Thursday, August 4, 2016

(4.8.2016) ကြေးမုံစာတည်းရှုထောင့်

လုပ်ပိုင်ခွင့် အာဏာရှိသူများ အဂတိကင်းစင်ရေး
==============================
ခေတ်အပြောင်းအလဲတစ်ခုကို ရှေးရှုဖော်ဆောင်ရန်အလို့ငှာ ပြည်သူ့ ထောက်ခံရွေးချယ်မှုဖြင့် ဗဟိုအစိုးရအဖွဲ့သစ်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အသစ်များ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့သစ်များ၊ မြို့တော်ဝန်အသစ်များ အသီးသီးပေါ်ပေါက်လာခဲ့ကြပြီ။ ထို့အတူ အစိုးရ ယန္တရားတွင်းမှ လုပ်ပိုင်ခွင့်ရှိကြသည့် တရားစီရင်ရေး၊ ပြည်သူ့ရဲ၊ စည်ပင် သာယာ၊ မီးသတ်ဦးစီး၊ ယာဉ်ထိန်းရဲ စသည်ကဲ့သို့သော အဖွဲ့အစည်း များသည်လည်း အစိုးရသစ်နှင့်အတူ အပြောင်းအလဲကို အတူလိုက်ပါ ကြဖို့လိုပါပြီ။
နှစ်ပေါင်းများစွာ ဒုက္ခများခံစားခဲ့ရသော မြန်မာပြည်သူလူထုမှာ အားကိုးတကြီး၊ မျှော်လင့်တကြီးနှင့် အစိုးရများ၊ လွှတ်တော်များ၊ မြို့တော် ဝန်များနှင့်တကွ အဖွဲ့အစည်းအသီးသီးကို စောင့်ကြည့်နေကြ၊ အားပေး နေကြ၊ ထောက်ခံနေကြသည်။
ပြည်သူလူထုမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမညီမျှမှုများကို ခါးသည်းစွာ ခံခဲ့ရသော နှစ်များက မနည်းလှ။ ထို့ကြောင့် သည်လို မညီမျှမှုများက လွတ်မြောက်ချင်ပြီ။
ယခုအခါ နိုင်ငံရေးတွင် ပြည်သူတို့ ဦးဆောင်စေချင်သူများ ဦးဆောင်ခွင့်ရလာကြပြီဖြစ်သည့်အတွက် အတော်အတန် အားရဖွယ် ဖြစ်လာခဲ့ပြီ။ အထက်အဆင့်ဆင့်မှ ရွေးချယ်ထားပြီးဖြစ်သော ပုဂ္ဂိုလ်တို့ အာဏာရယူနေခြင်းများကို ငေးကြည့်ကာနေရသည့်ဘဝမှ မိမိတို့ ဖြစ်စေချင်သည့် သူများကို မိမိကိုယ်ပိုင် မဲတစ်ပြားဖြင့် ရွေးချယ်ပေးနိုင်ခဲ့ ကြပြီ။ ငါတို့ လက်သန်းတွေ မင်စွန်းရကျိုးနပ်ပြီ ဟူ၍လည်း ကြွေးကြော် နေနိုင်သော အခြေအနေဖြစ်ပါ၏။
သို့သော်...။
စီးပွားရေးလုပ်ငန်းများတွင်မူ အစဉ်အဆက်လုပ်ကိုင်ခဲ့ကြသော ပုံစံ ဖြစ်သည့် အာဏာပိုင်တို့နှင့် နားလည်မှု အမျိုးမျိုးယူကာ လုပ်ပိုင်ခွင့်ပေါ် အခြေခံသော စီးပွားရေးဖြစ်ထွန်းမှုများက အရှိန်နှင့် ဆက်လက်တည်ရှိနေ ဆဲဖြစ်သည်ကို သတိပြုမိပါသည်။
တစ်နည်းအားဖြင့်ဆိုရသော် ပါမစ် စီးပွားရေး။
ပါမစ်ရှိလျှင် အထူးတလည် အားထုတ်စရာမလို၊ ပါမစ်နှင့်ပင် ချမ်းသာနိုင်ခဲ့ကြသည်။ လုပ်ပိုင်ခွင့်ရှိသူများနှင့် ငွေကြေးခွဲဝေယူခြင်းဖြင့် လုပ်ပိုင်ခွင့် အာဏာရှိသူများလည်း ချမ်းသာ၊ ပါမစ်ရသူများလည်း ချမ်းသာ ဖြစ်ခဲ့ကြသည်။
