Tuesday, July 5, 2016

အထည်ချုပ်စက်ရုံပိတ်သိမ်းမှုအတွက် လုပ်ခလစာကျန်ငွေနှင့် နစ်နာကြေးများ အလုပ်သမားများအား ပြန်လည်ပေးအပ်

ရန်ကုန် ဇူလိုင် ၎

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ့ ညငစသူမေ အထည်ချုပ်စက်ရုံ ပိတ်သိမ်းမှုအတွက် လုပ်ခလစာကျန်ငွေနှင့် နစ်နာကြေးများကို ယနေ့နံနက်ပိုင်းက ရွှေလင်ပန်းစက်မှုဇုန် ကနောင်ခန်းမ၌ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနက အလုပ်သမားများအား ပြန်လည်ပေးအပ်ခဲ့သည်။
''ပိုင်ရှင်က တရုတ်(တိုင်ပေ)ကပါ၊ မြေနဲ့စက်ရုံကိုငှားပြီး ဒီမှာလာလုပ်နေတာ၊ ဒီနှစ်ထဲမှာ လစာမပေးနိုင်တာတွေရှိခဲ့တယ်၊ ကြားထဲမှာ ဌာနဆိုင်ရာက ညှိနှိုင်းပြီးတော့ လစာပေးခဲ့တယ်၊ ငါးလပိုင်းမှာတော့ လစာမပေးဘဲ စက်ရုံပိတ်ပြီးပြန်သွားတယ်၊ လုံးဝဆက်သွယ်လို့မရဘူး၊ သူနဲ့ဖက်စပ်လုပ်တဲ့ မြန်မာနိုင်ငံသားလည်း ရှာလို့မရဘူး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေနဲ့အညီ ဖြေရှင်းပါလို့ လမ်းòန်မှုပေးတဲ့ အတွက် အလုပ်သမားတွေ လုပ်ခလစာနဲ့ နစ်နာကြေးရဖို့အတွက် ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တယ်''ဟု တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။
''မြန်မာနိုင်ငံမှာ အလုပ်သမားဘက်က ကာကွယ်တဲ့ဥပဒေပေါ်လာပြီ၊ အလုပ်ရှင် တွေ လုပ်ချင်တိုင်းလုပ်လို့မရဘူး၊ နိုင်ငံတော်ကထုတ်ပြန်ထားတဲ့ ဥပဒေတွေ၊ နည်း ဥပဒေတွေကို အလုပ်ရှင်ကလည်း လိုက်နာဖို့လိုအပ်သလို အလုပ်သမား ကလည်း လိုက်နာဖို့လိုတယ်။ ဒါမှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှာပါ''ဟု ဦးဇော်အေးမောင်က ပြောသည်။
အဆိုပါစက်ရုံမှ ပိုင်ရှင်ဖြစ်သူ တရုတ် (တိုင်ပေ)နိုင်ငံသား Mr. Richard Young သည် အလုပ်သမား ၁၈ဝ ၏ ယခုနှစ် မေလ လစာငွေအား ပေးချေခြင်း မရှိဘဲ စက်ရုံပိတ်ကာ တိမ်းရှောင်ထွက် ပြေးသွားရာ အလုပ်သမားများက မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ တင်ပြလာ သဖြင့် ဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက် ခဲ့ပြီး ဇွန် ၁၁ ရက်တွင် အလုပ်ရှင်ပိုင် ပစ္စည်းများကို ဝရမ်းကပ်ခဲ့ကာ နိုင်ငံပိုင် သတင်းစာများတွင် တရားဝင်ကြေညာ ခဲ့ကြောင်း၊ ဇွန် ၆ ရက်တွင် လေလံ တင်ရောင်းချရသည့်ငွေဖြင့် အလုပ်သမား များ၏ လုပ်ခလစာနှင့် စက်ရုံပိတ်နစ်နာ ကြေးများကို ပေးအပ်ခဲ့ကြောင်း အလုပ်ရုံ နှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ သိရသည်။

''မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံခြား ကုမ္ပဏီဝင်လာရင်ပဲဖြစ်ဖြစ်၊ ပြည်တွင်း ကုမ္ပဏီပဲဖြစ်ဖြစ် အလုပ်သမားတွေ အတွက် တည်တံ့ခိုင်မြဲတဲ့ အလုပ်အကိုင် ဖြစ်၊ မဖြစ် စိစစ်ဖို့လိုတယ်။ ဒါမျိုးတွေ နောင်မဖြစ်ဖို့ အလုပ်ရှင်ဘက်ကလည်း ပွင့်လင်းဖို့လိုတယ်၊ အစိုးရကလည်းပံ့ပိုး ကူညီမယ်။ အလုပ်ရှင်ကလည်း ပွင့်လင်း မယ်၊ အလုပ်သမားကလည်း စာနာ နားလည်မယ်ဆိုရင် ပြဿနာမတက် တော့ဘူးပေါ့''ဟု မြန်မာနိုင်ငံ တောင်သူ လယ်သမား၊ စိုက်ပျိုးရေးနှင့် စားသောက် ကုန်ထုတ်လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇာနည်သွေး က ပြောသည်။
Unipolar အထည်ချုပ်စက်ရုံဒီဇိုင်း ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည့် စက်ရုံလုပ်သား ကိုအောင်သူက ''ပထမ ဆုံးလုပ်ခလစာရဖို့ သက်ဆိုင်ရာအဖွဲ့ အစည်းတွေကို တင်ပြခဲ့တယ်၊ နောက်ပြီး နစ်နာကြေးကိစ္စတွေကိုပါ တင်ပြခဲ့တယ်၊ နစ်နာကြေးနဲ့လစာက တစ်ယောက်နဲ့ တစ်ယောက် မတူဘူး၊ အမြင်ဆုံး ၁ဝ သိန်းကျော်ကနေ အနိမ့်ဆုံး သုံးသိန်း ကျော်အထိ ရကြတယ်''ဟုပြောသည်။
Unipolar အထည်ချုပ်စက်ရုံ ပိတ်သိမ်းလိုက်သည့်အတွက် အလုပ် သမားတချို့မှာ တခြားအထည်ချုပ် စက်ရုံများတွင် အလုပ်ပြန်လည်ရရှိခဲ့ သော်လည်း အများစုမှာ လုပ်ငန်းရှာဖွေ နေဆဲဖြစ်ကြောင်း စက်ရုံလုပ်သားများ ထံမှ သိရသည်။

အလုပ်ရုံနှင့် အလုပ်သမားစစ်ဆေး ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ''စက်ရုံတွေက အများကြီးပဲ၊ အလုပ်သမားတွေ သွားလျှောက်လို့ ရပါ တယ်၊ အလုပ်သမားလိုနေတာပဲ၊ အလုပ် သမားကလည်း ပွင့်ပွင့်လင်းလင်းပြောပြ ပေါ့၊ အလုပ်သမားအရည်အချင်းကို သိမှ အလုပ်ရှင်ကခန့်လို့ရမှာ။ အဓိက ကတော့ အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးသဘော တူစာချုပ်ချုပ်ဖို့တော့ လိုတယ်၊ နှစ်ဖက် ပွင့်လင်းမှ လုပ်ငန်းအောင်မြင်မယ်'' ဟု ပြောသည်။ 

အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနက Unipolar အထည်ချုပ်စက်ရုံ မှ အလုပ်သမား ကျား ၃၆ ဦး၊ မ ၁၄၄ ဦး စုစုပေါင်း ၁၈ဝ ၏ ယခုနှစ် မေလအတွက် လုပ်ခလစာ ကျန်ငွေကျပ် ၂ဝ၉၂၄ဝ၉၅ နှင့် အလုပ် သမား ကျား ၃ဝ၊ မ ၁ဝ၆ ဦး စုစုပေါင်း ၁၃၆ ဦးတို့၏ စက်ရုံပိတ်နစ်နာကြေး ငွေကျပ် ၃၅ဝ၉၇၉၅၆ စုစုပေါင်း ငွေကျပ် ၅၆ဝ၂၂ဝ၅၁ ကို အလုပ်သမားကိုယ်စား လှယ်ထံပေးအပ်ပြီး သက်ဆိုင်ရာ တာဝန် ရှိသူများက အလုပ်သမားတစ်ဦးချင်းစီထံ စနစ်တကျထုတ်ပေးခဲ့ကြောင်း သိရသည်။
သတင်း- မင်းသစ်(သတင်းစဉ်)
ဓာတ်ပုံ - နေလင်း

No comments:

Post a Comment