
မြန်မာနိုင်ငံတွင် ပြည်တွင်း/ပြည်ပ ခရီးသွားများ တစ်နှစ်ထက်တစ်နှစ်များပြားလာသည်။ ၂ဝ၁၄ ခုနှစ်အတွင်း ပျူမြို့ပြနိုင်ငံများဖြစ်သည့် သရေ ခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းတို့သည် ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ် စာရင်းဝင်ခဲ့သည်။ ၂ဝ၁၅ခုနှစ် ဇွန်လ ၉ ရက်နေ့ ပြင်သစ်နိုင်ငံ ပါရီ မြို့၌ ကျင်းပခဲ့သည့် (၂၇)ကြိမ်မြောက် သဘာဝပတ်ဝန်းကျင်အစည်းအဝေးတွင် ရှမ်းပြည်နယ် အင်းလေးဒေသကို မြန်မာနိုင်ငံ၏ ပထမဆုံး လူနှင့် ဇီဝအဝန်းနယ်မြေအဖြစ် ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ကြီးက အတည်ပြုသတ်မှတ်ခဲ့သည်။ ထိုသို့ထူးခြားစွာ ဆောင်ရွက်နိုင်ခဲ့သဖြင့် မြန်မာနိုင်ငံအား ကမ္ဘာ့နိုင်ငံအသီးသီးမှ သိရှိသူများပြားလာပြီး ကမ္ဘာလှည့်ခရီးသွားများ ပိုမိုများပြားလာခဲ့သည်။ ရှေးဟောင်းစေတီပုထိုးများရှိရာ ပုဂံညောင်ဦး၊ ရခိုင်ပြည်နယ်ရှေးဟောင်းစေတီပုထိုးများရှိရာ မြောက်ဦး၊ ငပလီနှင့် ချောင်းသာကမ်းခြေ၊ ရှမ်းပြည်နယ် အင်းလေးကန်ဒေသများအပြင် နယ်ပယ်ဒေသသစ်များ ရှာဖွေဖို့လိုအပ်လာသည်။
ကရင်ပြည်နယ်ရှိ မြိုင်ကြီးငူဒေသနှင့် သံတောင်ဒေသ၊ ကချင်ပြည်နယ်တွင် အင်းတော်ကြီးကန်နှင့် ရေခဲများဖုံးလွှမ်းနေသည့် ခါကာဘိုရာဇီတောင်ရှိသည့် ပူတာအိုဒေသ၊ ချင်းပြည်နယ် သဘာဝအလှနှင့် ''ရိဒ်''ရေကန်၊ တနင်္သာရီ မြိတ်ကျွန်းစုဒေသဟူ၍ ခရီးသွားနယ်မြေသစ်များ ပေါ်ထွက်လာသည်။
ရေမြေတောတောင် သဘာဝအလှပေါကြွယ်ဝသော ရွာငံမြို့နယ်တွင်လည်း ကျောက်ခေတ်လူသားများနေထိုင်ခဲ့သည့် ပြဒါးလင်းဂူ၊ အမြင့် ၇၇၅၂ ပေရှိ သည့် အရှေ့မြင်အနောက်မြင်တောင်၊ ကျောက်ငှက်ရေဝင်ဂူ၊ ထူးခြားသည့် ဆင်ခေါင်းအင်း၊ရေထွက်၊ ရေတံခွန်၊ ကျောက်ဂူတိရေတံခွန်၊ စယဉ်းရေတံခွန်၊ ပျံလွှားငှက်တွင်း စသည့် လည်ပတ်လေ့လာစရာများ အများအပြားရှိပါသည်။ ခရီးသွားနယ်မြေသစ် တိုးချဲ့ဆောင်ရွက်သင့်သော နယ်မြေတစ်ခုဖြစ်ပါသည်။ ပြည်တွင်း၊ ပြည်ပ ခရီးသွားများ အထူးစိတ်ဝင်စားသော ပန်းလောင်နှင့် ပြဒါးလင်းဂူ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်းရှိ ကျောက်ခေတ်လူသားများနေထိုင်ခဲ့သည့် ပြဒါးလင်းဂူအကြောင်းကို လေ့လာမိသမျှ ရေးသားဖြန့်ဝေ လိုပါသည်။
