
ဟနွိုင်း သြဂုတ် ၃
ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းတောင်ဘက် ကီလိုမီတာ ၉၅ဝ အကွာအဝေးတွင်ရှိသော ဖူးယန်စီရင်စုတွင် ဇီကာဗိုင်းရပ်စ်ကူးစက်သူတစ်ဦး တွေ့ရှိခဲ့ရကြောင်း သြဂုတ် ၃ ရက်တွင် ဒေသန္တရကျန်းမာရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ဖူးယန်ကျန်းမာရေးဌာန၏ပြောကြားချက်အရ အသက် ၂၇ အရွယ် ဒေါင်းဒင်း တင်န်ဆိုသူသည် ဇွန် ၂၇ ရက်ကစပြီး ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ကိုက်ခဲကာ ဖျားနာမှုဝေဒနာခံစားခဲ့ရကြောင်း ဗီယက်နမ်နိုင်ငံပိုင်မီဒီယာက ဆိုသည်။
ဇွန် ၃ဝ ရက်တွင် သူ့ကိုယ်ခန္ဓာပေါ်တွင် ယားဖုအစက်အပြောက်များ ပေါ်ထွက်လာကာ သူ့အား ဖူးယန်စီရင်စုရှိ ဆွန်းဟိုရာခရိုင်အထွေထွေ ဆေးရုံသို့ တင်ပို့ပေးခဲ့ရသည်။ လူနာ၏ဆေးစစ်ချက်မှတ်တမ်းအရ သူ့တွင် သွေးလွန်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်မှုလက္ခဏာမတွေ့ရှိဘဲ ဇီကာဗိုင်းရပ်စ် ကူးစက်မှုလက္ခဏာကိုသာ တွေ့ရှိခဲ့ရသည်။
၎င်းတွင် ဇီကာဗိုင်းရပ်စ်ကူးစက်မှုလက္ခဏာတွေ့လျှင်တွေ့ချင်း ၄င်းနေထိုင်ရာ အနီးပတ်ဝန်းကျင်နေရာများသို့ ကျန်းမာရေးအဖွဲ့က သွားရောက်ပြီး ဇီကာဗိုင်းရပ်စ်ကူးစက်မှု ရှိ၊ မရှိကို စစ်ဆေးခဲ့သည်။ ယနေ့ထိတိုင် ဗိုင်းရပ်စ်ကူးစက်မှု လက္ခဏာတစ်ဦးတစ်ယောက်မျှ မတွေ့ရှိသေးပေ။
ဒေသန္တရဆိုင်ရာကျန်းမာရေးအာဏာပိုင်များက ဒေသအတွင်း ဇီကာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုမရှိစေရန် သက်ဆိုင်ရာအေဂျင်စီများကို ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် တိုက်တွန်းထားကြောင်းသိရသည်။
ဗီယက်နမ်နိုင်ငံ ခါန်ဟိုယာစီရင်စုနှင့် ဟိုချီမင်းစီးတီးတို့တွင် ဧပြီလအစောပိုင်းက ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူ နှစ်ဦးတွေ့ရှိခဲ့ပြီး ဧပြီလနှောင်းပိုင်းတွင် နိုင်ငံအတွင်း ဇီကာဗိုင်းရပ်စ်ကူးစက်မှုကင်းရှင်းကြောင်း ကြေညာခဲ့သည်။
ဇီကာဗိုင်းရပ်စ်ကို အေဒီးစ်အေဂျစ်တီခြင်အမျိုးအစားက သယ်ဆောင်ပေးသည်။ ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသော ကိုယ်ဝန်ဆောင်မိခင်များသည် ဦးနှောက်သေးငယ်သော ကလေးငယ်များမွေးဖွားမှုကို ရင်ဆိုင်ရမည်ဖြစ်သည်။
ဆင်ဟွာ။
No comments:
Post a Comment