
ဆိုးလ် ဇူလိုင် ၆
မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားနှစ်နိုင်ငံအကြားစစ်မဲ့ဇုန်ကို ဖြတ်သန်းစီးဆင်းထားသော မြစ်အတွင်းသို့ မြောက်ကိုရီးယားနိုင်ငံက သတိပေးချက်ထုတ်ပြန် ကြေညာခြင်းမပြုဘဲ ၎င်းနိုင်ငံအတွင်းရှိ ဆည်ရေများကို ဖွင့်ဖောက်ချခဲ့သည်ဟု တောင်ကိုရီးယားအာဏာပိုင်များ က ဆိုသည်။
ထိုသို့ဆည်ရေများဖွင့်ဖောက်ချခဲ့သည့်အတွက် တောင်ကိုရီးယားနိုင်ငံအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ် နိုင်ကြောင်း အာဏာပိုင်များကဆိုသည်။
ဇူလိုင် ၆ ရက် နံနက် ၆ နာရီ (တောင်ကိုရီးယား စံတော်ချိန်)တွင် မြောက်ကိုရီးယားနိုင်ငံက အင်ဂျင်းမ်မြစ် ပေါ်တွင်တည်ဆောက်ထားသော ရေကာတာအတွင်းရှိရေများကို ဖောက်ချခဲ့သည်ဟု တောင်ကိုရီးယား ကာကွယ်ရေးအရာရှိများက ပြောကြားခဲ့သည်။
ယင်းသို့ ဆည်ရေများဖွင့်ချခဲ့ခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံ၏ ပင်လယ်ရေမျက်နှာပြင် စိုးရိမ်ရေ အမှတ်သို့ ရောက်ရှိနိုင်ကြောင်း တောင်ကိုရီးယားကုန်းမြေ၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနက ဆိုသည်။ ပြည်သူများအား ဘေးလွတ်ရာနေရာသို့ ပြောင်းရွှေ့ကြရန် ယင်းဝန်ကြီးဌာနက တိုက်တွန်းထားကြောင်း သိရသည်။
ထိုသို့မြောက်ကိုရီးယားနိုင်ငံက သတိပေးအကြောင်း ကြားခြင်းမရှိဘဲ ဆည်ရေဖောက်ချခြင်းသည် ကိုရီးယား နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးဆွေးနွေးခြင်းနှင့် ပြန်လည် စည်းလုံးညီညွတ်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မှုကို မလိုလားကြောင်း ပြသခြင်းပင်ဖြစ်သည်ဟု ကိုရီးယားနှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျောင်ဂျုံးဟီက ဆိုသည်။
မြောက်ကိုရီးယားနိုင်ငံသည် ၂ဝဝ၉ ခုနှစ် စက်တင် ဘာလကစပြီး ဆည်ရေဖောက်ချခြင်းကို တောင်ကိုရီးယားနိုင်ငံအား သတိပေးအကြောင်းကြားပြီးမှသာ လုပ်ဆောင်မည်ဖြစ်ကြောင်း သဘောတူညီခဲ့သည်။ သို့သော် ၂ဝ၁၁ ခုနှစ်မှစပြီး ကြိုတင်သတိပေးရန် မြောက်ကိုရီးယားနိုင်ငံက ပျက်ကွက်ခဲ့သည်။
အင်န်အိတ်ခ်ျကေ။
No comments:
Post a Comment