
ရန်ကုန် ဇူလိုင် ၂
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူဆီလီကွန်ရုပ်တုကို အများပြည်သူလေ့လာကြည့်ရှုနိုင်ရန် ဇူလိုင် ၁၉ ရက် (အာဇာနည်နေ့)မှစတင်ကာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်ချို(၁)ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်လမ်း အမှတ်(၂၅) ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)၌ ပြသထားရှိသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
''ဗိုလ်ချုပ်နေအိမ်မှာ အမြဲတမ်းထားဖို့ပါ။ အရင်က ဗိုလ်ချုပ်အပန်းဖြေ ရင်ထိုင်တဲ့ ကုလားထိုင်မှာပဲ ဗိုလ်ချုပ်နဲ့ ပုံစံတူ ရုပ်တုလေးထားရင် ပိုပြီးပြည့်စုံမယ်၊ ပိုပြီးစိတ်ဝင်စားမယ်ဆိုပြီး လူကြီးတွေရဲ့ လမ်းညွှန်ချက်နဲ့ ထုလုပ်တာပါ။ အများပြည်သူလေ့လာနိုင်အောင် အာဇာနည်နေ့က စပြီးပြသထားမှာပါ''ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးကပြောသည်။
ပက်လက်ကုလားထိုင်ပေါ်တွင် စာဖတ်နေသည့် လူသားစစ်စစ်အသွင် တည်ကြည်ခန့်ညားသည့် ဗိုလ်ချုပ်အောင်ဆန်း၏ပုံတူ ဆီလီကွန်ရုပ်တုကို ထုလုပ်နိုင်ရန် အချိန်တစ်လနီးပါးကြာမြင့်ခဲ့ပြီး ဇူလိုင် ၂ ရက်တွင် သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အပ်နှံခဲ့ကြောင်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)ကျောင်းဆင်းတစ်ဦး ဆီလီကွန်ပန်းပုပညာရှင် ကိုအောင်ကျော်ထွန်းထံမှ သိရသည်။
''ဗိုလ်ချုပ်နေခဲ့တဲ့ နတ်မောက်နဲ့ ရန်ကုန်နေအိမ်နှစ်လုံးစလုံးမှာ ပက်လက်ကုလားထိုင်လေးတွေရှိပါတယ်။ ဗိုလ်ချုပ်က အနားယူတဲ့အချိန်တွေမှာ စာဖတ်တဲ့ အလေ့အထရှိတဲ့အတွက် အခုရုပ်တုမှာ တစ်မူထူးခြားစွာ ဝတ်ဆင်နေကျ ဝတ်စုံမျိုးမဟုတ်ဘဲ အိမ်နေရင်းစွပ်ကျယ်လေးနဲ့ စာဖတ်နေတဲ့ ပုံစံမျိုးကို ထုထားတာပါ။ ဗိုလ်ချုပ် သူ့အိမ်သူပြန်ပြီး အပန်းဖြေရင်း စာအုပ်ဖတ်နေတယ် ဆိုတဲ့ရသလေးကို ဖော်ပြနိုင်မယ်လို့ထင်ပါတယ်။ ဗိုလ်ချုပ်အိမ်မှာ ဗိုလ်ချုပ် ပြန်ရောက်လာတဲ့အတွက် အလွန်တင့်တယ်ပါတယ်။ ပိုပြီးတော့လည်း ပြည်သူ တွေလာကြည့်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်''ဟု ဆီလီကွန်ပန်းပု ပညာရှင် ကိုအောင်ကျော်ထွန်း ကပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းပုံတူ ဆီလီကွန်ရုပ်တုကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ငွေကျပ် (၁၅)သိန်းအကုန်အကျခံ ထုလုပ်ခဲ့ပြီး ဆီလီကွန်ပန်းပုပညာရှင် ကိုအောင်ကျော်ထွန်းက လက်ခမယူဘဲ စေတနာဖြင့် ထုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင်ပြီးခဲ့သည့်နှစ်က ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ်အဖြစ် မကွေးခရိုင် နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ပြတိုက်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံတူ ဆီလီကွန်ရုပ်တုကို အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် ထုလုပ်ထားရှိခဲ့ကြောင်း ဆီလီကွန် ပန်းပုပညာရှင် ကိုအောင်ကျော်ထွန်း ထံမှသိရသည်။
''ရွှေတိဂုံဘုရားဖူးရင်း၊ကန်တော်ကြီးဘက်လည်ရင်း၊ တိရစ္ဆာန်ရုံဘက် သွားရင်း ဗိုလ်ချုပ်နေအိမ်မှာ ဗိုလ်ချုပ်ကိုသွားကြည့်မယ်ဆိုတဲ့စိတ်နဲ့ သွားကြည့်ကြမယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းပုံတူ ဆီလီကွန်ရုပ်တု ထုလုပ်ရကျိုးနပ်ပါ တယ်''ဟု ကိုအောင်ကျော်ထွန်းက ပြောသည်။
အမှတ် ၂၅၊ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်လမ်း၊ ဗိုလ်ချို(၁)ရပ်ကွက်၊ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်) တစ်နည်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်၌ ယခုနှစ် ဇူလိုင် ၁၉ ရက်(အာဇာနည်နေ့)တွင် ဗိုလ်ချုပ်အောင်ဆန်း၏ပုံတူ ဆီလီကွန်ရုပ်တုအပြင် တစ်မူထူးခြားစွာဖြင့် ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံများကို အိမ်အဝင်လမ်းတစ်လျှောက် ပုံညွှန်းစာများဖြင့် ပြသထားရန်နှင့် ဗိုလ်ချုပ်ဝတ်ဆင်ခဲ့သည့် ကုတ်အင်္ကျီကိုလည်း ပြသထားရန် စီစဉ်နေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
သတင်း- သီသီမင်း၊ ဓာတ်ပုံ- အောင်ကျော်ထွန်း
No comments:
Post a Comment