Tuesday, July 5, 2016

ကမ်းပြိုကာကွယ်ရေးအတွက် ခန့်မှန်းကုန်ကျငွေကျပ်သန်းပေါင်း ၃၆ဝဝ ကျော်ရရှိရေး ပြည်ထောင်စုအစိုးရထံ တင်ပြတောင်းခံထား

မန္တလေး ဇူလိုင် ၎

မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးအတွင်း ကျေးရွာ ခုနစ်ရွာအတွက် ရေတိုက်စားကမ်းပြိုကာကွယ် ရေးလုပ်ငန်းများ ဆောင်
ရွက်ပေးရန် ခန့်မှန်းကုန်ကျငွေကျပ်သန်းပေါင်း ၃၆၅၈ ဒသမ ၅ဝ ကို ပြည်ထောင်စုအစိုးရထံ သီးသန့်ရန်ပုံငွေရရှိရေး တင်ပြတောင်းခံထားကြောင်း ယင်းဌာနမှ သိရသည်။
တိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်၊ ပန်းလောင်မြစ်နှင့် မြစ်ငယ်မြစ်အတွင်းမှ ကျေးရွာခုနစ်ရွာအတွက် လာမည့်မြစ်ရေကျချိန်တွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် ဖြစ်သည်။
''ဌာနအနေနဲ့ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးရာမှာ တိုင်း ဒေသကြီးနဲ့ ပြည်ထောင်စုအစိုးရမှ ခွင့်ပြုရန်ပုံငွေတောင်းခံရပါတယ်။ကမ်းပြိုတဲ့ရွာတွေ မှာ လွှတ်တော်ကိုယ်စားလှယ်နဲ့ အတူသွားကြည့်ပြီး ဘယ်လိုဆောင်ရွက်သင့်တယ် ဆိုတာ တိုင်းတာရေးလုပ်ပြီး ခွင့်ပြုချက်တောင်းခံရတာပါ''ဟု မန္တလးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်းက ပြောသည်။

၂ဝ၁၆-၂ဝ၁၇ တွင် ကမ်းပြိုကာကွယ်ရေးဆောင်ရွက်ရမည့် ကျေးရွာများမှာ ဧရာဝတီမြစ်တွင်းမှ ရွာသာယာကျေးရွာ(စဥ့်ကူးမြို့နယ်)အတွက် ငွေကျပ် ၁ဝ၁ သန်း၊ အိုင်ဒိုင် ကျေးရွာ(မတ္တရာမြို့နယ်)အတွက် ငွေကျပ် သန်း၉ဝဝ၊ ဆီမီးခုံကျေးရွာ (မြင်းခြံ မြို့နယ်)အတွက် ငွေကျပ် သန်း ၁၉၃၇ ဒသမ ၅ဝ ၊ မြစ်ငယ်မြစ်တွင်းမှ အင်းဝမြို့ နန်းဦး စေတီအနီးအတွက် ငွေကျပ် သန်း ၁၅ဝ ၊တံတားဦးမြို့နယ်ရှိ ဈေးချိုကျေးရွာ အတွက် ငွေကျပ် သန်း ၂၁ဝ နှင့် အိုးတုတ္တတန်းကျေးရွာအတွက် ငွေကျပ် သန်း ၂၁ဝ၊ ပန်းလောင် မြစ်အတွင်းမှ ဥသျှစ်ဖိုရွာ(တံတားဦးမြို့နယ်)အတွက် ငွေကျပ် သန်း ၁၅ဝတို့ ဖြစ်ပြီး စုစုပေါင်း ခန့်မှန်းကုန်ကျငွေကျပ် သန်း ၃၆၅၈ ဒသမ ၅ဝ ဖြစ်ကြောင်း သိရသည်။

''သီးသန့်ရန်ပုံငွေအတွက် ခွင့်ပြုချက်တောင်းဆိုထားတုန်းပဲရှိတယ်။ လာမယ့် မြစ်ရေကျချိန်မှာ လုပ်ဖို့ပါ။၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေနဲ့၊ ငွေကျပ် သန်း ၁၅ဝ နဲ့ အရေးပေါ်ကမ်းပြိုကာကွယ်ရေးတွေ လုပ်နေပါတယ်။အရေးပေါ် ကမ်းပြိုကာကွယ်ရေးမှာ သတ်သတ်မှတ်မှတ်မထားဘဲ ရေတက်ချိန်မှာ လည်း လုပ်ပေးရတယ်''ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်òန်ကြားရေးမှူး ဦးကျော်မြင့်သန်းက ပြောသည်။
ကမ်းပြိုကာကွယ်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများမှာ မျောတိုင်တန်း ကျောက်ဖြည့်ရေကာ၊ ရေမျောကျောက်ဖြည့် ကျောက်စီမြေထိန်းတမံ၊ သံခြင်းအခြေပြု ကျောက်စီမြေထိန်းတမံနှင့် သောင်တူးလုပ်ငန်းတို့ဖြစ်ပြီး ယခုတောင်းခံထားသည့် ပြည်ထောင်စုရန်ပုံငွေရရှိပါက မြစ်ရေကျချိန်တွင် လုပ်ငန်းများစတင်ရမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment