ရာဇဝတ်မှုကျယ်ပြန့်လာခြင်းအပေါ်အရေးတယူကိုင်တွယ်ရန်လိုအပ်
=============================================
=============================================
မြန်မာနိုင်ငံ၌ ပြီးခဲ့သောသုံးလေးနှစ်မှစ၍ ရာဇဝတ်မှုများ သိသိသာသာ တိုးပွားလာသည်ကို သတိပြုမိကြမည်ဖြစ်ပါသည်။ ကြုံလေ့ကြုံထမရှိသော ရာဇဝတ်မှုပုံစံမျိုးစုံ တို့ကို အသစ်အသစ်သောပုံစံများဖြင့် ကြုံတွေ့လာရပါသည်။ အသစ်အသစ်သော ရာဇဝတ်မှုများမှာ ပို၍ပို၍ ပြောင်ကျလာပြီး ပို၍ပို၍ရဲတင်းလာပါသည်။ အချိန်၊ နေရာ မရွေး ကြုံတွေ့နိုင်သည့် အခြေအနေမျိုးတွေ့လာရသည်။ ဤသို့ဤပုံ ရာဇဝတ်မှုများ ပြန့်ပွားလာခြင်းသည် အကျင့်စာရိတ္တပျက်ပြားခြင်း၌ အခြေခံခြင်းလော၊ သို့တည်း မဟုတ် ဆင်းရဲနွမ်းပါးခြင်း၌ အခြေခံခြင်းလော၊ သို့တည်းမဟုတ် အခြားမည်သည့် အကြောင်းအချက်တို့ကို အခြေခံ၍လောဟု မွေးခွန်းထုတ်စရာ ဖြစ်လာပါသည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မကျဆုံးမီရက်ပိုင်းအလို ဇူလိုင် ၁၆ ရက်နေ့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် အိုင်စီအက်စ်အရာရှိကြီးများ ငြင်းခုံဆွေးနွေးခဲ့သည်ကို ဤနေရာ၌ တင်ပြရန်လိုအပ်လာပါသည်။ ကျယ်ပြန့်နေသော ရာဇဝတ်မှုများနှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက ကုန်ဈေးနှုန်းကျဆင်းရေး(တစ်နည်းဆိုရသော်) ပြည်သူအများစုစားဝတ်နေရေး ပိုမိုချောင်လည်ရေးကို အဓိကဦးတည်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။ အိုင်စီအက်စ်အရာရှိကြီးများက ငြိမ်ဝပ်ပိပြားရေး (တစ်နည်းဆိုရသော်) ရာဇဝတ်မှုနှိမ်နင်းရေးကို အဓိကဦးတည်ဆောင် ရွက်ရန် ဆွေးနွေးခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အတွေးအမြင်၌ ရာဇဝတ်မှုများ ကျယ်ပြန့်နေခြင်းသည် စားဝတ်နေရေးကျပ်တည်းခြင်း၌ အခြေခံပါသည်။
သို့ဖြစ်ပါ၍ ပြည်သူအများစု၏ စားဝတ်နေရေးချောင်လည်ရေးကို ဦးတည်ဆောင်ရွက်ရန် ဆွေးနွေး ခဲ့ခြင်းဖြစ်ပါသည်။ အိုင်စီအက်စ်အရာရှိကြီးများ၏ အတွေးအမြင်၌ ရာဇဝတ်မှုများ ကျယ်ပြန့်လာခြင်းသည် ဥပဒေစိုးမိုးမှုလျော့ရဲခြင်းကြောင့် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ရာဇဝတ်မှုနှိမ်နင်းရေးကို ဖိဖိစီးစီးဆောင်ရွက်ရန် ဆွေးနွေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ဆွေးနွေးငြင်းခုံမှုသည် နာရီများစွာကြာမြင့်ခဲ့ပြီး အဆုံးသတ်၌ ဗိုလ်ချုပ် အောင်ဆန်း၏ အယူအဆအား အိုင်စီအက်စ်အရာရှိကြီးများက ဘဝင်ကျကျ လက်ခံ အတည်ပြုခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ပစ္စုပ္ပန်အခြေအနေအား သုံးသပ်ပါက မြန်မာနိုင်ငံ၏ တစ်မျိုး သားလုံးထုတ်ကုန်တန်ဖိုး (GDP) တိုးတက်နှုန်းသည် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်း ပျမ်းမျှ ၇ ရာခိုင်နှုန်း ရှိပါသည်။