ပြဒါးလင်းဂူသည် ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ရှမ်းကုန်းမြေမြင့် အနောက်ဘက်ခြမ်း တောင်စွယ်အခြေပိုင်း ပန်းလောင်နှင့် ပြဒါးလင်းဂူ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်းတွင် တည်ရှိသည်။ ပြဒါးလင်းဂူသည် ရွာငံမြို့အနောက်ဘက် ၁၂ မိုင်ခန့် အကွာတွင်တည်ရှိသည်။ ပြဒါးလင်းဂူ အမှတ်(၁)နှင့် (၂)ဟူ၍ နှစ်ဂူရှိသည်။ ပြဒါးလင်းဂူအမှတ်(၁)မှာ ခန့်မှန်းမြေပုံညွှန်း L-856624 နှင့် အမှတ်(၂) ခန့်မှန်းမြေပုံညွှန်း L-854623 ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၁ဝဝ ကျော်တွင် တည်ရှိပါသည်။ တစ်ဂူနှင့်တစ်ဂူ ကိုက် ၂ဝဝ ကွာဝေးသည်။ နံရံ ဆေးရေးပန်းချီများနှင့် ကျောက်စက်ပန်းဆွဲများ တွေ့မြင်နိုင်သည်။ ဂူအမှတ်(၂)မှာ အမှတ်(၁)ထက် ကျယ်ဝန်းမှုရှိပြီး အတွင်းပိုင်းတွင် ကျောက်စက်ပန်းဆွဲ၊ ကျောက်စက်မိုးမျှော် အများအပြားတွေ့ရသည်။ ပြဒါးလင်းဂူအမှတ်(၁)မှာ အလင်းရောင်နှင့် လေကောင်းလေသန့် ကောင်းစွာ ရရှိပြီး ဂူအစမှဂူအဆုံး အထိ ပေ ၃ဝ၊ ပေ ၄ဝ ခန့်ကျယ်ဝန်းသောကြောင့် ကျောက်ခေတ်လူသားများ နေထိုင်ရန် သင့်တော်သည့်အတွက် ယင်းဂူတွင် နေထိုင်ခဲ့ကြောင်း ရှေးဟောင်း သုတေသနပညာရှင်များက ယူဆကြသည်။
ပြဒါးလင်းဂူနှစ်ဂူအနက် အရှေ့ဘက်ဂူအမှတ်(၁)ဂူကို ၁၉၆၁ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ၁၉၆၉ ခုနှစ် ဇန်နဝါရီလမှာတစ်ကြိမ်၊ ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလမှာ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တူးဖော်သုတေသန ပြုလုပ်ခဲ့သည်။ ၁၉၆၉ ခုနှစ်တွင်တူးဖော်မှုမှ ကျောက်လက် နက်ကောင်း၊ အကျိုး စုစုပေါင်း ၁၆ဝဝ ကျော်၊ တိရစ္ဆာန်အရိုးအပိုင်းအစများ၊ မီးသွေးများ၊ မြေနီခဲများ၊ အရိုးများ၊ အိုးခြမ်းပဲ့များ တူးဖော်တွေ့ရှိခဲ့ပါသည်။ ကျောက်ခေတ် လက်နက်ကောင်း ၄၂၂ ခုကို ဆက်လက်လေ့လာမှုပြုရန် ရန်ကုန်မြို့သို့ ယူဆောင်သွားပြီး ကျန်လက်နက်များ အရှေ့ဘက်ဂူတွင် မြှုပ်နှံထားခဲ့ကြောင်း သိရသည်။ ၂ဝဝ၉ ခုနှစ်တူးဖော်မှု၌ ကျောက်ခေတ်လက်နက် ၄ဝဝ ကျော် ရရှိခဲ့သည်ဟု သိရှိရသည်။ မီးသွေးနှင့် တိရစ္ဆာန်အရိုးအပိုင်းအစများ၏ ခေတ်ကာလကိုသိရှိရန် နယူးဇီလန်နိုင်ငံသို့ ဓာတ်ခွဲစမ်းသပ်မှုများပြုလုပ်ရန် ပေးပို့ခဲ့ပါသည်။ ဓာတ်ခွဲစမ်းသပ်ချက်အရ လွန်ခဲ့သော နှစ် ၆၆၇ဝ ကျော်မှ ၁၃၄ဝဝ ကျော်အထိ ရှေးကျသော ကျောက်ခေတ်လူသားများ နေထိုင်သွားကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံ၌ ကျောက်ခေတ်ဟောင်းတွင် လူသားများနေထိုင်ခဲ့ကြောင်း ခိုင်မာသည့် အထောက်အထားများကို