
ပွင့်ဖြူ သြဂုတ် ၂
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းပါးအနီးဝန်းကျင်ကျေးရွာများတွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးလွတ်ရာ ကုန်းမြင့်နေရာများသို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသည်။
ပွင့်ဖြူမြို့နယ် ဧရာဝတီမြစ်ကမ်းပါးအနီးရှိကျေးရွာများသို့ ဇူလိုင် ၃ဝ ရက်မှစ၍ မြစ်ရေများ ဝင်ရောက်လျက်ရှိရာ သြဂုတ် ၂ ရက်တွင် ကူးကြီး၊ ကြီးကုန်း၊ ကျွဲဒိ၊ သံကိုင်း၊ သိမ်းကုန်း၊ ကျောင်းစု၊ ကံလှ၊ ပေါက်ကုန်း၊ ဇီးကျွန်း၊ ငှက်တောကုန်း၊ ကျွန်းကလေး၊ ဘီးဇပ်ခုံ၊ နန်းတော်ကျွန်း၊ ငါးခြောက်ကျွန်း(တ+မ)၊ ထူး၊ ဆည်မုန်း၊ ခုံစု၊ ရှားတော၊ ညောင်ကုန်း၊ ရွာသာညွန့်၊ ရှားတောညွန့်၊ အရှေ့လေးအိမ်၊ မြင်းခြံစုနှင့် ရေချမ်းစဉ်ကျေးရွာ စုစုပေါင်း ၂၅ ရွာသို့ မြစ်ရေ ဝင်ရောက်သဖြင့် ရေဘေးလွတ်ရာ ဧရာဝတီမြစ်အရှေ့ဘက် ကမ်းရှိရေနံချောင်းမြို့ သံကိုင်း-ကုန်းဇောင်းလမ်းဘေး ဝဲ၊ ယာ၊ ကုန်းဇောင်းကျေးရွာရှိ ရွှေကျောင်းဘုရားဝင်း အတွင်း၊ လယ်ကိုင်းကျေးရွာ၊ ဂါတ်ကုန်းကျေးရွာဘုန်းတော် ကြီးကျောင်းများသို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသည်။ ရေဘေးရှောင်အိမ်ထောင်စုများရှိရာ နေရာများသို့ သြဂုတ် ၁ ရက်က မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် အဖွဲ့ဝင်များက သွားရောက်အားပေးစကားများပြောကြားပြီး အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေနှင့် ရေသန့်ဘူး၊ ခေါက်ဆွဲခြောက်ထုပ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ကျောင်းစုကျေးရွာနေ တောင်သူ ဦးထွန်းလွင်က ''ယခုနှစ် မြစ်ရေတက်တာ မြန်တယ်။ ပစ္စည်းသိမ်းချိန်မရလိုက်ဘူး။ နှစ်စဉ်တက်မြဲဆိုပေမယ့် အရင် နှစ်တွေက တဖြည်းဖြည်းတက်တော့ ပစ္စည်းသိမ်းချိန်ရတယ်။ မဲဇလီရေလွှဲဆည် မြောက်မုန်းမြောင်းမကြီးရေလွှတ်တာက နောက်ကျတော့ အရင်နှစ် ဇန်နဝါရီလ မှာ ပျိုးနုတ်/ကောက်စိုက်တော့ ဇွန်လဆန်းပိုင်မှာ စပါးသိမ်းပြီးနေပြီ။ အရင်နှစ် မတ်လဆန်းပိုင်းမှ ဆည်ရေစလွှတ်တော့ ဇူလိုင်လကုန်အထိ စပါးသိမ်းလို့ မပြီးကြသေးဘူး။ စပါးခင်းအချို့ ရေထဲနစ်ကုန်တာရှိတယ်''ဟု ပြောသည်။
အဆိုပါမြစ်ရေဝင်ရောက်လျက်ရှိသည့် ကျေးရွာများသို့ တပ်မတော်သားများ၊ မင်းဘူးခရိုင်နှင့် ပွင့်ဖြူမြို့နယ်အတွင်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ကျေးရွာများအရောက် ကူညီဆောင်ရွက်ပေးလျက်ရှိရာ စေတနာရှင် အလှူရှင်များကလည်း ကျေးရွာများအရောက် ရေသန့်ဘူးနှင့် စားသောက်ဖွယ်ရာများကို သွားရောက်ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
သူရထွန်း(ပွင့်ဖြူ)
No comments:
Post a Comment