
နေပြည်တော် ဇူလိုင် ၃
(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ လူငယ်ဘော်လီဘော ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက် ရှိရာ ပြိုင်ပွဲ၏ ဒုတိယနေ့ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ဇူလိုင် ၃ ရက် မွန်းတည့် ၁၂ နာရီတွင် ယှဉ်ပြိုင်ကစားကြသည်။
ယနေ့ယှဉ်ပြိုင်သည့်ပွဲစဉ်များတွင် ပထမပွဲအဖြစ် မြန်မာလူငယ်(ခ)အသင်းနှင့် နယူးဇီလန်လူငယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာလူငယ်(ခ)အသင်းက (၂၅-၂၇)၊ (၂၅-၂၁)၊ (၂၅-၁၉)၊ (၂၅-၁၁)မှတ် (၃)ပွဲ(၁)ပွဲဖြင့် လည်းကောင်း၊ ဒုတိယပွဲအဖြစ် စင်ကာပူလူငယ်အသင်းနှင့် ထိုင်းလူငယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ထိုင်းလူငယ် အသင်းက (၂၅-၁၃)၊ (၂၅-၁၂)၊ (၂၅-၁၄)မှတ်ဖြင့် သုံးပွဲ ပြတ်ဖြင့်လည်းကောင်း၊ တတိယပွဲစဉ်အဖြစ် မြန်မာ လူငယ်(က)အသင်းနှင့် မော်လ်ဒိုက်လူငယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာလူငယ်(က)အသင်းက (၂၅-၁ဝ)၊(၂၅-၁၂)၊ (၂၅-၁ဝ)မှတ်ဖြင့် သုံးပွဲပြတ်ဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိသွားကြသည်။
ဇူလိုင် ၄ ရက် ပွဲစဉ်များအဖြစ် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် ဆက်လက်ကျင်းပမည်ဖြစ်ရာ ပထမပွဲစဉ်အဖြစ် မြန်မာလူငယ်(ခ)အသင်းနှင့် ထိုင်းလူငယ်အသင်း၊ ဒုတိယ ပွဲစဉ်အဖြစ် နယူးဇီလန်လူငယ်အသင်းနှင့် စင်ကာပူလူငယ် အသင်း၊ တတိယပွဲစဉ်အဖြစ် မြန်မာလူငယ်(က)အသင်း နှင့် အင်ဒိုနီးရှားလူငယ်ဘော်လီဘောအသင်းတို့ ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး မည်သူမဆို အခမဲ့လာရောက်ကြည့်ရှု နိုင်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment