
နယူးဒေလီ သြဂုတ် ၃
အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရာရှတြာပြည်နယ်ရှိ အဝေးပြေးလမ်းတစ်လမ်းတွင် သြဂုတ် ၃ ရက်က ဗြိတိသျှတို့ အိန္ဒိယနိုင်ငံအား အုပ်စိုးစဉ်ကာလက တည်ဆောက်ခဲ့သည့် တံတားတစ်စင်းပြိုကျခဲ့ရာ လူအများအပြားသေဆုံးရဖွယ်ရှိကြောင်း၊ သေဆုံးသူ လူနှစ်ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိရပြီး အခြားလူ ၂ဝ ကျော် ပျောက်ဆုံးနေကာ ¤င်းတို့သေဆုံးသွားဖွယ်ရှိကြောင်း၊ တံတားပြိုကျမှုကြောင့် မော်တော်ယာဉ်တစ်ဒါဇင်ခန့်မှာလည်း မြစ်တွင်းသို့ ထိုးကျ သွားကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ပြိုကျသွားသော တံတားသည် အရှည်ပေ ၅ဝ ရှိသည်။ မဟာရာရှတြာ ပြည်နယ် ဇိုင်ဂတ်ခရိုင် မဟတ်မြို့ အနီးရှိ ဆာဗီထရီမြစ်ကို ဖြတ်ကျော် ကာ တည်ဆောက်ထားသည့် တံတား တစ်စင်းဖြစ်သည်။ တံတားတည်ရှိရာ အဝေးပြေးလမ်းသည် ပြည်နယ်မြို့ တော်မွမ်ဘိုင်းနှင့် အားလပ်ရက် အပန်းဖြေမြို့ ဂိုအာတို့ကို ဆက်သွယ် ထားသည့် အဝေးပြေးလမ်းဖြစ်သည်။
လတ်တလောတွင် သေဆုံးသူနှစ်ဦး ၏ ရုပ်အလောင်းကို ဆယ်ယူရရှိခဲ့သည်။ အဆိုပါ မြစ်မှာ စိုးရိမ်ရေမှတ် အထက်သို့ မြင့်တက်နေကြောင်း၊ အမျိုးသား သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးတပ်ဖွဲ့ဝင်များက အိန္ဒိယ ရေတပ်မှ ရေငုပ်သမားများနှင့်အတူ ပျောက်ဆုံးနေသူများအား ရှာဖွေနေကြောင်း အမည်မဖော်သူ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရိန္ဒြာ မိုဒီက ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လုပ်ငန်းအတွက် လိုအပ်သော အထောက်အပံ့အားလုံးပေးသွားမည် ဟု မဟာရာရှတြာပြည်နယ်ဝန်ကြီးချုပ်အား ပြောကြားခဲ့သည်။
ခရီးသည်တင် ဘတ်စ်ကားနှစ်စီးနှင့် ပုဂ္ဂလိကပိုင် ကားငယ်လေးစီးတို့မှာ တံတားပြိုကျစဉ် မြစ်အတွင်းသို့ ကျသွားခဲ့ပြီး ရေစီးနှင့်အဝေးသို့ မျောပါသွားသည်ဟု သံသယရှိရကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးက ပါလီမန်တွင် ပြောကြားသည်။
အိန္ဒိယနိုင်ငံတွင် တံတားများ ပြိုကျမှုသည် ဖြစ်ရိုးဖြစ်စဉ်ကဲ့သို့ ရှိနေပြီး ယခုနှစ် မတ်လအတွင်းက အိန္ဒိယနိုင်ငံအရှေ့ပိုင်း ကိုလ်ကတ္တား မြို့တွင် တည်ဆောက်ဆဲ မိုးပျံတံတား တစ်စင်းပြိုကျခဲ့ရာ လူ ၂၇ ဦး သေဆုံး ပြီး ၈ဝ ကျော်ထိခိုက်ဒဏ်ရာရခဲ့သည်။
ဆင်ဟွာ။
No comments:
Post a Comment