
နေပြည်တော် ဇူလိုင် ၎
နိုင်ငံခြားသားများ ကြီးကြပ်စောင့်ရှောက်ရေး ဗဟိုကော်မတီ အစည်းအဝေးကို နိုင်ငံတော်သမ္မတရုံး အစည်းအဝေး ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲတွင် ကျင်းပရာ နိုင်ငံခြားသားများကြီးကြပ်စောင့်ရှောက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတက နိုင်ငံအတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ဝင်၊ ထွက်သွားလာလျက်ရှိသော နိုင်ငံခြားသားများနှင့်ပတ်သက်၍ နိုင်ငံတော်၏ လုံခြုံရေး ကို ထိပါးမှုမရှိစေရေး၊ တရားဥပဒေနှင့်အညီ ကာကွယ် စောင့်ရှောက်မှုပေးနိုင်ရေးနှင့် စိစစ်ကြီးကြပ်မှုပေးနိုင်ရေး တို့အတွက် နိုင်ငံခြားသားများ ကြီးကြပ်စောင့်ရှောက်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ဗဟိုကော်မတီ နှင့် ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီများ ဆောင်ရွက်ရ မည့်တာဝန်များကို ချမှတ်ပေးထားပြီးဖြစ်ပါကြောင်း၊ နိုင်ငံခြားသားများ ကြီးကြပ်စောင့်ရှောက်ရေးနှင့် စပ်လျဉ်း ၍ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ရမည့် လုပ်ငန်း များအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က I 24/7 Channel ထူထောင်ထားပြီးဖြစ်၍ ဆက်သွယ်ဆောင်ရွက်နိုင်ပါ ကြောင်း၊ ကမ္ဘာလှည့်ခရီးသွားများ မြန်မာနိုင်ငံသို့ နှစ်စဉ် ပိုမိုလာရောက်လည်ပတ်နိုင်ရေးကို ပြက္ခဒိန်နှစ်အလိုက် တိုးမြှင့်သတ်မှတ်ထားပါကြောင်း၊ ၂ဝ၁၅ ခုနှစ်တွင် ကမ္ဘာ လှည့်ခရီးသွား ငါးသန်းသတ်မှတ်ခဲ့ရာ နယ်စပ်ဂိတ်များနှင့် အပြည်ပြည်ဆိုင်ရာ ဝင်၊ ထွက်ပေါက်များမှ ၄ ဒသမ ၆၈ သန်း ဝင်ရောက်ခဲ့ပါကြောင်း၊ ၂ဝ၁၆ ခုနှစ်တွင် နိုင်ငံတွင်း သို့ ကမ္ဘာလှည့် ခရီးသွား ၅ ဒသမ ၅ သန်း ဝင်ရောက်လာ နိုင်ရန် မျှော်မှန်းထားသည်ကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရပါကြောင်း၊ နိုင်ငံတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားများကို ဥပဒေနှင့်အညီ အကာအကွယ်ပေး စောင့်ရှောက်ကြရမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသ စစ်ဆေးရေးစခန်းများတွင် စစ်ဆေးရေးကိရိယာများ ပြည့်စုံလုံလောက်စွာထားရှိရန် လိုအပ်ကြောင်း။
ထို့ပြင် တစ်ဖက်တွင် ခရီးသွားလုပ်ငန်းကို မြှင့်တင်ရမည်ဖြစ်ပြီး တစ်ဖက်တွင် လုံခြုံရေးကို အထူးဂရုပြုကြရမည်ဖြစ်ကြောင်း၊ ဗီဇာဖြင့် ဝင်ရောက်မှုများ အပြင် Black List များကို သေချာစွာ စိစစ်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသား များ၏ လုံခြုံရေးနှင့်လိုအပ်ချက်များကို တရားဥပဒေနှင့်အညီ ကာကွယ် စောင့်ရှောက်ပေးကြရမည်ဖြစ်ပြီး နှောင့်ယှက်ဖျက်ဆီးလိုသူများကို စေ့စပ် သေချာစွာ စိစစ်ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ ခရီးသွားလုပ်ငန်း ရေရှည် ဖွံ့ဖြိုးတိုးတက်အောင်မြင်လာမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသားများ ကြီးကြပ် စောင့်ရှောက်ရေးလုပ်ငန်းအောင်မြင်ရန် ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံခြားသားများ ကြီးကြပ်စောင့်ရှောက်ရေးဗဟိုကော်မတီ အတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ်ဇော်ဝင်းက နိုင်ငံခြားသားများ ကြီးကြပ်စောင့်ရှောက်ရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ ၆ ရပ် ဖွဲ့စည်းထားမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက နိုင်ငံခြားသားများ ကြီးကြပ်စောင့်ရှောက်ရေးနှင့်စပ်လျဉ်း၍ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ဗဟိုကော်မတီဝင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဗီဇာလျှောက်ထားနိုင်မှုအခြေအနေများ၊ နယ်စပ်ဝင်ထွက် ပေါက်များမှ နိုင်ငံခြားသားများ ဝင်ထွက်မှုအခြေအနေများ၊ နယ်စပ်ဖြတ်သန်း ခွင့်လက်မှတ်ထုတ်ပေးမှုနှင့် လူဝင်မှုကြီးကြပ်ရေးဥပဒေနှင့် ပြစ်မှုဆိုင်ရာ ဥပဒေများအရ တရားစွဲဆိုမှုအခြေအနေများကိုလည်းကောင်း၊ ကော်မတီဝင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် က နိုင်ငံခြားသားများ လုံခြုံစွာခရီးသွားလာနိုင်မည့်အခြေအနေများကို လည်း ကောင်း ရှင်းလင်းဆွေးနွေးကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များက နိုင်ငံခြားသားများ ကြီးကြပ်စောင့်ရှောက်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် ဒုတိယသမ္မတက ရှင်းလင်းဆွေးနွေးမှုများအပေါ် ညှိနှိုင်း ပေါင်းစပ်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
(သတင်းစဉ်)
No comments:
Post a Comment