Wednesday, August 3, 2016

အင်းဝယဉ်ကျေးမှုနယ်မြေ ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထား


မန္တလေး သြဂုတ် ၂

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝ ယဉ်ကျေးမှုနယ်မြေတွင် ရေဝင်ရောက်မှုကြောင့် အဆိုပါ နယ်မြေသို့ ပြည်တွင်း/ပြည်ပ ခရီးသွားများ ဝင်ရောက်မှု ကို သြဂုတ် ၁ ရက်မှစတင်၍ ယာယီပိတ်ထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ပြောသည်။

''မြစ်ရေဝင်ရောက်လာတဲ့အတွက် ရှေးဟောင်း အဆောက်အအုံတွေမပျက်စီးဖို့ ထိန်းသိမ်းရမယ်၊ လိုအပ် ရင် ရွှေ့ပြောင်းနိုင်ဖို့အတွက် ရုံးချုပ်ကို ခွင့်ပြုချက် တောင်းပြီး ယာယီပိတ်လိုက်တာပါ၊ ရေကျရင် ပြန်ဖွင့် ပေးမှာဖြစ်ပါတယ်'' ဟု ၄င်းက ဆက်လက်ပြောသည်။
သြဂုတ် ၁ ရက်တွင် ရေဝင်ရောက်မှု များလာကာ ယခု သြဂုတ် ၂ ရက်၌ မွန်းတည့် ၁၂ နာရီတွင် အင်းဝ ဗားကရာကျောင်း၌ သုံးပေခန့်၊ အင်းဝ ဗားကရာ အသွားလမ်း၌ နှစ်ပေခွဲခန့်နှင့် အင်းဝပြတိုက်အနီး ဝန်းကျင်တွင် ရေလေးပေခန့် ဝင်ရောက်လျက်ရှိခြင်းကြောင့် ယခုကဲ့သို့ ယာယီ ပိတ်လိုက်ခြင်းဖြစ်သည်။ ''အခုရေဝင်ရောက်တဲ့နေရာတွေက စန္ဒာပူရီရေတံခါးနဲ့ ကျိုင်းရုံးမြို့တံခါးကြားက နေရာအချို့ ကျိုးပေါက်ပြီး ရေဝင်ရောက်လာတာဖြစ်ပါတယ်။ ကြိုတင် ကာကွယ်မှုအနေနဲ့ သဲအိတ်တွေချထားပြီး ပိတ်ဆို့ထားပေမယ့် မြစ်ရေတက်မှုအရှိန်ကြောင့် အခုလိုရေတွေဝင်ရောက်လာတာဖြစ်ပါတယ်''ဟု ¤င်းက ဆက်လက်ပြောသည်။

အင်းဝယဉ်ကျေးမှုနယ်မြေတင်မက ဦးပိန်တံတားမှာလည်း သြဂုတ် ၁ ရက်က ယာယီပိတ်ထားပြီး သြဂုတ် ၂ ရက် မွန်းတည့် ၁၂ နာရီက တံတားအခန်းအမှတ်(၂၃၁)မှ (၂၆ဝ)အထိ ရေ ခြောက်လက်မခန့် တံတားပေါ်ကျော်နေကြောင်း၊ တံတားအခန်း အမှတ်(၂၆၁) မှ (၄၁၂)အထိ အင်းရေပြင်နှင့် ကြမ်းခင်း ခြောက်လက်မခန့်အကွာတွင် ရှိနေကြောင်း၊ ဇရပ်အမှတ်(၄)တွင် ရေတစ်ပေခန့် ကြမ်းခင်းနစ်မြုပ်နေသည်ဟု ဆိုသည်။ လက်ရှိအခြေအနေတွင် တံတားအစိတ်အပိုင်းအားလုံး ပျက်စီး ခြင်း၊ ရေမျောပါခြင်း မရှိသေးကြောင်း၊ ရေကျပြီး တံတားပြန်ပေါ် လာပါက ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သိရသည်။ မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment