Wednesday, June 8, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး စင်ကာပူဝန်ကြီးချုပ် မစ္စတာလီရှန်လုံးနှင့် ဇနီးတို့အား ဂုဏ်ပြုကြိုဆို




The Mirror Daily's photo.


နေပြည်တော် ဇွန် ၇

စင်ကာပူသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံးနှင့် ဇနီးတို့အား နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့က ဂုဏ်ပြုကြိုဆိုသည့်အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော် မြက်ခင်းပြင်၌ ကျင်းပသည်။

ဂုဏ်ပြုကြိုဆိုပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် စင်ကာပူဝန်ကြီးချုပ်တို့သည် သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံကြသည်။

တွေ့ဆုံစဉ် ၁၉၉၉ ခုနှစ်က ချုပ်ဆိုခဲ့သော နှစ်နိုင်ငံအကြား အခွန်နှစ်ထပ် မဖြစ်စေရေးသဘောတူစာချုပ်ကို ခေတ်အခြေအနေနှင့်အညီ ပြန်လည်သုံးသပ်ရေး၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်နိုင်ရေး၊ စင်ကာပူလေကြောင်းလိုင်းများ မြန်မာနိုင်ငံမြို့ကြီးများသို့ တိုးချဲ့ပျံသန်း ပို့ဆောင်ခြင်းအပါအဝင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ- စင်ကာပူ သက်မွေးပညာသင်တန်းကျောင်း၌ ဝန်ဆောင်မှုနှင့် သက်မွေးဝမ်း ကျောင်းဆိုင်ရာသင်တန်းများ တိုးမြှင့်ဖွင့်လှစ်သင်ကြားရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ယင်းတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဦးသန့်စင်မောင်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် စင်ကာပူဝန်ကြီးချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး မစ္စတာ ရောဘတ်ချွာလည်း တက်ရောက်သည်။

ညပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့က စင်ကာပူဝန်ကြီးချုပ် မစ္စတာ လီရှန်လုံးနှင့် ဇနီးတို့အား သမ္မတအိမ်တော်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

ညစာစားပွဲတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က နှုတ်ခွန်းဆက်စကား ပြောကြားရာ၌ စင်ကာပူဝန်ကြီးချုပ် မစ္စတာ လီရှန်လုံး၏ ခရီးစဉ်သည် မိမိတို့ နှစ်နိုင်ငံဆက်ဆံရေးခိုင်မြဲတိုးတက်လျက်ရှိနေပုံကို ပီပီပြင်ပြင် ဖော်ကျူးလျက်ရှိပါကြောင်း၊ ယခုနှစ်သည် မိမိတို့နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၅ဝ ပြည့်မြောက်သည့် နှစ်ဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် အာဆီယံအသိုက်အဝန်း နှင့်အတူလက်တွဲကာ လုပ်ကိုင်လျက်ရှိကြကြောင်း၊ လွန်ခဲ့သည့် နှစ် ၅ဝ ကြာကာလပတ်လုံး မိမိတို့နှစ်နိုင်ငံ အတူလက်တွဲခဲ့ကြခြင်းအတွက် အထူးပင်ကျေနပ်အားရ ဖြစ်မိပါကြောင်း။

စင်ကာပူနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုများအရသာမက မြန်မာနိုင်ငံရှိ လူငယ်များအား အသက်မွေးဝမ်းကျောင်းပညာလေ့ကျင့်ပေးခြင်းနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးအရပါ အားပေးကူညီခြင်းပြုလုပ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးအသိုက်အဝန်းနှင့် မြန်မာလူငယ်များအတွက် အရေးပါသော ဆောင်ရွက်ချက်များပင် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် အင်တိုက်အားတိုက်ဆက်လက်ထောက်ခံမှုပေးခြင်းနှင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို ကူညီပံ့ပိုးပေးခြင်းအတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်များ ချဲ့ထွင်နိုင်ရေးအတွက် မိမိတို့ ဆက်လက်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံ ပြည်သူများအကြား အစဉ်ထာဝရတည်တံ့ခိုင်မြဲသော ရင်းနှီးချစ်ကြည်မှုတိုးတက်စေရန် ဆုတောင်းပတ္ထနာပြုပါကြောင်း ပြောကြားသည်။

ထို့နောက်စင်ကာပူဝန်ကြီးချုပ်က မိမိသည် ၂ဝ၁၄ ခုနှစ်က အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး ယခု တစ်ကြိမ်တွင် သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့၏ ဖိတ်ကြားချက်အရ ရောက်ရှိလာခြင်းဖြစ်ပါကြောင်း၊ လှိုက်လှဲပျူငှာစွာဖြင့် ဧည့်ဝတ်ကျေပွန်မှုတို့အတွက် ကျေးဇူးတင်ရှိပါကြောင်း။

အစိုးရအဖွဲ့သစ်နှင့် တွေ့ဆုံကာ ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ် ကဏ္ဍသစ်များနှင့်ပတ်သက်၍ ဆွေးနွေးခွင့်ရရှိသည့်အတွက် ကျေနပ်အားရဖြစ်ရ ပါကြောင်း၊ ယခုနှစ်သည် မိမိတို့နှစ်နိုင်ငံ ဆက်ဆံရေး၏ ရွှေရတုနှစ်ပတ်လည် အခါသမယ ကျရောက်သည့်နှစ်တစ်နှစ်ဖြစ်ပါကြောင်း။

