နေပြည်တော် ဇူလိုင် ၆
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံသူ နိုင်ငံသားများ၊ ပရဟိတစေတနာရှင်များ၊ လူမှုအသင်းအဖွဲ့များမှ လစဉ်ချီးကျူးဂုဏ်ပြုထိုက်သူကို ရွေးချယ်၍ ကျေးဇူးတင်လွှာ ထုတ်ပြန်ပေးလျက်ရှိရာ ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင်ခဲ့သည့် မွေးရာပါလက်နှစ်ဖက်မပါရှိသူ မနော်ဒါးခူ ကို ဇွန်လအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်လိုက်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ဇူလိုင် ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး
ပြည်သူသို့ ကျေးဇူးတင်လွှာ
၁၃၇၈ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက်
(၂ဝ၁၆ ခုနှစ်၊ ဇူလိုင်လ ၅ ရက်)
၁။ နိုင်ငံတော်အစိုးရအဖွဲ့အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးနှင့် လိုက်လျောညီထွေဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်ရေး၊ နိုင်ငံသူနိုင်ငံသားများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားရေးဟူသော ရည်မှန်းချက်များချမှတ်၍ ပြည်သူလူထုနှင့်လက်တွဲကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
၂။ နိုင်ငံတော်အစိုးရအနေဖြင့် အရှေ့တောင်အာရှနှင့် အာရှမှသည် နိုင်ငံတကာမျက်နှာစာထိ နိုင်ငံတော်၏ဂုဏ်သိက္ခာ၊ ပုံရိပ်ပြန်လည် မြှင့်တင်နိုင်ရန်အတွက် နိုင်ငံသူနိုင်ငံသားတို့၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ကဏ္ဍတစ်ရပ်အဖြစ် ဖော်ဆောင်လျက်ရှိရာ နိုင်ငံသူနိုင်ငံသားများကလည်း လုံ့လဝီရိယ၊ ပညာ၊ မေတ္တာ၊ စေတနာတို့ကို အရင်းတည်၍ ဝိုင်းဝန်းကြိုးပမ်း အထောက်အကူပြုနေကြသည်ကိုလည်း ဝမ်းမြောက်ဖွယ်ရာ တွေ့ရှိနေရပါသည်။
၃။ နိုင်ငံတော်တည်ဆောက်ရေးတွင် အနာဂတ်ခေါင်းဆောင်များအဖြစ် နိုင်ငံတော်ကို ထုဆစ်ပုံဖော်ကြရမည့် ယနေ့လူငယ်လူရွယ်များ၏ စာရိတ္တ မဏ္ဍိုင်၊ တွေးခေါ်မြော်မြင်နိုင်စွမ်းပြည့်ဝသည့် ကိုယ်ရည်ကိုယ်သွေး စိတ္တမဏ္ဍိုင်နှင့် ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုပညာ့မဏ္ဍိုင်တို့ အခြေခံကျကျ လိုအပ်နေပါသည်။ သဘာဝသယံဇာတဟူသည် ကုန်ခန်းနိုင်သော သဘောသဘာဝရှိပြီး လူငယ်တို့၏ စွမ်းအားအရင်းအမြစ်သည်သာ မကုန်ခန်းနိုင်သော နိုင်ငံ၏ကြွယ်ဝမှု သယံဇာတပင် ဖြစ်ပါသည်။ နိုင်ငံတော်ကို တည်ဆောက်ကြရာတွင် လူငယ်တို့၏ အနာဂတ်နှင့် ဆက်စပ်တည်ဆောက်ကြရန် လိုအပ်သည့် နည်းတူ လူငယ်များကလည်း ကိုယ်စီကြိုးပမ်း အားထုတ်မှုများဖြင့် ပါဝင် လျှောက်လှမ်းကြရန် အရေးကြီးပါသည်။
