
ရန်ကုန် ဇူလိုင် ၂
(၅၇)ကြိမ်မြောက် (International Mathematical Olympia) IMOတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသား ကျောင်းသူများကို သင်ကြား လေ့ကျင့်ပေးသော ဆရာ ဆရာမများအား ဂုဏ်ပြုပွဲနှင့် အလှူရှင်များအား ဂုဏ်ပြုလက်မှတ်ချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်အဝေးသင် တက္ကသိုလ် အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အဖွင့်အမှာစကား ပြောကြား သည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသား ကျောင်းသူများအနေဖြင့် ကျန်းမာရေး နှင့် အစားအသောက်များကို ဂရုစိုက်ရန်လိုအပ်ပါကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင် ရာတွင် မိမိကိုယ်ကိုယုံကြည်မှုအပြည့်ဖြင့် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း၊ အဖွဲ့ခေါင်းဆောင်များ၏ မှာကြားချက်များအတိုင်း လိုက်နာကြရန် လိုအပ်ပါ ကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင်သည့် ကျောင်းသား ကျောင်းသူများကို ရွေးချယ် ခြင်း၊ သင်ကြားလေ့ကျင့်ပေးခြင်း၊ ပြိုင်ပွဲမှရရှိလာသည့် အတွေ့အကြုံနှင့် ရလဒ်များကို တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများသို့ ဆက်လက်ဖြန့်ဝေပေးနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ပြီး ကျောင်းသား ကျောင်းသူများကို ဆက်လက်လေ့ကျင့်သွားရမည်ဖြစ်ပါကြောင်း၊ ယှဉ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကျောင်းသား ကျောင်းသူများကို ထောက်ပံ့ပေးသော အလှူရှင်များကို ပညာရေးဝန်ကြီးဌာနအနေဖြင့် မှတ်တမ်း တင်ဂုဏ်ပြုပါကြောင်း၊ နောင်လာမည့် နိုင်ငံတကာပြိုင်ပွဲများတွင်လည်း ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ သင်္ချာအသင်းအလှူရှင်များ ပူးပေါင်းပြီး ဆက်လက်ယှဉ်ပြိုင်စေမည်ဖြစ်ပြီး ပိုမိုကောင်းမွန်သည့် ပညာရေးလုပ်ငန်းများကို ဝိုင်းဝန်းကြိုးပမ်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြား သည်။
ဆက်လက်၍ ဇူလိုင်လတွင် Hong Kong ၌ ကျင်းပမည့် (၅၇)ကြိမ် မြောက်IMO ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ကျောင်းသား ကျောင်းသူ များကို ထောက်ပံ့ပေးသော အလှူရှင်များအား ဂုဏ်ပြုလက်မှတ်များ ပေးအပ် သည်။
ထို့နောက် မြန်မာနိုင်ငံသင်္ချာအသင်းဥက္ကဋ္ဌ ဒေါက်တာသိမ်းမြင့်က ၂ဝ၁၆ ခုနှစ် ဇူလိုင်လတွင်Hong Kong ၌ ကျင်းပမည့် (၅၇)ကြိမ်မြောက်IMO ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ကျောင်းသား ကျောင်းသူများကို သင်ကြားလေ့ကျင့်ပေးသော ဆရာ ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ဆက်လက်၍ ရန်ကုန်မြို့ ကမ်းနားလမ်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ရုံးချုပ်ရှိ အသက်မွေးမှုအတတ်ပညာကျောင်း (CVT)သို့ ရောက်ရှိရာ အသက် မွေးမှု အတတ်ပညာကျောင်းမှ တာဝန်ခံ ဒေါ်ခင်မြတ်စန္ဒာကသင်တန်းကျောင်း နှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းတင်ပြပြီး စာသင်ခန်းများ ကို ကြည့်ရှုသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ဥက္ကလာပမြို့နယ်ရှိ မြင်သာမြို့ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ မင်္ဂလာဒုံမြို့နယ်ရှိ တောတိုက်ဓမ္မရိပ်သာဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် အင်းစိန်မြို့နယ်ရှိ သာသနဟိတကာရီဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ သွားရောက်ကာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း သိရသည်။
(ပညာရေး)
No comments:
Post a Comment