ပြဒါးလင်းဂူတွင် ရှာဖွေတွေ့ရှိခဲ့ပါသည်။ ဂူအတွင်းမှ ကျောက်ခေတ်လက်နက်များ တွေ့ရှိခဲ့သည်။ အမှတ်(၁) ဂူနံရံပေါ် တွင် တက်နေဝန်းပုံ၊ ငါးပုံ၊ နွားသားအမိပုံ၊ လက်ဝါးပုံနှစ်ပုံ၊ သမင်ပုံ၊ ဆင်ပုံ၊ တောဝက်ပုံ၊ ပြောင်ပုံစသည့် နံရံပန်းချီ ၁၂ ပုံကိုတွေ့ရှိခဲ့သည်။ ပန်းချီပုံမှာ ထုံးရည်ကြည်များ ဖုံးနေသည်ကို တွေ့ရသည်။ ၁၉၆၉ ခုနှစ် ဇန်နဝါရီလက တူးဖော်မှုတွင်တွေ့ရသော မြေနီခဲ(Red Ochre) တွေ့ရှိခဲ့ရသဖြင့် ကျောက် ခေတ်လူသားများ ရေးဆွဲခဲ့သည်မှာ ထင်ရှားကြောင်းတွေ့ရသည်။
ဂူထဲတွင် အစဉ်မပြတ်မီးဖိုပြီးနေခဲ့၍ ပြာထု လေးပေ ကျန်ရစ်ခဲ့သည်။ ပြာထုအရ ခန့်မှန်းလိုက်လျှင် ဂူအတွင်းမှလူများသည် အနှစ်တစ်သောင်းကျော် နေခဲ့ကြသည်ဟု ဆိုနိုင်သည်ဟု လေ့လာသိရှိရပါသည်။ ပြဒါးလင်းဂူနေ လူသားများသည် နံရံဆေးရေးပန်းချီ အထောက်အထားများအရ ကျောက်ခေတ်ဟောင်း ခရိုမတ်ဂနွန်(ပြင်သစ်)များ၏ ဓလေ့နှင့် တူညီနေရာ ကျောက် ခေတ်ဟောင်းလူသားများဖြစ်ကြောင်း တွေ့ရပါသည်။ ပြဒါးလင်းဂူတွင် ကျောက်ခေတ်ဟောင်းနှင့် ကျောက်ခေတ်သစ် ကျောက်လက်နက်များတွေ့ရှိ သဖြင့် ကျောက်ခေတ်လူသားများ စဉ်ဆက်မပြတ် နေထိုင်ခဲ့သော အထောက် အထားများဖြစ်ကြောင်း ဆရာကြီးချစ်စံဝင်းရေးသည့် ''ပျူ'' စာအုပ်တွင် လေ့လာမှတ်သားရပါသည်။
ပြဒါးလင်းဂူအနက် အမှတ်(၁)ဂူအရှေ့ဘက်ဂူမှာ Cupules ခေါ် ကျောက်ခွက်ငယ်လေးများကို တွေ့ရှိရသည်။ Cupules ဆိုသည်မှာ Cup Stones, Cup Marks ဟုအဓိပ္ပာယ်ရပါသည်။ Cupules ဆိုသည့် အခေါ် အဝေါ်ကို ကမ္ဘာကျော်ရှေးဟောင်း သုတေသနပညာရှင် Robert G.Bednarik က ၂ဝဝ၃ ခုနှစ်တွင် အမည်ပေးခဲ့ခြင်းဖြစ်သည်။ Cupules မှာ အစောဆုံး သမိုင်းမတင်မီခေတ်အနုပညာ (Prehistoric Art)j ဖြစ်သည်။ ခွက်ငယ်ပုံသဏ္ဌာန် (Cup-Shaped)ရှိပြီး လူလုပ်သည့် ကျောက်ခေတ်အနုပညာ (Man-made Rock Art)ဖြစ်သည်မှာ ထင်ရှားသည်။ ထုံးကျောက်မျက်နှာပြင်ကို လူ၏လက်ဖြင့် ခွက်ငယ်ကလေးများပုံသဏ္ဌာန်ဖြစ်အောင် ရိုက်ခတ်ပြုလုပ်ထားသည့် ကျောက်ခွက်ငယ်လေးများ ဒေါင်လိုက်(သို့မဟုတ်) အလျားလိုက်နှစ်မျိုးတွေ့ရ သည်။ ကျောက်ခွက်ငယ်လေးများကို ကုန်းတွင်းပိုင်း အရှေ့တောင်အာရှ (Mainland Southeast Asia)နိုင်ငံများဖြစ်သည့် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ မလေးရှား၊ ကမ္ဘောဒီးယားနိုင်ငံများအနက် မြန်မာနိုင်ငံ တစ်နိုင်ငံတည်းမှာသာ ထူးခြားရှားပါးစွာ တွေ့ရှိခဲ့ရသဖြင့် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ဖြစ်ကြောင်းကို ပါမောက္ခ ဒေါက်တာရည်ရည်အောင် ရေးသည့် ပြဒါးလင်းဂူမှ အသစ်တွေ့ရှိချက်များ ဆောင်းပါးတွင် လေ့လာမှတ်သားရပါသည်။