၎။ မျိုးဆက်သစ် လူငယ်တစ်ဦးဖြစ်သော မနော်ဒါးခူသည် ၂ဝ၁၃-၂ဝ၁၄ နှင့် ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တို့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို ဝင်ရောက်ဖြေဆိုခဲ့ရာတွင် ကျရှုံးခဲ့သော်လည်း ၂ဝ၁၅-၂ဝ၁၆ ပညာသင် နှစ်တွင် အောင်မြင်အောင် ဖြေဆိုနိုင်ခဲ့ပါသည်။ မနော်ဒါးခူသည် တပ်မတော်စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ဆဲဖြစ်သော ဖခင်ဖြစ်သူ တပ်ကြပ်စောသာဒေါနှင့် ဖခင်ပေါ်သာ မှီခိုနေရသည့် မိခင်ဖြစ်သူ ဒေါ်နော်ဖောကိုတို့၏ မွေးချင်း ငါးယောက်ထဲမှ အငယ်ဆုံးဖြစ်ပြီး မွေးရာပါ လက်နှစ်ဖက်လုံးမပါရှိသူ ဖြစ်သော်လည်း ခြေထောက်ဖြင့် စာရေးနိုင်အောင် သူငယ်တန်းမတက်မီကပင် ကြိုးစားလေ့ကျင့်ခဲ့သူ ဖြစ်ပါသည်။ မနော်ဒါးခူ ၏ မိဘများမှာလည်း နွမ်းပါးသူများဖြစ်သဖြင့် ကျောင်းနေကာလတစ်လျှောက် လုံးတွင် ပြင်ပကျူရှင်များ လုံးဝတက်ရောက်နိုင်ခြင်းမရှိခဲ့ဘဲ ဆရာ ဆရာမများက ကျောင်းစာသင်ချိန်အတွင်း၌သာ ပို၍အလေးထားသင်ကြား ပေးခဲ့ရုံသာရှိပါသည်။ မနော်ဒါးခူသည် မွေးရာပါ ကိုယ်အင်္ဂါချို့တဲ့သူ ဖြစ်သော်လည်း ဘဝကိုအလွယ်တကူအရှုံးမပေးဘဲ ခိုင်မာသည့် စိတ်ဓာတ်၊ ထက်သန်သည့် လုံ့လဝီရိယတို့ဖြင့် အများနည်းတူ ပညာသင်ကြားအောင်မြင် ရေးနှင့် ဘွဲ့တစ်ခုခုရရှိအောင်ကြိုးစားပြီး ဘွဲ့ရရှိပါက သင့်လျော်သည့် လုပ်ငန်းဌာနတစ်ခုခုတွင် နိုင်ငံ့တာဝန် ထမ်းရွက်မည်ဟူသော ရည်မှန်းချက် ချမှတ်ထားသူဖြစ်ပါသည်။ ဤကြိုးပမ်းအားထုတ်မှုများသည် မနော်ဒါးခူ ကဲ့သို့သော မသန်စွမ်းကလေးသူငယ်များအတွက်သာမက လူငယ်လူရွယ်၊ ကျောင်းသားကျောင်းသူများ အားကျအတုယူဖွယ်ရာ ပြယုဂ်တစ်ခုအဖြစ် ဝမ်းမြောက်ဖွယ်တွေ့ရှိရပါသည်။
၅။ သို့ဖြစ်၍ ယခုနှစ် ဇွန်လအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် မနော်ဒါးခူအား ရွေးချယ်၍ ဤကျေးဇူးတင်လွှာကို ထုတ်ပြန်လိုက်ပါသည်။
၆။ မနော်ဒါးခူနည်းတူ နိုင်ငံသူ နိုင်ငံသားများ၊ ပရဟိတစေတနာရှင်များ၊ လူမှုရေးအသင်းအဖွဲ့များအနေဖြင့် မိမိနိုင်ငံတည်ဆောက်ရေးအတွက် လိုအပ်ချက်များကို နိုင်ငံသားစိတ်ဓာတ်ကိုအရင်းခံလျက် ကြိုးပမ်းဖြည့်ဆည်း ဝိုင်းဝန်းကူညီပေးကြရန် မေတ္တာရပ်ခံလျက် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
အောင်ဆန်းစုကြည်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
No comments:
Post a Comment