သူသုံး ယာဉ်များအတွက် အခွန်လျှော့ချပေးရန်၊ အရစ်ကျပေးချေမှုတွင် နှစ်တိုးဆောင်ရွက်ပေးရန်တို့ကိုလည်း လိုလားမှုများရှိနေသည်ဟု ယာဉ်ပိုင်ရှင်များထံမှ သိရသည်။
(ဆုနှင်းလဲ့)
No comments:
Post a Comment