နှစ်ပေါင်း ၂ဝဝ ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည့်တိုင် နှစ်နိုင်ငံပြည်သူတို့မှာ ဆက်ဆံရေးအရ ခိုင်မြဲလျက်ရှိကြောင်း၊ ယနေ့ကာလတွင် စင်ကာပူရောက်မြန်မာ ပြည်သူ ၂ဝဝဝဝဝ ခန့်ရှိနေပြီး မိမိတို့နိုင်ငံ လူ့အဖွဲ့အစည်းအတွင်း ကျောင်းသူ ကျောင်းသားများ၊ ပညာရှင်များ စသည့်နယ်ပယ်မျိုးစုံမှ ပုဂ္ဂိုလ်များအဖြစ် ပါဝင်လှုပ်ရှားလျက်ရှိကြောင်း။

နှစ်နိုင်ငံအကြား သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်နေသူများအတွက် ရက် ၃ဝ ကြာမြင့်သည်အထိ နေထိုင်ခွင့်ပေးရန် ဗီဇာစည်းမျဉ်း ကန့်သတ်ချက်များကို လျှော့ချပေးမည်ဖြစ်ကြောင်း၊ လေကြောင်းခရီးစဉ် ပျံသန်းမှုများနှင့် အပြန်အလှန် ချိတ်ဆက်မှု တိုးမြှင့်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံသည်မိမိတို့၏ မိတ်ဆွေကောင်း ဖြစ်သည်သာမက မိမိတို့အတွက် အရေးကြီးသော မိတ်ဖက်လည်းဖြစ်ကြောင်း၊ လွန်ခဲ့သော ဆယ်စုနှစ်တာကာလပတ်လုံး မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွင် မိမိတို့ အတူယှဉ်တွဲလျှောက်လှမ်းခဲ့ပါကြောင်း။

မြန်မာနိုင်ငံအား အကူအညီပေးမှုကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပါ ကြောင်း၊ မိမိတို့နှစ်နိုင်ငံ အစိုးရအဖွဲ့များအကြား အပြန်အလှန်ဖလှယ်ရေး အစီအစဉ်များကို နှစ်ရှည်စွာ ဆက်လက်အကောင်အထည်ဖော်နိုင်ခြင်းအတွက် ဝမ်းမြောက်ပါကြောင်း၊ စင်ကာပူနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်နှင့်အညီ မြန်မာအစိုးရတာဝန်ရှိသူ ၁၂၆ဝဝ ကျော်သည် သင်တန်းများ တက်ရောက်ခဲ့ပါကြောင်း။

မြန်မာနိုင်ငံမှ အရပ်ဘက်ဝန်ထမ်း အဖွဲ့အစည်းများမှ အကြီးအကဲအတော်များများမှာ စင်ကာပူရှိ ပြည်သူ့ရေးရာမူဝါဒတက္ကသိုလ်များ၏ ကျောင်းသားဟောင်းများပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးတည်ဆောက်မှုတို့တွင် တိုးတက်အောင်မြင်မှုများကို တွေ့မြင်နေရသဖြင့် ဝမ်းမြောက်ပါကြောင်း ပြောကြားသည်။

ညစာစားပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူနှင့် ဇနီး ဒေါက်တာ ရွှေလွှမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

စင်ကာပူနိုင်ငံဝန်ကြီးချုပ် မစ္စတာ လီရှန်လုံးသည် နိုင်ငံတော်အစိုးရသစ် စတင်တာဝန်ယူစဉ်ကာလအတွင်း ပထမဆုံး ချစ်ကြည်ရေးခရီးအလည်အပတ် လာရောက်သည့် နိုင်ငံခေါင်းဆောင်တစ်ဦးဖြစ်သည်။

စင်ကာပူနိုင်ငံသည် ဗြိတိသျှ ကိုလိုနီလက်အောက်တွင် ကျရောက်လျက်ရှိနေသေးသည့် ၁၉၅၂ ခုနှစ် စက်တင်ဘာလကတည်းက မြန်မာနှင့် စင်ကာပူတို့အကြား ကောင်စစ်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခဲ့သည့် သမိုင်းအစဉ် အလာကောင်းများရှိခဲ့သည်။ ၁၉၆၁ ခုနှစ် ဧပြီ ၁၂ ရက်တွင် ကောင်စစ်ဝန်ချုပ် အဆင့်အထိ တိုးမြှင့်ဆောင်ရွက်ခဲ့သည်။

မလေးရှားမှခွဲထွက်ပြီး တရားဝင် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် ၁၉၆၅ ခုနှစ် သြဂုတ် ၉ ရက်တွင် ကြေညာနိုင်ခဲ့ပြီးနောက် စင်ကာပူသမ္မတနိုင်ငံအား မြန်မာနိုင်ငံက အသိအမှတ်ပြုကြောင်းကို ၁၉၆၅ ခုနှစ် သြဂုတ် ၁၄ ရက်တွင် ထုတ်ပြန်နိုင်ခဲ့သည်။ ယင်းနောက် မြန်မာ-စင်ကာပူ သံအမတ်ကြီးအဆင့် ဆက်သွယ်ဆောင်ရွက်မှုကို ၁၉၆၆ ခုနှစ် သြဂုတ် ၁၂ ရက်တွင် စတင်ခဲ့သည်။

နှစ်နိုင်ငံအကြား သက်ဆိုင်ရာ မြို့တော်များ၌ သံအမတ်ကြီးများ ခန့်အပ်ရေးကို ၁၉၉၄ ခုနှစ် ဇူလိုင် တွင် နှစ်ဖက်သဘောတူဆောင်ရွက်ခဲ့ကြပြီး လက်ရှိတွင် စင်ကာပူနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဦးဌေးအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီးအဖြစ် မစ္စတာ ရောဘတ်ချွာတို့က ထမ်းဆောင်လျက်ရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment