Sunday, July 3, 2016

အမေရိကန် ဒရုန်းလေယာဉ်များကြောင့် ခုနစ်နှစ်တာကာလအတွင်း သေဆုံးသူအရေအတွက် ၁၁၆ ဦးရှိ




The Mirror Daily's photo.


ဝါရှင်တန် ဇူလိုင် ၂

ပါကစ္စတန်၊ ယီမင်နှင့် အခြားသောဒေသများ၌ စစ်သွေးကြွများအား သုတ်သင် ချေမှုန်းရာတွင် အမေရိကန် ဒရုန်းလေယာဉ်များ၏ တိုက်ခိုက်မှုကြောင့် အရပ်သား ၁၁၆ ဦးခန့် သေဆုံးခဲ့သည် ဟု အမေရိကန်အစိုးရကဆိုသည်။

နိုင်ငံတကာဝေဖန်ပြစ်တင်မှုများကို ပြန်လည်တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ဒရုန်းလေယာဉ်များကြောင့် သေဆုံးသွားသော ပြည်သူများ၏ အရေအတွက်ကို ပထမဆုံးအကြိမ်အဖြစ် ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

အမျိုးသား စုံစမ်းစစ်ဆေးရေး ဒါရိုက်တာ ဂျိမ်းစ်ကလပ်ပါ၏ အစီရင် ခံစာတွင် ၂ဝဝ၉ ခုနှစ်မှ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း အမေရိကန် ကာကွယ်ရေးတပ်ဖွဲ့က မောင်းသူမဲ့ဒရုန်း လေယာဉ်များအပါအဝင် အကြမ်းဖက်တိုက်ခိုက်မှုစစ်ဆင်ရေး အကြိမ် ပေါင်း ၄၇၃ ကြိမ်ဆင်နွှဲခဲ့ကြောင်း ပါရှိသည်။

အမေရိကန်ကာကွယ်ရေးဌာနနှင့် စီအိုင်အေအဖွဲ့တို့သည် လစ်ဗျား၊ ဆိုမာလီယာ၊ ယီမင်နှင့် ပါကစ္စတန် နိုင်ငံများတွင် စစ်သွေးကြွများအား တိုက်ခိုက်ချေမှုန်းမှုများတွင် ပါဝင်ဆင်နွှဲခဲ့သည်။ ယင်းအစီရင်ခံစာတွင် အာဖဂန်နစ္စတန်၊ ဆီးရီးယားနှင့် အီရတ် နိုင်ငံများတွင်ဆင်နွှဲခဲ့သော စစ်ဆင်ရေးများ၏ အရေအတွက်ပါဝင်မှု မရှိ သေးပေ။

အဆိုပါ ခုနစ်နှစ်တာကာလအတွင်း အကြမ်းဖက်တိုက်ခိုက်ရေးတွင် စစ်သွေးကြွ ၂၅၈၁ ဦးခန့်သေဆုံးခဲ့ကြောင်း အစီရင်ခံစာအရသိရသည်။ ယင်းအရေအတွက်အနက် ၆၄ ဦးမှ ၁၁၆ ဦးသည် စစ်သွေးကြွမဟုတ်သည့် သာမန်အရပ်သားများဖြစ်သည်။

ကုလသမဂ္ဂအဖွဲ့၏ အစီရင်ခံစာအရ ပါကစ္စတန်နိုင်ငံတစ်နိုင်ငံတည်းမှာပင် မောင်းသူမဲ့လေယာဉ်များ၏ တိုက်ခိုက်မှုကြောင့် အရပ်သား ၄ဝဝ ကျော် သေဆုံးခဲ့ရကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment