Sunday, June 5, 2016

၂ဝ၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကာတွန်း၊ ပန်းချီပြိုင်ပွဲ ကျင်းပ

The Mirror Daily's photo.
ရန်ကုန် ဇွန် ၎
၂ဝ၁၆ ခုနှစ် ဇွန် ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်း ဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့မှ ကြီးမှူးကျင်းပသည့် (၁၉)ကြိမ်မြောက် ကာတွန်း၊ ပန်းချီ၊ ပိုစတာ၊ ကွန်ပျူတာပန်းချီနှင့် ကာတွန်း(အလွတ်တန်း)ပြိုင်ပွဲများကို ကျင်းပလျက်ရှိသည်။
အဆိုပါပြိုင်ပွဲများအနက် ကာတွန်း ပြိုင်ပွဲကို လသာမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ မြညီလာခန်းမ၌ ဇွန် ၄ ရက် နံနက် ၉ နာရီမှ နံနက် ၁၁ နာရီအထိ ကျင်းပခဲ့ရာ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ မူလတန်းအဆင့် ၆ဝ၊ အလယ်တန်း အဆင့် ၆၆ ဦး၊ အထက်တန်းအဆင့် ၅၁ ဦး စုစုပေါင်း ၁၇၇ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့သည်။
ပြိုင်ပွဲကျင်းပရာသို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်း၊ အတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ်ဝင်းနိုင်တို့နှင့် ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းဗိုလ်၊အနောက်ပိုင်း ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးများ၊ လသာမြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီး၊ ရန်ကုန် တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါကျောင်းခန်းမ၌ ယင်းနေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ပန်းချီပြိုင်ပွဲကို ဆက်လက်ကျင်းပ ခဲ့ရာ ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူ မူလတန်းအဆင့် ၉၃ ဦး၊ အလယ် တန်းအဆင့် ၈၃ ဦး၊ အထက်တန်း အဆင့် ၈၁ ဦး စုစုပေါင်း ၂၅၇ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ဇွန် ၅ ရက်တွင်လည်း ဗဟန်းမြို့နယ်ရှိ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၌ နံနက် ၉ နာရီ မှ မွန်းတည့် ၁၂ နာရီအထိ ကွန်ပျူတာ ပန်းချီပြိုင်ပွဲကိုလည်းကောင်း၊ လသာ မြို့နယ် အမှတ် (၂)အခြေခံပညာ အထက်တန်းကျောင်းရှိ မြညီလာ ခန်းမ၌ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီ အထိ ပိုစတာပြိုင်ပွဲနှင့် မွန်းလွဲ ၁ နာရီ မှ ညနေ ၃ နာရီအထိ ကာတွန်း (အလွတ်တန်း)ပြိုင်ပွဲများကိုလည်းကောင်း ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment