မန္တလေး သြဂုတ် ၂
၂ဝ၁၆ အာဆီယံ အမျိုးသမီးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲများကို ယနေ့ညနေပိုင်းက မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပသည်။
ဗီယက်နမ် - ရှစ်ဂိုး
မြန်မာ - ခုနစ်ဂိုး
မိနစ် ၁၂ဝ ပြည့်သည်အထိ သုံးဂိုးစီသရေကျနေ၍ ပင်နယ်တီဖြင့် ဆုံးဖြတ်ခဲ့ရပြီး မြန်မာ အသင်းမှာ ငါးဂိုး-လေးဂိုး စုစုပေါင်းဂိုးရလဒ် ရှစ်ဂိုး-ခုနစ်ဂိုးဖြင့် ရှုံးနိမ့်ပြီး ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ရသည်။ မြန်မာအသင်းသည် ပထမပိုင်းတွင် နှစ်ဂိုးပြတ် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ဂိုးများပြန်လည်သွင်းယူနိုင်ခဲ့သော်လည်း ပင်နယ်တီအဆုံးအဖြတ်တွင် အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်။
ဗိုလ်လုပွဲတက်ရောက်ရေးအတွက် နှစ်သင်းစလုံး လူစုံအသုံးပြုခဲ့သည်။ ပွဲအစပိုင်းတွင် မြန်မာအသင်းကစားကွက် တည်မရသေးသည်ကို အခွင့်ကောင်း ယူကာ ဗီယက်နမ်အသင်းက ၁၅၊ ၁၆ မိနစ်တွင် နှစ်ဂိုး ဆက်သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်းက ချေပဂိုးရရှိရန် တိုက်စစ်အားမြှင့်လာခဲ့ပြီး ၅၉ မိနစ် တွင် ဝင်းသိင်္ဂီထွန်းက ပထမချေပဂိုး ပြန်သွင်းခဲ့သည်။ ချေပဂိုးရသွား၍ မြန်မာအသင်းစိတ်ဓာတ်တက်သွားသလို ကွင်းလုံးပြည့်နီးပါး လာရောက် အားပေးသည့် ပရိသတ်များကြောင့် ကစားပုံပိုကောင်းလာပြီး ၇၆ မိနစ်တွင် မေသူကျော်က ဒုတိယချေပဂိုးသွင်းခဲ့ပြီး ၉၁ မိနစ်တွင် ဝင်းသိင်္ဂီထွန်းက တတိယဂိုးသွင်းယူခဲ့သည်။ မြန်မာအသင်းသည် လက်ကျန်မိနစ်ကို ထိန်းထား နိုင်ရန်လိုသော်လည်း ရီရီဦး နှစ်ဝါတစ်နီဖြင့် အထုတ်ခံရသလို ၉၄ မိနစ်တွင် ပင်နယ်တီပေးပြီး ချေပဂိုးခွင့်ပြုခဲ့ရသည်။ မိနစ် ၉ဝ ပြည့်အပြီးတွင် ပွဲကိုခေတ္တ ရပ်နားခဲ့ရပြီး အချိန်ပို မိနစ် ၃ဝ တွင်လည်း ဂိုးမသွင်းနိုင်၍ ပင်နယ်တီဖြင့် ဆုံးဖြတ်ခဲ့ရသည်။ ပင်နယ်တီကန်ရာတွင် ဗီယက်နမ်အသင်းက ငါးလုံးစလုံး ဂိုးဝင်ပြီး မြန်မာအသင်းက လေးဂိုးသာဝင်သောကြောင့် ဗီယက်နမ်အသင်း က ပင်နယ်တီငါးဂိုး-လေးဂိုး စုစုပေါင်း ရှစ်ဂိုး-ခုနစ်ဂိုးဖြင့် အနိုင်ရသွားခြင်း ဖြစ်သည်။
ဆီမီးဖိုင်နယ် ပထမပွဲအဖြစ် သြစတြေးလျ ယူ-၂ဝ အသင်းနှင့် လက်ရှိ ချန်ပီယံ ထိုင်းအသင်းယှဉ်ပြိုင်ကစားရာ ထိုင်းအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ သြစတြေးလျအသင်းသည် ၁ဝ မိနစ်တွင် ဂရေးစ်မာရီ သွင်းယူ သည့်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း အနိုင်ရလဒ်ကို မထိန်းနိုင်ခဲ့ပေ။ ထိုင်း အတွက်ချေပဂိုးကို ၂၉ မိနစ်တွင် ကန်ဂျာနာ၊ အနိုင်ဂိုးကို ၃၇ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် မိုင်ဂျာရာတို့က သွင်းယူခဲ့သည်။
တတိယနေရာလုပွဲအဖြစ် သြစတြေးလျ ယူ-၂ဝ နှင့် အိမ်ရှင်မြန်မာ၊ ဗိုလ်လုပွဲအဖြစ် လက်ရှိချန်ပီယံထိုင်းနှင့် ဗီယက်နမ်အသင်းတို့ယှဉ်ပြိုင်ကစား မည်ဖြစ်ပြီး သြဂုတ် ၄ ရက်တွင် မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်

No comments:
Post a Comment