ကျောက်ခေတ်နံရံ ဆေးရေးပန်းချီများကို ကင်းတားဆည်၏ အနောက်တောင်ဘက် ပြဒါးလင်းဂူရှိသည့် တောင်ကြောအနောက်တောင်ဘက် ခုနစ် မိုင်ခန့်အကွာတွင် ထပ်မံတွေ့ရှိရသည်။ သဘာဝကျောက်တုံးကြီးခုနစ်တုံး တစုတစည်းတည်း တည်ရှိနေသည့်အနက် အလျားပေ ၈ဝ၊ အနံပေ ၄ဝ ခန့်ရှိ အမိုးသဖွယ်ဖြစ်နေသော အကြီးဆုံးကျောက်တုံးကြီး၏ မျက်နှာကြက်ကဲ့သို့ နေရာတွင် လက်ဝါးပုံ၊ တိရစ္ဆာန်ပုံများ တွေ့ရသည်။ အမိုးပုံကျောက်တုံးကြီး၏ အရှေ့ ပေ ၅ဝ ခန့်အကွာတွင် အမြင့် ၂၂ ပေရှိသည့် နံရံတွင်လည်း အလျား ၁၄ ပေ၊ အမြင့် ကိုးပေအရွယ်ရှိသော ဆင်ရုပ်ကြီးနှင့် အခြားရုပ်ပုံများကိုလည်း မှေးမှိန်စွာ တွေ့ရှိရသည်။ အလားတူ အမိုးပုံကျောက်တုံးကြီး၏ တောင်ဘက်ရှိ ကျောက်တုံးတစ်တုံး အောက်ခြေတွင်လည်း ပုံအချို့တွေ့ရပြီး ပုံများအားလုံးမှာ ရေစီးကြောင်းများ၊ ဖုန်မှုန့်များ၊ ကျပ်ခိုးများကြောင့် ပေါ်လွင်ထင်ရှားမှု အားနည်းကြောင်း သိရသည်။
ပြဒါးလင်းဂူသည် မြန်မာနိုင်ငံတွင် ကျောက်ခေတ်လူသားများနေထိုင်ခဲ့သည့် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်သည်။ အချက်အလက်အထောက်အထား ခိုင်ခိုင်လုံလုံရှိသည့် ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရာ နယ်မြေတစ်ခုဖြစ်သည်။ ပန်းလောင်နှင့်ပြဒါးလင်းဂူ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်းတည်ရှိသဖြင့် သဘာဝခရီးသွားလုပ်ငန်း ဖွံ့ဖြိုး လာနိုင်သည့်အတွက် သဘာဝတောတောင်ရေမြေ အထူးထိန်းသိမ်းရန် လိုအပ်လျက်ရှိပါသည်။ ပြဒါးလင်းဂူကို ပြည်ပခရီးသွားများက စိတ်ဝင်စားသဖြင့် တစ်နှစ်ပတ်လုံး သွားရောက်လေ့လာနိုင်ရန် ရွာငံ-ပြဒါးလင်းဂူလမ်းကို ကတ္တရာ လမ်းအဖြစ် အမြန်တိုးချဲ့ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါသည်။ ဓနုဒေသ တစ်ခုဖြစ်သည့် ရွာငံမြို့နယ်သို့ ခရီးသွားကုမ္ပဏီများက ပြည်တွင်း ပြည်ပ ခရီးသွားများအတွက် ခရီးစဉ်များတွင် ထည့်သွင်းရေးဆွဲပေးနိုင်ပါရန်နှင့် ဟိုတယ်နှင့်ခရီးသွားကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံကြပါရန် တိုက်တွန်းရေးသားဖော်ပြအပ်ပါသည်။
လှိုင်ဘွား(စီမံကိန်း)
No comments:
Post a Comment