Monday, July 4, 2016

ဖက်ဒရယ်အရေးနှင့် ဆွေးနွေးပွဲနည်းနာများ

 
 
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


ဤရက်ပိုင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ)တွင် တင်ပြရန် ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးမူနှင့် အားလုံး လိုလားသည့် နိုင်ငံရေးစနစ်တို့အား စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့(UNA) နှင့် မိတ်ဖက်အဖွဲ့အစည်းများ ဆွေးနွေးကြကြောင်း သတင်းများတွေ့ရှိရသည်။ ထိုဆွေးနွေးပွဲများ၏ နောက်ဆုံးရက်တွင် UNFC ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်လေးဦးတို့ တွေ့ဆုံရန် ပြင်ဆင်နေမှုများကိုလည်း ရှင်းပြ သည်ဟု သိရသည်။

ထိုသတင်းများအပြင် တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ သီးခြားပြင်ဆင်နေမှုများလည်း ရှိနေပါသည်။ အားလုံး၏ဦးတည်ချက်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) တွင် ¤င်းတို့ လိုလားနှစ်သက်သော ပုံစံများကို တင်ပြဆွေးနွေး နိုင်ရန် ဖြစ်ကြသည်ကို တွေ့နိုင်သည်။

ထိုသို့ နိုင်ငံရေးကိစ္စများကို လွတ်လပ် ပွင့်လင်းစွာ ကြိုတင်ပြင်ဆင်ဆွေးနွေးနိုင်သော အခြေအနေများကို မြင်တွေ့ရခြင်းမှာ များစွာအားတက်ဖွယ်ဖြစ်သည်။ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလေ့လာခြင်းသည် ပိုမိုပြည့်စုံသော အမြင်များကို ရရှိလာစေမည် ဖြစ်ပါသည်။
ပြီးခဲ့သော အစိုးရလက်ထက်က ၅ ရက်တာ ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင်လည်း ကဏ္ဍကြီးငါးခုနှင့် ပတ်သက်သော အဖွဲ့အသီးသီး၏ အမြင်များကို တင်ပြခဲ့သည်များလည်း ရှိခဲ့သည်။ သို့သော် ထိုညီလာခံမှာ အပြန်အလှန်ဆွေးနွေးဆုံးဖြတ်သော အဆင့်သို့မရောက်နိုင်ခဲ့ပေ။ ယခုအဖွဲ့အစည်းအသီးသီးကြား ပိုမိုအချိန် ယူ၍ ပြည့်ပြည့်စုံစုံပြင်ဆင်ခွင့်ရရှိနေသည်ကို တွေ့ရရာ မတူကွဲပြားသော အမြင်များ စုစည်းတင်ပြခြင်းများဖြစ်လာနိုင်သည့်တိုင် စေ့စပ်ညှိနှိုင်းခြင်း နည်းဖြင့် အကောင်းဘက်သို့သွားနိုင်မည်ဟုပင် ယူဆရပါသည်။
နိုင်ငံတကာအတွေ့အကြုံများအရလည်း သဘောတူညီချက်တစ်ခု ရရန် အလွန်ခက်ခဲသည်ကို တွေ့ရှိရသည်။ တစ်ဖက်ကတင်သောအဆိုကို တစ်ဖက်က သံသယဖြင့် ကြည့်မြင်ပြီး ငြင်းပယ်ရန်လမ်းများနေတတ်သည်။

တစ်ခန်းထဲတွင် မျက်နှာချင်းဆိုင်ထိုင်နေသော ဆွေးနွေးညှိနှိုင်းသူများကြား အပေးအယူ အလျော့အတင်းပြုလုပ်ရန် ခက်ခဲလာသောအခါများတွင် ဘက်နှစ်ဖက်ကြား အဆိုပြုချက်များကို လူးလာခေါက်ပြန်တင်ပြသောနည်း များ ကျင့်သုံးကြရသည်။ မတူညီသော အမြင်နှင့် အကျိုးစီးပွားများရှိနေသော အဖွဲ့များကြား အားလုံးသဘောတူညီသော ပဋိညာဉ်တစ်ခုရရှိရန်အတွက် သဘောတူညီချက်မူကြမ်း တစ်ခုရရှိရေးက အလွန်အရေးကြီးသည်။ ဤ အတွေ့အကြုံကို တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) အတွက် ညှိနှိုင်းစဉ်က တွေ့ရှိခဲ့ကြသည်။ ထိုစဉ်က အဆိုပြုချက်များကို NCCT ခေါ် တိုင်းရင်းသားများဘက်မှ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့၏ မူလအဆိုပြုချက်အများစုကို အခြေခံခဲ့သည်ဟု ဆိုပါ သည်။
ယခု ၂၁ ရာစုပင်လုံ ညီလာခံမှာမူNCA စာချုပ်ထက်ပိုမိုသော နိုင်ငံတည်ဆောက်ရေးဆိုင်ရာ၊ အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှုများ ဆိုင်ရာနှင့် သီအိုရီပိုင်းဆိုင်ရာ ညှိနှိုင်းမှုများပါရှိလာမည်ဖြစ်သည့်အတွက် မြောက်အိုင်ယာလန်ဆွေးနွေးပွဲများမှာကဲ့သို့ မည်သည့်ဘက်ကမှ ဦးဆောင် ရေးသားခွင့်မရှိသော မူကြမ်းရေးနည်းကို အသုံးပြုရန်လိုကောင်းလိုမည် ဖြစ်ပါသည်။ ဆွေးနွေးညှိနှိုင်းမှုများကို အစီအစဉ်တကျဖြစ်သင့်သည်ဟု နှစ်ဖက်စလုံးက သဘောတူထားပြီး အစီအစဉ်အတိုင်း တစ်ချက်ပြီးမှ တစ်ချက် သဘောတူမှ ရှေ့ဆက်ညှိနှိုင်းကြမည်ဆိုလျှင် သဘောတူညီချက်ရဖို့ ခက်သည်။ တစ်ချက်တည်းကိုသာ ဦးတည်ဆွေးနွေးလျှင် သဘောတူညီချက် ရဖို့ခက်ပါသည်။ အကြောင်းမှာ နှစ်ဖက်စလုံးအတွက် အရေးကြီးသော ကိစ္စရပ်များတွင် ဘာကိုပြန်လည်ရရှိနိုင်မည်ကို မမြင်ရဘဲ အလျှော့ပေး လိုက်လျောမှုလုပ်ချင်မည် မဟုတ်ပေ။ ထို့ကြောင့် အချက်များစွာကို တစ်ပြိုင်နက် ဆွေးနွေးနေဖို့ လိုပြီး မတူညီသောကဏ္ဍများမှာ အပြန်အလှန် အလျှော့ပေးမှုများနှင့် အပေးအယူလုပ်ခွင့်ရှိသော ဖွဲ့စည်းပုံစနစ် တည်ဆောက်ထားရန် လိုအပ်ပါသည်။

မည်သို့ဆိုစေ ဆွေးနွေးပွဲဖြစ်စဉ်တိုင်းတွင် အရေးကြီးဆုံးမှာ ယုံကြည်မှု ရရန်ဖြစ်ပြီး ထိုယုံကြည်မှုကိုလည်း ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်အတွင်း သဘောတူညီချက်များ တစ်ခုပြီးတစ်ခု ရရှိခြင်းဖြင့် တည်ဆောက် သွားရမည်သာဖြစ်ကြောင်း၊ ထိုသဘောတူညီချက်များကိုလည်း လက်တွေ့ ကျင့်သုံးမှုများနှင့်သက်သေပြသွားကြရမည်သာဖြစ်ပါကြောင်း ရေးသား တင်ပြရပါသည်။ ။




No comments:

Post a Comment