Tuesday, June 7, 2016

စိန်တလုံးသရက်သီးများ အသီးတင်မှုနည်းခဲ့သော်လည်း ဝယ်လိုအားကောင်း၍ ဈေးကောင်းရရှိကာ ခြံပိုင်ရှင်များအကျိုးဖြစ်



The Mirror Daily's photo.
မန္တလေး ဇွန် ၆
သရက်ပင်သည် အပူပိုင်းဒေသများတွင် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းသော အပင်မျိုးဖြစ်ပြီး မြန်မာနိုင်ငံနေရာတော်တော်များများတွင် ပေါက်ရောက်သောအပင်တစ်မျိုးဖြစ်သည်။ သရက်သီးသည် လူအများကြိုက်နှစ်သက်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော အသီးတစ်မျိုးဖြစ်သည်။ သရက်သီးအမျိုးအစားများစွာရှိပြီး လူကြိုက်အများဆုံးမှာ စိန်တလုံးသရက်သီးဖြစ်သည်။ မန္တလေး-ပြင်ဦးလွင်ကားလမ်းဘေးရှိ သရက်သီးအရောင်းဆိုင်များတွင် စိန်တလုံးသရက်သီးများ ရောင်းအားကောင်းပြီး ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

''သရက်သီးတွေကတော့ လတ်လတ်ဆတ်ဆတ်ပဲ။ ခြံကခုမှခူးလာတာလေ။ စိန်တလုံးမျိုးတွေ၊ တချို့ကို ဒီလမ်းဘေးမှာရောင်းပြီး တချို့ကို မန္တလေးကပွဲရုံတွေဆီကို သွားပို့တယ်။ ခုရက်ပိုင်း ဈေးကတော့ကောင်းတယ်။ စိန်တလုံးသရက်(အကြီး) တစ်လုံးကို ၄ဝဝ၊ ၅ဝဝ ကျပ်လောက်ပေါက်တယ်။ ဒီမှာတော့ တခြားမျိုးတွေဖြစ်တဲ့ ဟင်္သာ၊ သုံးလုံးတစ်တောင်၊ ရင်ကွဲ၊ မချစ်စု၊ သံကောက်၊ ဘဲလေး၊ ပန်းဆွဲ အစရှိတဲ့ အသီးမျိုးတွေက သူ့လောက်ရောင်းအားမကောင်းဘူး။ စိန်တလုံးပျိုးပင်ဝယ်ချင်လည်း ကျွန်တော်တို့ဆီမှာရောင်းပါတယ်။ သရက်သီးအမှည့်က အမျိုးအစားပေါ်မူတည်ပြီး စားကောင်းတာရှိသလို စားမကောင်းတာလည်း ရှိပါတယ်။ တချို့က အခွံပါး၊ တချို့က အခွံထူ၊ တချို့က အမွှေးပေါ၊ တချို့က အနံ့နံတာတွေလည်းရှိတယ်။ စိန်တလုံးသရက်ကတော့ လူကြိုက်အများဆုံးပဲ။ ဘာလို့လဲဆိုတော့ အဲဒီအသီးက အခွံပါးပြီး အသားထူ၊ အမွှေးအမျှင်လည်းနည်းပြီး အနံ့အရသာလည်းကောင်းတော့ လူကြိုက်များတာပါ။ ဒီနှစ်က သရက်ခြံပိုင်ရှင်တွေ ဈေးကောင်းတော့ရပါတယ်။ သရက်သီးအထွက်နည်းတော့ သိပ်မကိုက်ကြဘူး။ သရက်သီးအထွက်နည်းပေမယ့် ဈေးကောင်းရတော့ တော်သေးတာပေါ့''ဟု ပုသိမ်ကြီးမြို့နယ် လက်ကောင်းကျေးရွာမှ သရက်ခြံပိုင်ရှင်တစ်ဦးက ပြောပြသည်။

ယခုနှစ်တွင် သရက်ခြံပိုင်ရှင်များအနေဖြင့် သရက်ပွင့်ချိန်မှာ မိုးရွာတာကတစ်ကြောင်း၊ သရက်ကင်းချိန်တွင် လေတိုက်ပြီး သရက်သီးရင့်မှည့်ချိန်တွင် လေပြင်းတိုက်ခတ်ခြင်းများကြောင့် သရက်သီးအထွက်နှုန်း နည်းခဲ့ကြောင်းသိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)

No comments:

Post a Comment