
ဝါရှင်တန် ဇူလိုင် ၆
အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ဒီမိုကရက်တစ် ပါတီ၏ သမ္မတလောင်းဖြစ်ရန် သေချာသလောက်ဖြစ်နေသည့် ဟီလာရီကလင်တန်၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတွင် ဟီလာရီကလင်တန်နှင့်ပူးပေါင်း၍ ပထမဆုံး အကြိမ်မဲဆွယ်ပေးခဲ့သည်။
အိုဘားမားနှင့် ကလင်တန်တို့သည် ဇူလိုင် ၅ ရက်က မြောက်ကာရိုလိုင်းနားပြည်နယ်၌ မဲဆွယ်စည်းရုံးမှုတစ်ခု၏ စင်မြင့်ပေါ်တွင် အတူလက်တွဲရပ်တည်ကာ မဲဆွယ် စည်းရုံးမှုများ ပြုလုပ်ခဲ့သည်။
ကလင်တန်က အိုဘားမားသည် အမေရိကန်နိုင်ငံ၏ လုံခြုံရေးနှင့် ခိုင်မာတောင့်တင်းရေးကို ဘယ်လိုထိန်းသိမ်း ထားရမည်ကို သိသည့် သမ္မတတစ်ဦးဖြစ်သည်ဟု ချီးမွမ်းခဲ့သည်။ အိုဘားမားစွမ်းဆောင်ခဲ့သည့် ပုဂ္ဂလိကကဏ္ဍအလုပ်အကိုင် ၁၄ သန်း ဖန်တီးပေးမှု၊ ကျန်းမာရေးစောင့် ရှောက်မှုအစီအစဉ်နှင့် သန့်ရှင်းသည့် စွမ်းအင်ကဏ္ဍ ဖော်ဆောင်ရေးစီမံကိန်းများကို ရည်ညွှန်း၍ ကလင်တန်က ချီးမွမ်းပြောဆိုခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံတွင် နောက်တက်လာမည့်သမ္မတ၏ အလုပ်သည် အိုဘားမား ဖော်ဆောင်ခဲ့သည့်စီမံကိန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရမည်ဟု ကလင်တန်က ပြောကြားသည်။
အိုဘားမားက အမေရိကန်သမ္မတရာထူးအတွက် အမျိုးသားရော အမျိုးသမီးပါ ကလင်တန်လောက်အရည် အချင်းရှိသူ တစ်ဦးတစ်ယောက်မျှမရှိဟု ပြောကြားပြီး ကလင်တန်ကို ယုံကြည်မှုရှိသည့်အတွက် မဲဆွယ်စည်းရုံးမှုတွင် ပူးပေါင်းပါဝင်ခြင်းဖြစ်သည်ဟု ပြောကြားသည်။
အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ကလင်တန် အနိုင်ရရှိရေး မိမိလိုလားသည်ဟုလည်း ဆက်လက်ပြောကြားသည်။
ဒီမိုကရက်တစ်ပါတီတွင် လူကြိုက်များသည့် သမ္မတအိုဘားမား၏ထောက်ခံမှုသည် ကလင်တန်အတွက် များစွာအရေးပါပြီး အိုဘားမား၏ ထောက်ခံမှုကို အခြေခံလျက် လာမည့်နိုဝင်ဘာရွေးကောက်ပွဲအတွက် ထောက်ခံမှုများ ပိုမိုရရှိရန်နှင့် အနိုင်ရရှိရေးအတွက် ကလင်တန်က ကြိုးပမ်းသွားမည်ဖြစ်သည်။
အင်န်အိတ်ခ်ျကေ။
No comments:
Post a Comment