ရန်ကုန် ဇူလိုင် ၆
ကိုရီးယား-မြန်မာ (ဒလ)တံတား စီမံကိန်းသည် ကိုရီးယားနိုင်ငံမှ သက်သာသော အတိုးနှုန်းထားချေးငွေ ဖြင့် ဆောင်ရွက်ခြင်းဖြစ်ရာ ပြည်သူများ၏ငွေဖြင့် ပြန်ဆပ်ရမည်ဖြစ်သဖြင့် တိကျသည့် ကုန်ကျစရိတ်နှင့် ပါဝင်ဆောင်ရွက်မည့် ကုမ္ပဏီများသည် သတ်မှတ်စံချိန်စံညွှန်းပြည့်မီမှုရှိရန် လိုအပ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွေးက ပြောသည်။
'' ကိုရီးယားက ငွေချေးလို့ သူတို့ စိတ်ကြိုက်ကုမ္ပဏီတွေပဲခေါ်လာတာ မျိုးမလိုချင်ဘူး။ ပိုက်ဆံလောလော ဆယ်မစိုက်ရပေမယ့် ဒါကပြန်ပေးရမှာ။ တကယ့်စံချိန်စံညွှန်းမီတဲ့ ကုမ္ပဏီ တွေလား၊ မှန်မှန်ကန်ကန်နဲ့ ဂုဏ်သိက္ခာရှိတဲ့ ကုမ္ပဏီတွေလားဆိုတာ စိစစ်ဖို့လိုတယ်။ လတ်တလော မသိသေးတော့ စော်ကားတာတော့ မဟုတ်ဘူး''ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွေးက ပြောသည်။
ရန်ကုန်မြစ်ကို ဖြတ်ကျော်၍ ရန်ကုန်မြို့ ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ် ဗိုလ်မင်းရောင်လမ်းဆက်သွယ် တည်ဆောက်မည့် လေးလမ်းသွား ကြိုးဆိုင်းတံတား စီမံကိန်းအတွက် ကိုရီးယားနိုင်ငံမှ အကုန်အကျခံစိုက် ထုတ်ဆောက်လုပ်မည့် ချေးငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနှင့် ညီမျှသော ကိုရီးယား ဝမ်ဖြစ်ပြီး ဆိုင်းငံ့ကာလ ၁၅ နှစ်အပါ အဝင် နှစ် ၄ဝ ချေးငွေပေးဆပ်ရမည် ဖြစ်ကာ အတိုးနှုန်းမှာ ဝ ဒသမ ဝ၁ ရာခိုင်နှုန်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
''ကိုရီးယားအစိုးရအဖွဲ့က ဒီ ကုမ္ပဏီတွေအတွက် ငွေဘယ်လောက် သုံးလိုက်လဲ ၊ ဒါတွေကို သိဖို့လိုတယ်။ ဒါတွေသိရမှ တံတားကြီးအတွက် ဘယ်လောက် ကုန်ကျထားတယ်ဆိုတာ သိရမယ်။ တံတားက ပြည်သူတွေ အားလုံးရဲ့ ချွေးနှဲစာနဲ့ ဆောက်ထားတာပါ'' ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွေးက ပြောသည်။
ထို့ပြင် အဆိုပါ တံတားစီမံကိန်းအတွက် ပတ်ဝန်းကျင်နှင့် လူမှုရေးရာ ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ငန်းများလုပ်ကိုင်ရန် ကိုရီးယားနိုင်ငံမှ Korea Engineering Consultant Crop. KECC နှင့် SAMIL နှင့် မြန်မာနိုင်ငံမှ ဒေသအဖွဲ့အစည်း ဖြစ်သည့် E Guard Environmental Service Co.,Ltd. တို့က ကိုရီးယား အစိုးရဘက်မှ တာဝန်ယူဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။
''ကုမ္ပဏီတွေကို ကျွန်တော်တို့ ရွေးချယ်တာ မဟုတ်ဘူး။ ကိုရီးယားနိုင်ငံက အကုန်အကျခံပြီး လုပ်တာဆိုတော့ ကုမ္ပဏီနှစ်ခုကို ရွေးချယ်ပြီး လွှတ်တယ်။ အဲ့ဒီကုမ္ပဏီကနေ ပြည်တွင်းကုမ္ပဏီတစ်ခုကို ချိတ်ဆက်ပြီး လုပ်တာပါ။ လိုင်စင်ရှိ၊ မရှိမသိပါ ဘူး'' ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် (မြို့ပြ) တည်ဆောက်ရေးတံတား ဦးစီးဌာနဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဦးခင်မောင်ဆွေက ပြောသည်။
တံတားစီမံကိန်းတွင် ပတ်ဝန်းကျင်နှင့် လူမှုရေးရာ ထိခိုက်မှုဆန်းစစ် ခြင်းဆိုင်ရာ လုပ်ငန်းများစစ်ဆေးခြင်း၊ လူထုသဘောထားအမြင်များ ကောက်ယူခြင်းမှရရှိသည့် အစီရင်ခံစာကိုထုတ်ပြန်မည့် မြန်မာနိုင်ငံမှ ဒေသအဖွဲ့အစည်းဖြစ်သည့် E Guard Environmental Service Co.,Ltd. သည် ၂ဝ၁၂ ခုနှစ်ကတည်း က ESIA လုပ်ငန်းများကို ဆောင်ရွက်နေသော်လည်း တရားဝင်မှတ်ပုံ တင်လိုင်စင်ရရှိရန် ယနေ့ထိ ဆောင် ရွက်နေဆဲ ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။
ဇူလိုင် ၅ ရက်က ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်ရှိ အနောက် ကျောင်းတိုက်၌ ကိုရီးယား-မြန်မာ ချစ်ကြည်ရေး(ဒလ)တံတား တည်ဆောက်ရေးစီမံကိန်းတွင် ဆောင်ရွက်မည့် ပတ်ဝန်းကျင်နှင့် လူမှုရေးရာ ထိခိုက်မှုဆန်းစစ်ခြင်း (ESIA) ဆိုင်ရာနှင့် ပတ်သက်သည့် လူထု တွေ့ဆုံပွဲသို့ E Guard Environmental Service Co.,Ltd. လွှတ် တော်ကိုယ်စားလှယ်များ၊ ဒေသခံများနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
သတင်း-သီသီမင်း
ဓာတ်ပုံ-အောင်မင်း(ဒလ)

No comments:
Post a Comment