Tuesday, June 7, 2016

အိမ်ရှင်မြန်မာအသင်း ဟောင်ကောင်ကို ဂိုးပြတ်သွင်းပြီး တတိယနေရာရရှိ

သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-ဖိုးသော်ဇင်

ရန်ကုန် ဇွန် ၆

လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ(AYA Bank Cup 2016) တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ကျင်းပရာ အိမ်ရှင်မြန်မာအသင်းက တတိယနေရာရရှိခဲ့သည်။ တတိယနေရာလုပွဲတွင် အိမ်ရှင်မြန်မာအသင်းသည် ဟောင်ကောင်အသင်းကို သုံးဂိုးပြတ်အနိုင်ရရှိပြီး တတိယရရှိခဲ့သည်။ နည်းပြ ဂတ်ဖရိုင်း ဒရစ်လက်ထက် ရှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှု၊ မိနစ် ၁၈ဝ ကျော် ဂိုးပေါက်ပျောက်ဆုံးမှုတို့ကို ဟောင်ကောင်နှင့်ပွဲတွင် မြန်မာအသင်းအဆုံးသတ်ကောင်းခဲ့ပြီး ဂတ်ဖရိုင်းဒရစ် လက်ထက် ပထမဆုံးနိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဂတ်ဖရိုင်းဒရစ်၏ မြန်မာအသင်း သည် ၂ဝ၁၅ နိုဝင်ဘာလက ကစားခဲ့သည့် ခြေစမ်းပွဲတွင် ဟောင်ကောင်အား ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့် ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်သည် စင်ကာပူအသင်းအား ရှုံးနိမ့်ခဲ့သည့် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ပြုလုပ်ခဲ့ပြီး ကြည်လင်းနှင့် ကျော်ကိုကို တို့ကို ပွဲစကတည်းကအသုံးပြုကာ တောင်ပံနှစ်ဖက်တွင်ထားခဲ့သည်။ တိုက်စစ်တွင် သန်းပိုင်နှင့် အောင်သူတို့ကိုတွဲပေးခဲ့ပြီး ပွဲစကတည်းက ဟောင်ကောင်အသင်းကို ဖိအားပေးကစားနိုင်ခဲ့သည်။ စင်ကာပူအသင်းကို ရှုံးနိမ့်ခဲ့သောကြောင့် မြန်မာ အသင်းမှာ ပုံမှန်ထက်အားပိုထုတ်ခဲ့ပြီး ကျော်ကိုကိုနှင့် ကြည်လင်းတို့ တောင်ပံတွင် ကစားခဲ့သောကြောင့် တိုက်စစ်အားပိုကောင်းခဲ့သည်။ ၂၃ မိနစ်တွင် မြန်မာလက်ရွေး စင်အသင်းဂိုးပေါက်ပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့ပြီး တိုက်စစ်မှူးသန်းပိုင်က သွင်းယူခဲ့ခြင်းဖြစ်သည်။ ဂိုးပေးလိုက်ရသောကြောင့် ဟောင်ကောင်အသင်းဂိုးပြန်ရရန် ကြိုးပမ်းလာသော်လည်း မြန်မာအသင်းက အမှားအယွင်းမရှိ ထိန်းချုပ်နိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် အိမ်ရှင်မြန်မာအသင်းကသာ ပွဲကိုထိန်းချုပ်သွားနိုင်ခဲ့ပြီး တိုက်စစ် ကစားပုံမြိုင်ဆိုင်စွာဖြင့် ဟောင်ကောင်အသင်းဘက်သို့ ဆက်လက်ဖိအားပေးနိုင် ခဲ့သည်။ အောင်သူအစားဝင်လာသည့် မောင်မောင်လွင်က ၇၃ မိနစ်တွင် ကျော်ကိုကို ဖန်တီးပေးမှုမှ ဒုတိယဂိုးသွင်းယူခဲ့သည်။ မြန်မာအသင်းအတွက် တတိယအနိုင်ဂိုးကို ၈၇ မိနစ်တွင် ရဲကိုဦးက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းမှာ ဗိုလ်လုပွဲ မတက်ရောက်နိုင်ခဲ့သော်လည်း တတိယနေရာလုပွဲတွင် နည်းပြချုပ်ဂတ်ဖရိုင်းဒရစ် ၏ လူထုတ်ပုံနှင့် နည်းဗျူဟာမှန်ကန်မှုများကြောင့် နိုင်ပွဲရခဲ့ခြင်းဖြစ်သည်။

ဗီယက်နမ်ချန်ပီယံဆုရရှိ
ဗိုလ်လုပွဲအဖြစ် ဗီယက်နမ်အသင်းနှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ကစားရာ ဗီယက်နမ်အသင်းက အချိန်ပိုတွင် သုံးဂိုးပြတ်အနိုင်ရကာ ချန်ပီယံဆုရရှိသွားသည်။
စင်ကာပူအသင်းမှာ ¤င်းတို့ကစားဟန်အတိုင်း ခံစစ်အသားပေးကစားသော ကြောင့် ဗီယက်နမ်အသင်း ပိုပြီးကစားနိုင်ခဲ့သော်လည်း ထိရောက်သည့် ဂိုးသွင်းခွင့် ရအောင် မစွမ်းဆောင်နိုင်၍ ပထမပိုင်းတွင် ဂိုးမရှိသရေကျနေသည်။ ဒုတိယပိုင်းတွင် ဗီယက်နမ် အခွင့်အရေးပိုရသော်လည်း ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ဘဲ စင်ကာပူကလည်း အမာခံအချို့ထည့်ကာတိုက်စစ်အားမြှင့်ခဲ့သည်။
မိနစ် ၉ဝ တွင် ဂိုးမရှိ သရေကျနေ၍ အချိန်ပိုဆက်လက်ယှဉ်ပြိုင်ရာ ဗီယက်နမ် အသင်းဂိုးများရခဲ့ပြီး ၉၁ မိနစ်တွင် လီဆောင်မင်၊ ၉၈ မိနစ်တွင် ငုယင်မန်ကူယက်၊ ၁၁၃ မိနစ်တွင် ဒန်သန်ထရန်တို့က သွင်းယူခဲ့သည်။

ပြိုင်ပွဲအပြီးတွင် ပထမ ဗီယက်နမ်၊ ဒုတိယ စင်ကာပူ၊ တတိယ မြန်မာတို့ကရရှိခဲ့ ပြီး ဆုကြေးများအဖြစ် ပထမ-အမေရိကန်ဒေါ်လာ ၂ဝဝဝဝ၊ ဒုတိယ အမေရိကန်ဒေါ်လာ ၁ဝဝဝဝ၊ တတိယ အမေရိကန်ဒေါ်လာ ၅ဝဝဝ ချီးမြှင့်ခဲ့သည်။ ဆုများကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း၊ ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့သည်။

No comments:

Post a Comment