
ရန်ကုန် ဇူလိုင် ၃
၂ဝ၁၆ ရာသီ MNLအမှတ်ပေး ပြိုင်ပွဲ ဒုတိယအကျော့ပွဲစဉ် (၁၆) ဒုတိယနေ့ပွဲစဉ်များကို ယနေ့ကျင်းပသည်။
(ဗထူးကွင်း)
ရတနာပုံ - ငါးဂိုး
Southern - တစ်ဂိုး
ရတနာပုံ - ငါးဂိုး
Southern - တစ်ဂိုး
ယခုရာသီတွင် ပုံမှန်ခြေစွမ်းပြ နေသည့် ရတနာပုံအသင်းသည် ကိုးပွဲဆက် အနိုင်ရလဒ်နှင့်အတူ ချန်ပီယံဖြစ်ရန် ပိုမိုနီးစပ်လာခဲ့သည်။ အမာခံကစားသမားအချို့ မပါနိုင် သော်လည်း ရတနာပုံအသင်းသည် အိမ်ကွင်း၌ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ဂိုးပြတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။Southern အသင်းသည် ယခု နောက်ပိုင်း ပွဲစဉ်များတွင် ရှုံးပွဲဆက် လာသောကြောင့် တန်းဆင်းဇုန်အတွင်း မှ ရုန်းထွက်နိုင်ရန် ဖိအားများလာခဲ့သည်။
အဓိက ကစားသမားများဖြစ်သည့် ရဲကိုဦးနှင့် အောင်သူတို့ ဒဏ်ရာရ နေသည့်အပြင် နောက်ခံလူ မွန်ကာလူး ပွဲပယ်ခံထားရသောကြောင့် ရတနာပုံအသင်းပွဲထွက်လူစာရင်း အပြောင်းအလဲအချို့ရှိခဲ့သော်လည်း ရန်ပိုင်၊ ဝင်းနိုင်စိုး၊ မာတူနာ၊ စည်သူအောင်တို့ဖြင့် လူစုံခဲ့သည်။ ချန်ပီယံ ဆုနှင့်နီးကပ်လာသည့် ရတနာပုံ အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး အကောင်းဆုံးပုံစံဖြင့် ယှဉ်ပြိုင်နိုင်ခဲ့သည်။
၁၁ မိနစ် တွင် ရတနာပုံအသင်း အဖွင့်ဂိုးရရှိ ခဲ့ပြီး တိုက်စစ်မှူးမာတူနာကသွင်းယူ ခဲ့ခြင်း ဖြစ်သည်။ ဂိုးရပြီးနောက်ပိုင်း တွင် ရတနာပုံအသင်း ကစားပုံ ပိုကောင်းလာပြီး ဝင်းနိုင်စိုးက မိနစ် ၄ဝ တွင် ပင်နယ်တီမှ ဒုတိယဂိုး၊ ၄၄ မိနစ်တွင် တတိယဂိုးတို့ကို သွင်းယူခဲ့သည်။
ဒုတိယပိုင်းတွင်လည်း ရတနာပုံ အသင်းက ပွဲကိုထိန်းချုပ်ကစားခဲ့သော် လည်း ၆၅ မိနစ်တွင် မိုက်ကယ်က Southern အတွက်ချေပဂိုး တစ်ဂိုး ပြန်သွင်းခဲ့သည်။ ၇၃ မိနစ်တွင်Southern အသင်းမှ အီဗရာဟီမာ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့၍ ရတနာပုံ စတုတ္ထဂိုးရခဲ့ပြီး ပဉ္စမမြောက် အနိုင် ဂိုးကို ၈၉ မိနစ်တွင် မျိုးကိုထွန်းက သွင်းယူပေးခဲ့သည်။
အခြားပွဲစဉ်များတွင် မကွေး အသင်းက ရခိုင်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မကွေး အတွက် ထူးထူးအောင်နှင့် ဆယ်လာ တို့က တစ်ဂိုးစီသွင်းယူခဲ့ပြီး ရခိုင် အတွက် ချေပဂိုးကို အန်ဒရေက သွင်းယူပေးခဲ့သည်။Horizon အသင်းနှင့် ဟံသာဝတီအသင်းတို့ပွဲ တွင် တစ်ဂိုးစီသရေကျခဲ့သည်။ အာနက်စ်က ပင်နယ်တီမှတစ်ဆင့် Horizon အတွက် ဂိုးစတင် သွင်းယူခဲ့သော်လည်း ဟံသာဝတီ အတွက် ချေပဂိုးကို ဘမ်ဘာက သွင်းယူခဲ့သည်။
ပွဲစဉ် (၁၆)အပြီးတွင် ရတနာပုံ အသင်းက ၄၄ မှတ်ဖြင့် ထိပ်ဆုံး၌ ဆက်လက်ဦးဆောင်လျက်ရှိပြီး မကွေးအသင်းက ၂၈ မှတ်၊ လက်ရှိ ချန်ပီယံ ရန်ကုန်နှင့် ဟံသာဝတီ အသင်းတို့က ၂၆ မှတ်စီ၊ ဇေယျာ ရွှေမြေအသင်းက ၂၅ မှတ်၊ ဇွဲကပင် နှင့် ဧရာဝတီအသင်းတို့က ၂၄ မှတ်စီ၊ ရှမ်းယူနိုက်တက်အသင်းက ၂၂မှတ်၊ ချင်းယူနိုက်တက်အသင်းက ၁၈ မှတ်၊ ရခိုင်အသင်းက ၁၁ မှတ်၊ Southern အသင်းက ၁ဝ မှတ်နှင့် Horizon အသင်းက ခြောက်မှတ်တို့ ရရှိထားသည်။
(ရှိုင်းထက်ဇော်)
No comments:
Post a Comment