
ဝေလအသင်းသည် ယူရို ၂ဝ၁၆ ပြိုင်ပွဲ၏ ကွာတားဖိုင်နယ်အဆင့်တွင် ဘယ်လ်ဂျီယံအသင်းအား သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။
ဝေလအသင်းနှင့် ဘယ်လ်ဂျီယံအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့သည့် ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွင် ဘယ်လ်ဂျီ ယံအသင်းသည် ပွဲစပြီး ၁၃ မိနစ်မှာပင် နိုင်ဂိုလန်၏ သွင်း ဂိုးဖြင့် ဦးဆောင်ဂိုးစတင်ရရှိခဲ့သော်လည်း ဝေလအသင်းသည် ဝီလီယံ၊ ကာနူးနှင့် ဗိုကတ်စ်တို့၏ သွင်းဂိုးသုံးဂိုး ရရှိခဲ့ခြင်းကြောင့် ဝေလအသင်းက ဘယ်လ်ဂျီယံအသင်း ကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ဝေလအသင်းသည် ၁၉၅၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်တွင် ဘရာဇီးအသင်းအား ရှုံးနိမ့်ခဲ့ပြီးနောက် အဓိကပြိုင်ပွဲများတွင် ကွာတားဖိုင်နယ်အဆင့် သို့ တက်လှမ်းနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ယခုတစ်ကြိမ်သည် ၁၉၅၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆီမီးဖိုင်နယ် အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ဝေလအသင်းသည် ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းကြောင့် ၁၉၉၂ ခုနှစ်နောက်ပိုင်း ယူရို ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်သို့ ပထမဆုံးအကြိမ်အဖြစ် တက်လှမ်းလာခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဝေလအသင်းသည် ယူရို ၂ဝ၁၆ ပြိုင်ပွဲတွင် သွင်းဂိုး ၁ဝ ဂိုးအထိသွင်းယူနိုင်ခဲ့ခြင်းကြောင့် အင်္ဂလန်အသင်းပြီးပါက ယူရိုပြိုင်ပွဲတွင် ဂိုးအများဆုံးသွင်းယူနိုင် သည့် ဗြိတိန်အခြေစိုက်အသင်းတစ်သင်းလည်းဖြစ်လာခဲ့သည်။
ဝေလအသင်းသည် ဆီမီးဖိုင်နယ်အဆင့်တွင် တိုက်စစ်မှူး စီရိုနယ်လ်ဒိုဦးဆောင်လာမည့် ပေါ်တူဂီအသင်းနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်သောကြောင့် ကမ္ဘာ့အဆင့်ရှိ ကစားသမားနှစ်ဦးဖြစ်သည့် ဂါရတ်ဘေးလ်နှင့် စီရိုနယ်လ်ဒိုတို့လည်း ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်သည်။
အဆိုပါပွဲစဉ်သည် ရီးယဲလ်မက်ဒရစ်၏ အားထားရသည့် တိုက်စစ်အတွဲဖြစ်သည့် ဂါရတ်ဘေးလ်နှင့် စီရိုနယ်လ်ဒိုတို့၏ တစ်ဦးချင်းတိုက်စစ်စွမ်းရည်ကို တွေ့မြင်ရမည့် ပွဲစဉ်ဖြစ်သည်။
ယင်းပွဲစဉ်တွင် ဘယ်လ်ဂျီယံအသင်းနှင့် ပွဲစဉ်တွင် အဝါကတ်ပြသခံထားရသည့် ကွင်းလယ်ကစားသမား ရမ်ဆေးနှင့် နောက်ခံလူ ဒေးဗီးတို့ လွဲချော်လိမ့်မည်ဖြစ်သည်။
(ငွေကြယ်)
No comments:
Post a Comment