Thursday, July 7, 2016

7.7.2016...ကြေးမုံ စာတည်းရှုထောင့်




မိုးလယ်ကာလသဘာဝဘေးကို သတိပြု


စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအပါအဝင် ကချင်ပြည်နယ်၊ ချင်း ပြည်နယ်တောင်ပိုင်းနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတို့တွင် ယခုတစ်ပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ ရုတ်တရက်ရေကြီးမှုအန္တရာယ်နှင့် ကြုံတွေ့နိုင်သောကြောင့် သတိပြု နေထိုင်ကြရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ဇူလိုင် ၄ ရက် က သတိပေးထားသည်။
ယခုအခါ အဆိုပါဒေသများတွင်သာမက မြန်မာပြည်အနှံ့တွင် နေရာအလိုက် မိုးကြီးနေသည်ကို တွေ့ရသည်။ အဆိုပါဒေသများတွင်လည်း မိုးသည်းထန်စွာရွာသွန်းလျက်ရှိရာ မိုးရေချိန်လက်မ ငါးလက်မအထက်တွင် တည်ရှိနေသည်။ မိုးကောင်းသဖြင့် အထက်မြစ်ချောင်းလျှိုမြောင်ရေများ အားကောင်းလာကာ အောက်သို့စုန်ဆင်းလာသည်။ အဆိုပါမိုးရေများ အထူးသဖြင့် ချင်းတွင်းမြစ်အတွင်းသို့စီးဝင်ကြပြီး ချင်းတွင်းမြစ်မှာ စိုးရိမ်ရေ အမှတ်သို့ပင် ရောက်တော့မည်ဖြစ်သည်။
လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်အတွင်းမှ ရာဇဂြိုဟ်ဆည်ကြီး အထက်ပိုင်းတွင် မိုးများနေသည့်အတွက် ဆည်ရေလျှံကျိုးပေါက်ထွက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်ဟု ကြားသိနေရသည်။ ထိုဆည်ကြီးအထက်ပိုင်းတွင် မိုးများရေလျှံသောကြောင့် နုန်းတားဆည်များ ရေဝင်နစ်မြုပ်သည်ဟူသော ကနဦးသတင်းစကားများကြောင့် ဒေသခံများ စိုးရိမ်ပူပန်ကြဟန်တူပေသည်။ အမှန်တွင် နုန်းတားဆည်များပျက်စီးသွား ခြင်းမဟုတ်ဘဲ မိုးများသောကြောင့် ဆည်ရေလျှံကျခြင်းသာဖြစ်သည်ဟု သိရသည်။
နှစ်စဉ်နှစ်တိုင်း ယခုကဲ့သို့မိုးရာသီကာလတွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်ဒေသများတွင် မိုးများ၍ ရေကြီးရေလျှံဖြစ်သောကြောင့် မြေပြိုကျမှု၊ ရေကြီးရေလျှံဖြစ်မှု ဖြစ်ပွားလေ့ရှိသည်။ ယမန်နှစ်ကလည်း ကလေးဒေသတွင် မြစ်သာမြစ်ရေလျှံတက်သောကြောင့် ကလေးဒေသတစ်ခွင် ဆိုးဆိုးရွားရွားရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့သေးသည်။ အထက်ပိုင်းရေကြီးရေလျှံဖြစ်သောကြောင့် ရာဇဂြိုဟ်ဆည်ကြီး ကျိုးပေါက်သွားသည့်ရာဇဝင် လည်းမရှိချေ။ သို့သော် ရေကြီးရေလျှံသဘာဝဘေးကိုမူ ကြုံတွေ့ကြရသည်။
မည်သို့ပင်ဖြစ်စေ သဘာဝဘေးကို ကြိုတင်ကာကွယ်ခြင်း၊ သတိပြု ရှောင်ရှားခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှုနည်းပါးအောင် ဆောင်ရွက်ကြရမည်ဖြစ်သလို အချိန်နှင့်အမျှ သတင်းထုတ်ပြန်ပေးသွားဖို့လည်း လိုအပ်နေမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ် ကြုံတွေ့လာရပါက ကူညီကယ်ဆယ်နိုင်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများ စီစဉ်ထားသည်ဟု ကြားသိရသဖြင့် စိတ်အေးသက်သာဖွယ်ဖြစ်သည်။
အဆိုပါဒေသတွင် ဆည်မြောင်းဆိုင်ရာနှင့်သက်ဆိုင်ရာတာဝန်ရှိသူများက ဒေသခံပြည်သူများ သဘာဝဘေးမကျရောက်စေရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသည်ဟု သိရသည်။ ရာဇဂြိုဟ်ဆည် ကြီးအတွင်းသို့ ရေဝင်မှုအခြေအနေကို သက်ဆိုင်ရာတာဝန်ရှိသူများက အချိန်နှင့်အမျှစောင့်ကြည့်လျက်ရှိပြီး အကယ်၍ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ဒေသခံပြည်သူများ အရေးပေါ်ခိုလှုံနိုင်မည့်နေရာများ၊ ဘေးကင်းမည့်အရပ်ဒေသသို့ ပြောင်းရွှေ့ပေးနိုင်ရေးအစီအမံများအား ကြိုတင်စီမံဆောင်ရွက်ထားပြီး ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများကိုပင် ပြုလုပ်ထားပြီးဖြစ်၍ စိုးရိမ်ပူပန်ဖွယ်မရှိဟု ဆိုနိုင်ပါသည်။
သို့သော် သဘာဝဘေးဆိုသည်မှာ မျှော်မှန်းရခက်သောအနေအထားများရှိသဖြင့် မကြုံတွေ့ရမီကာလများအတွင်း ပေါ့ပေါ့ဆဆမနေသင့်ဘဲ အမြဲတမ်းအစဉ်သတိရှိ နေထိုင်ကြရမည်ဖြစ်သည်။ သက်ဆိုင်ရာတာဝန် ရှိသူများအနေဖြင့်လည်း ပြည်သူလူထုစိုးရိမ်ပူပန်မှုမရှိအောင် မိုးလေဝသ ဖြစ်စဉ်များကို အချိန်နှင့်အမျှ အသိပေးထုတ်ပြန်ကာ သဘာဝပတ်ဝန်းကျင် အခြေအနေများကိုလည်း စဉ်ဆက်မပြတ်အသိပေးသွားဖို့လိုမည်ဖြစ်သည်။ ပြည်သူလူထုအနေဖြင့်လည်း သက်ဆိုင်ရာ၏ အသိပေးထုတ်ပြန်ချက်၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအတိုင်း သိရှိလိုက်နာဆောင်ရွက်သွားကြမည်ဆိုပါက ဘေးဒုက္ခအခက်အခဲများ လျော့နည်းသက်သာပြီး သဘာဝဘေးအန္တရာယ်မှ ကျော်လွှားလွန်မြောက်နိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ သဘာဝဘေးအန္တရာယ်များ လျော့ပါးသက်သာရေးနှင့် ကျော်လွှားလွန်မြောက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးထားသော အစီအမံများကို လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သလို သဘာဝဘေး မကျရောက်မီ လက်ရှိဖြစ်ပေါ်နေသော သတင်းမှန်များကို အချိန်နှင့်တစ်ပြေးညီ မှန်မှန်ထုတ်ပြန်ပေးပြီး ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သည်များကို ဆက်လက်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment