Monday, July 4, 2016

စာရေးဆရာမြတ်ငြိမ်း ကွယ်လွန်


The Mirror Daily's photo.
ရန်ကုန် ဇူလိုင် ၃
၂ဝဝ၁ ခုနှစ် အမျိုးသားစာပေဆုရ စာရေးဆရာ မြတ်ငြိမ်းသည် ဇူလိုင် ၃ ရက် နံနက် ၁ နာရီ ၅ မိနစ်က ပင်လုံဆေးရုံတွင် ကွယ်လွန်သွားကြောင်း သိရသည်။ ဆရာမြတ်ငြိမ်းကို ၃-၁၂-၃၉ ရက်တွင် အဖ ဦးထွန်းငြိမ်း၊ အမိ ဒေါ်မမတို့က ရေနံချောင်းမြို့တွင် မွေးဖွားခဲ့သည်။ အမည်ရင်း ဦးမြင့်ဆွေဖြစ်သည်။ ၁၉၄၈ မှ ၁၉၅၂ ခုနှစ် ထိ ကြည့်မြင်တိုင် အေဘီအမ် မိန်းကလေးအထက်တန်းကျောင်း၌လည်းကောင်း၊ ၁၉၅၃ မှ ၁၉၅၇ ခုနှစ်ထိ လမ်းမတော်စိန်ဂျွန်း ယောက်ျားလေးအထက်တန်း ကျောင်း၌လည်းကောင်း တက်ရောက်ပညာသင်ကြားခဲ့ သည်။ ၁၉၆၁ ခုနှစ်တွင် လုပ်သားများကောလိပ်မှ ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ဘီအိုစီ(မြန်မာ့ရေနံ ရေနံဓာတုဗေဒနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဘဏ္ဍာ ရေးဌာန)တွင် အမှုထမ်းခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် ဌာနခွဲ မှူးအဆင့်ဖြင့် အငြိမ်းစားယူခဲ့သည်။
ငယ်စဉ်ကပင် မဂ္ဂဇင်းများတွင် ကဗျာဝတ္ထုတိုများ ရေးခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် ''ဖိလစ်ပိုင် အမျိုးသား အာဇာနည် ဒေါက်တာရီဇော်''လုံးချင်းစာအုပ်ဖြင့် စာပေ လောကသို့စတင်ခြေချခဲ့သည်။ ထိုစဉ်ကစပြီး ဘာသာ ပြန်ရသသုတစာအုပ်များ ဆက်တိုက်ရေးသားထုတ်ဝေ ခဲ့ရာ ယနေ့ထိ အုပ်ရေ ၁၂ဝ ခန့်ရှိပြီဖြစ်သည်။
ဒေါက်တာရီဇော်(၁၉၇၇)၊ ဟစ်တလာကို ပြန်လည် မွေးဖွားသူ(၁၉၇၇၊ ၁၉၉၃၊ ၂ဝဝ၁)၊ ရွက်မရှိလျှင်တက် တက်မရှိလျှင် လက်ချည်းလှော်မည်(၁၉၈ဝ)၊ ဤ မှန်သောသစ္စာစကားကြောင့်(၁၉၈၂)၊ စွန့်လွှတ်ခြင်းများ စွာဖြင့်(၁၉၈၃၊ ၁၉၈၇)၊ မြင်းမိုရ်မမြင့်ပါ(၁၉၉၉)၊ ဖေဖေ ပေးခဲ့မယ့်အမွေ(၂ဝဝဝ)၊ ဆရာအို၏ ဘဝနေဝင်ချိန် သင်တန်း(၂ဝဝဝ)၊ ဦးထုပ်ခြောက်လုံးတွေးခေါ်နည်း (၂ဝဝဝ)၊ တီထွင်တွေး(၂ဝဝ၃)တို့သည် ထင်ရှားသော စာအုပ်များဖြစ်သည်။ ၂ဝဝ၁ ခုနှစ်တွင် ''နှလုံးသားထဲမှာ အဖြေရှာ'' စာအုပ်ဖြင့် အမျိုးသားစာပေဆု(ဘာသာပြန် ရသစာပေဆု) ရရှိခဲ့သည်။
မကွယ်လွန်မီအချိန်ထိ အမှတ်(၁၁၅၁) အောင်သုခလမ်း၊ (၄ဝ)ရပ်ကွက် ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် နေထိုင်ကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment