
စီရိုနယ်လ်ဒိုက ယူရို-၂ဝ၁၆ ပြိုင်ပွဲ ပေါ်တူဂီနဲ့ အင်္ဂလန်အသင်းတို့ တွေ့ဆုံ မယ်ဆိုရင် သူ့အနေနဲ့ ထူးခြားတဲ့စိတ်ခံစားချက်ရှိလာမှာဖြစ်တယ်လို့ ဇွန် ၆ ရက်က အင်တာဗျူးတစ်ခုမှာဖြေကြားခဲ့ပါတယ်။ စီရိုနယ်လ်ဒိုဟာ နိုင်ငံတကာ ပွဲစဉ်တွေကစားခါနီးတိုင်း အင်္ဂလန်အသင်းနဲ့တွေ့ဆုံရင် ဘယ်လိုဖြစ်မှာလဲ ဆိုတဲ့မေးခွန်းကို အမေးခံရသူဖြစ်ပါတယ်။ အခုတစ်ကြိမ်မှာတော့ စီရိုနယ်လ်ဒို က ပေါ်တူဂီသာ အင်္ဂလန်ကိုရင်ဆိုင်ရရင် သူ့အနေနဲ့ စိတ်လှုပ်ရှားစရာ ကြုံတွေ့ လာရဖို့ရှိနေပြီး ဒါဟာ ရွန်းနီကြောင့် အခြေတည်လာတဲ့ စိတ်ခံစားချက်လို့လည်း အဓိပ္ပာယ်ဖွင့်ဆိုနိုင်တယ်လို့ ဆိုပါတယ်။
သူတို့ နှစ်ဦးဟာ ၂ဝဝ၄ ခုနှစ်ကနေ ၂ဝဝ၉ ခုနှစ်အထိ မန်ယူအသင်းမှာ အတူတကွ ကစားခဲ့ကြပြီး ပရီမီယာလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေကို ဆွတ်ခူးခဲ့ကြပါတယ်။ စီရိုနယ်လ်ဒို မန်ယူမှာ ကျင်လည်နေတဲ့ ငါးနှစ်တာ ကာလအတွင်း သူတို့နှစ်ဦး နိုင်ငံတကာပွဲတွေမှာနှစ်ကြိမ် (ယူရို-၂ဝဝ၄၊ ၂ဝဝ၆ ကမ္ဘာ့ဖလား)တွေ့ဆုံခဲ့ပြီး နှစ်ကြိမ်စလုံးမှာ ပေါ်တူဂီအသင်းက ပင်နယ်တီအဆုံးအဖြတ်နဲ့ အင်္ဂလန် အသင်းကို နောက်ကောက်ချနိုင်ခဲ့ပါတယ်။
ပထမအကြိမ် ယူရို-၂ဝဝ၄ မှာ ရွန်းနီဟာ ခြေထောက် ကျိုးသွားခဲ့လို့ ပြိုင်ပွဲကို ဆက်လက်ကစားနိုင်ခြင်းမရှိခဲ့ပေမယ့် ဒုတိယအကျော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ရွန်းနီဟာ ကာဗယ်လ်ဟိုကို တက်နင်းခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒီလို ရွန်းနီထုတ်ပယ်ခံရတာဟာ စီရိုနယ်လ်ဒိုရဲ့ ဒိုင်အပေါ် ဖိအားပေးတိုင်တန်းမှု ကြောင့်ဖြစ်သလို ရွန်းနီကွင်းထဲက ထွက်သွားပြီး နောက်မှာ စီရိုနယ်လ်ဒိုက ပေါ်တူဂီ ပရိသတ်တွေဘက်ကို မျက်စိမှိတ်ပြခဲ့တာကို ကင်မရာတွေက အမိအရရိုက်ယူနိုင်ခဲ့တာကို လွန်လွန်ကျူးကျူးရေးသားကြတဲ့ အင်္ဂလန်မီဒီယာတွေကြောင့် စီရိုနယ်လ်ဒိုအနေနဲ့ အင်္ဂလန်မြေကို ပြန်လာဖို့ ဖိအားဒဏ်ခံခဲ့ရတာကို ပရိသတ်တွေ မှတ်မိဦးမယ်ထင်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်စဉ်ကြောင့် သူတို့နှစ်ဦးရဲ့ ခင်မင်မှု သံယောဇဉ်ဟာ ပြိုကွဲသွားခြင်းမရှိဘဲ အခုထိ ရွန်းနီက စီရိုနယ်လ်ဒိုဟာ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းပိုင်ရှင် အသင်းဖော်ဖြစ်သလို အောင်မြင်မှုကို အမြဲဆာလောင်နေတဲ့ စိတ်ဓာတ်ကကစားသမားတိုင်းအတွက် အတုယူစရာ ကောင်းတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
သူတို့နှစ်ဦး ပြိုင်ဘက်တွေအဖြစ် တွေ့ဆုံခဲ့ကြတာက လွန်ခဲ့တဲ့ ၁ဝ နှစ်တာကာလကဖြစ်ပြီး အဲဒီအချိန်တုန်းက စီရိုနယ်လ်ဒိုဟာ အသက်(၂၁)နှစ်၊ ရွန်းနီက အသက်(၂ဝ)အရွယ်သာ ရှိနေကြသေးလို့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပွဲစဉ်တွေမှာ ကြုံတွေ့ရတဲ့ ဖိအားဒဏ်ကို အကောင်းဆုံး ကျော်ဖြတ်နိုင်စွမ်း မရှိခဲ့တာဖြစ်ပါတယ်။ စီရိုနယ်လ်ဒိုရဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ စရိုက်လက္ခဏာနဲ့ ပြိုင်ပွဲကြီးတွေရဲ့ ဖိအားဒဏ်ကို ပြင်းထန်စွာ တုံ့ပြန်တတ်တဲ့ ရွန်းနီရဲ့ ဗီဇစိတ်ဓာတ်တို့ ရင်ဆိုင်တွေ့ဆုံမှုဟာ မီဒီယာတွေအကြား အမြဲရေပန်းစားတဲ့ သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။
ဒီအချိန်မှာတော့ သူတို့နှစ်ဦးစလုံးဟာ အသက်(၃ဝ)ကျော်အရွယ် သက်ဆိုင်ရာ နိုင်ငံအသင်းတွေရဲ့ အသင်းခေါင်းဆောင်တွေလည်း ဖြစ်လာကြပြီ ဖြစ်တဲ့အတွက် အခုယူရို-၂ဝ၁၆ ပြိုင်ပွဲအတွင်း တတိယအကြိမ်မြောက် ထပ်မံတွေ့ဆုံခဲ့မယ်ဆို ဟိုအရင်ကလို ပြဿနာတွေနဲ့ အဆုံးသတ်သွားဖို့မရှိဘဲ တစ်ဦးနဲ့ တစ်ဦး လေးစားခြင်း၊ ချစ်ခင်ခြင်း တွေနဲ့အတူ အရှုံး၊ အနိုင်ဆိုတဲ့ ရလဒ်ပိုင်းအပေါ် ပိုပြီးနားလည်လက်ခံ လာနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။
မေလဲ့သင်း - စုစည်းရေးသားသည်
No comments:
Post a Comment