ချမ်းသာသူတိုင်း အာဏာရှိသူများနှင့် ပူးပေါင်းစီးပွားရှာခဲ့ကြသည် ဟု မဆိုလို။ သို့သော်လည်း အာဏာရှိသူများနှင့် ပူးပေါင်းစီးပွားရှာသူ တိုင်းကတော့ ချမ်းသာသူများ ဖြစ်လာကြသည်မှာ အမှန်။
ပူးပေါင်းစီးပွားရှာသည်ဆိုခြင်း၏ အဓိပ္ပာယ်မှာ လာဘ်ပေး လာဘ်ယူလုပ်ကြသည်ဟု ဆိုလိုပါသည်။
စီးပွားကို ပုံမှန်အတိုင်းရှာရန် အလွန်ခက်ခဲသော အခြေအနေ ဖြစ်ခဲ့ပါ၏။ အလွန်တရာသော မညီမျှမှုများနှင့် ပြည့်နှက်နေသည့် စီးပွားရေး အညှီထုပ်ကြီးမှာ ယင်ကောင် တလွှားလွှားနှင့် ဖြစ်ခဲ့ရသော ကာလများ ဖြစ်ပါသည်။
သည်လိုကြားထဲမှာ ပြည်သူလူထုမှာ ဆင်းရဲမွဲတေသည်ထက် မွဲတေလာခဲ့ကြရသည်။ ဆင်းရဲမွဲတေရုံမျှမက ချမ်းသာသူတို့ ချမ်းသာဖို့ အကွက်ထွင်ခဲ့၊ ရှာခဲ့သမျှ၏ ဘေးထွက်ဆိုးကျိုးများကို ပြည်သူတို့ကသာ ခါးစည်းခံခဲ့ကြရတာဖြစ်ပါသည်။
သစ်တောများခုတ်ထွင်၍ ချမ်းသာသူတို့ ချမ်းသာကြချိန်မှာ ပြည်သူ တို့က သစ်တောပြုန်းတီးမှုကြောင့်ဖြစ်ရသည့် ပြင်းထန်သော ရာသီဥတု ဒဏ်ကို ခံခဲ့ကြရသည်။ သည်လိုသစ်တောများ ခုတ်ခဲ့သည့်အတွက် သစ်ခုတ်သမားများ အလုပ်အကိုင်အခွင့်အလမ်းများရခဲ့သည်ဟု ဆိုသူက ဆိုသော်လည်း မည်သူတို့ အမှန်တကယ် အကျိုးဖြစ်ထွန်းခဲ့သည်ဆိုသည်ကို အားလုံးအသိပင်။
ထို့အတူ၊ ရွှေတူး၊ ကြေးနီတောင်ဖြို၊ မြေယာများသိမ်း၍ စီမံကိန်း များလုပ်ကြခြင်းကြောင့် သဘာဝဒဏ်ကို မည်သူတွေခံနေကြရသည်နည်း ဆိုသည်ကိုလည်း အားလုံးအသိပင်။
မြို့ပြများတွင် အများပိုင်မြေကွက်လပ်ပါ မကျန်အောင် စီမံကိန်း များဖန်တီးခဲ့ကြ၍ မည်သူတို့ ချမ်းသာကြွယ်ဝပြီး မည်သူတို့က ရေကြီး ရေလျှံဒဏ်၊ ကားကျပ်ဒဏ်၊ မွန်းကျပ်ဒဏ်တို့ကို ခံနေကြရသည် ဆိုသည် ကိုလည်း အားလုံးအသိပင်။
ချုပ်၍ဆိုရလျှင် သည်လိုစီးပွားရေးအနေအထားများကို ကျော် လွှားနိုင်သည့် ပြည်သူ့အကျိုးကို တိတိကျကျ မျက်မှောက်ပြုသော စီးပွား ရေးမူဝါဒသစ်များချမှတ်နေသည့်အတွက် ပြည်သူ့အစိုးရကို ပြည်သူတို့ ထောက်ခံအားပေးနေကြပါသည်။
ထို့နည်းတူပင် အစိုးရ အဖွဲ့တွင်းမှဖြစ်စေ၊ အခြားသော လုပ်ပိုင်ခွင့် အာဏာများ ကိုင်စွဲထားသူများအတွင်းမှဖြစ်စေ စီးပွားရေးအကျိုးကို မျှော်ကိုး၍ အဂတိလိုက်စားခြင်း၊ လာဘ်ပေးလာဘ်ယူပြုခြင်းတို့ကို တွန်းလှန်နိုင်ကြရန်လည်း ပြည်သူလူထုက မျှော်လင့်တိုက်တွန်းလျက် ရှိနေကြပါကြောင်း။ ။

No comments:

Post a Comment