
ရေဦး ဇူလိုင် ၂
စစ်ကိုင်တိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦး မြို့နယ်(မျိုးစေ့ဌာနခွဲ ) ရေဦးမျိုးသန့်ခြံ၌ ဇွန် ၂၇ ရက် နံနက် ၉ နာရီက စပါးမျိုး ကောင်းမျိုးသန့် ထုတ်လုပ်မှုနည်းပညာပေး သင်တန်းနှင့် ကွင်းသရုပ်ပြပွဲ ပြုလုပ်ခဲ့ ကြောင်းသိရသည်။
သင်တန်းတွင် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာမင်းသိန်းက ''အခုဆို ရင် ကျွန်တော်တို့နိုင်ငံမှာ စိုက်ပျိုးရေး အတွက် အခြေခံကျတဲ့ စိုက်ပျိုးမြေတွေ များစွာရှိနေပါတယ်။ စပါးအရည်အသွေး ပြည့်ဝဖို့အတွက် သူများနိုင်ငံတွေတောင်မှလုပ်နိုင်သေးတာ ကျွန်တော်တို့နိုင်ငံလို စိုက်ပျိုးမြေတွေပေါပြီး သဘာဝတောတောင်ရေမြေ တွေပေါများတဲ့ ကျွန်တော်တို့နိုင်ငံက တကယ်လုပ်ရင် ပိုမိုဖြစ်ထွန်းပြီး အထွက်နှုန်းတိုးတက်လာမှာ အသေအချာပဲလို့ ပြောလို့ရတယ်။ မြေပြင်မှာ ထိထိရောက်ရောက် အမှန်တကယ်အကောင်အထည် ဖော်ဖို့လိုနေပါတယ်'' ဟု အကြံပြုပြော ကြားခဲ့သည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးဝင်းမြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အစိုးရသစ်လက် ထက် စိုက်ပျိုးရေးကဏ္ဍ တိုးချဲ့လုပ်ကိုင်သွား မည့်အစီအစဉ်များကို တင်ပြဆွေးနွေးခဲ့ သည်။
ဆက်လက်ပြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများဖြစ်ကြသော ဒေါက်တာ မင်းသိန်း၊ ဦးမြင့်ထွေး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်စွာဝင်းနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးပညာရှင်များက ဖန်ဘူး ထဲတွင်ပြသထားသော အရည်အသွေးမီခြံ ထွက်စပါးမျိုးစေ့များနှင့် ထွက်လာသည့် ဆန်အရည်အသွေးနမူနာများ ပြသထားရှိ မှုကို ကြည့်ရှုလေ့လာကြပြီး စပါးစိုက်ပျိုး ထားသည့် စိုက်ကွင်းသို့ လှည့်လည်ကြည့်ရှု ကြရာ ရေဦးမျိုးသန့်ခြံမန်နေဂျာ ဦးတင် မောင်ဝင်းက စိုက်ပျိုးထားရှိမှုအခြေအနေများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။
စပါးမျိုးကောင်းမျိုးသန့် ထုတ်လုပ်သည့် နည်းပညာပေးသင်တန်းသို့ ရွှေဘိုခရိုင်၊ ကန့်ဘလူခရိုင်၊ ယင်းမာပင်ခရိုင်၊ စစ်ကိုင်းခရိုင်နှင့် မုံရွာခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ သင်တန်းသား ၁၃၄ ဦး၊ မျိုးစေ့ထုတ်လုပ်မည့် တောင်သူ ၄၁ ဦး တက် ရောက်ခဲ့ကြသည်။
သင်တန်းတွင် တိုင်းဒေသကြီးမျိုးစေ့ တာဝန်ခံ ဒေါ်ခင်သင်းကျော်က စပါးသီးနှံမျိုးကောင်းမျိုးသန့်ထုတ်လုပ်သည့် နည်း ပညာများ၊ ရွှေဘိုခရိုင် မျိုးစေ့တာဝန်ခံ ဒေါ်မေကြွယ်ဝင်းက မျိုးစေ့ဥပဒေ၊ တိုင်း ဒေသကြီးမျိုးစေ့ဌာနခွဲ ဒေါ်လဲ့လဲ့အေးနှင့်ဒေါ်ခင်မာထွေးတို့က မျိုးစေ့အရည်အသွေးစစ်ဆေးခြင်းနှင့် မျိုးကွဲပယ်ခြင်းနည်းပညာများကို သင်ကြားပို့ချပေးခဲ့သည်။
ယင်းနောက်သင်တန်းသားများက စိုက်ကွင်းအတွင်းသို့ သွားရောက်ကာ မျိုးကွဲပယ်ခြင်းနှင့် ပေါင်းမြက်နှိမ်နင်းခြင်းနည်းစနစ်များကို လက်တွေ့ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
သမ်းထိုက်(ရေဦး)
No comments:
Post a Comment