စီးပွားရေးဖွံ့ဖြိုးမှုနှုန်းသည် ကျေနပ်လက်ခံနိုင်စရာဖြစ်သော်လည်း ဤစီးပွားရေး ဖွံ့ဖြိုးမှု၏ အသီးအပွင့်အား ပြည်သူအများစုခံစားနိုင်မှုမရှိသည်ကို သတိပြုထည့်သွင်း စဉ်းစားထားရမည် ဖြစ်ပါသည်။ ကမ္ဘာ့ဘဏ်က မကြာသေးမီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ စီးပွားရေးဖွံ့ဖြိုးမှု၏ အသီးအပွင့်များကို ပြည်သူအများစု ခံစားခွင့် ရရှိရေးကို ဦးတည်ဆောင်ရွက်ရန် တိုက်တွန်းအကြံပြုထားခြင်းသည် တိုင်းပြည်၌ ဆင်းရဲချမ်းသာကွာဟမှုကြီးမားနေသည်ကို ထောက်ပြနေပါသည်။ စီးပွားရေးဖွံ့ဖြိုးမှု၏အသီးအပွင့်ကို ပြည်သူတိုင်းခံစားခွင့်ရရှိရေးသည် အချိန်တိုအတွင်း အကောင်အထည် ဖော်နိုင်သော ကိစ္စမဟုတ်သော်လည်း လက်ရှိအနေအထားထက် ပိုမိုကောင်းမွန်သော အခြေအနေတစ်ရပ်ကို ဖန်တီးဖော်ဆောင်နိုင်သည်ဟု အခိုင်အမာယုံကြည်ပါသည်။ ရသင့်ရထိုက်ပါလျက် ဆုံးရှုံးနေသော တိုင်းပြည်ဘဏ္ဍာငွေများအား အပြည့်အဝရရှိရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ပါသည်။ လေလွင့်ဆုံးရှုံးနေသော နိုင်ငံပိုင်လုပ်ငန်းများကို ထိထိရောက်ရောက်စီမံခန့်ခွဲမှုရှိစေရန် ဆောင်ရွက်နိုင်ပါသည်။ ကျေးလက်ဖွံ့ဖြိုးရေး နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုအားဖြည့်ဆောင်ရွက်နိုင်ပါသည်။
အသေး စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုအရှိန်အဟုန်ကို မြှင့်တင်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုကျယ်ပြန့်စေနိုင်ပါသည်။
ဤသို့ဆိုသဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ရာဇဝတ်မှုနှိမ်နင်းရေးကို ပိုမိုထိထိ ရောက်ရောက်ဆောင်ရွက်ရန် မလိုအပ်ဟု ဆိုလိုခြင်းမဟုတ်သည်ကို အလေးအနက် ဖော်ပြလိုပါသည်။ ရာဇဝတ်မှုများ ကျယ်ပြန့်လာရခြင်း၏ အခြေခံအကြောင်းတရားအပေါ် အရေးတယူကိုင်တွယ်ရန် လိုအပ်ပုံကိုသာ မီးမောင်းထိုးတင်ပြလိုခြင်း ဖြစ်ပါသည်။ ထာဝရတည်ငြိမ်ခြင်းနှင့် အေးချမ်းသာယာခြင်းသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ပျော်ရွှင်ချမ်းမြေ့ခြင်း၌ အခြေခံပါသည်။ ပျော်ရွှင်ချမ်းမြေ့နေသော ပြည်သူလူထုသည် တိုင်းပြည်ကို ငြိမ်းချမ်းသာယာစေရန် ဖန်တီးနိုင်သည်သာမက ဖွံ့ဖြိုးတိုးတက်စေရန် လည်း အကြံသစ်၊ ဥာဏ်သစ်တို့ကို ထုဆစ်ပုံဖော်ပေးနိုင်ပါသည်။ ဤသို့သောအကြောင်း များကြောင့်သာ ပြည်သူလူထုကို တိုင်းပြည်၏စစ်မှန်သော အရင်းအမြစ်အဖြစ် အသိ အမှတ်ပြု ရည်ညွှန်းကြခြင်းဖြစ်ပါသည်။ ။
No comments:
Post a Comment