Sunday, June 5, 2016

နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်စုစုလွင်နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူတို့သုံးခွမြို့နယ် တကောရေထိန်းတံခါးအနီးတွင် ဒေသနေတောင်သူလယ်သမားများနှင့် တွေ့ဆုံ လယ်ယာကဏ္ဍနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေး




The Mirror Daily's photo.


ရန်ကုန် ဇွန် ၎

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အားသာချက်၊ အားနည်းချက်များ ရှိနိုင်ပါကြောင်း၊ အားနည်းချက်များကို နိုင်ငံတော်နှင့်ပြည်သူတို့ ပူးပေါင်းလက်တွဲပြီး အကောင်းဆုံးဖြေရှင်းသွားကြရမည်ဖြစ်ပါကြောင်း ယမန်နေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် တကောကျေးရွာ တကောရေတံခါးအနီးတွင် ဒေသနေတောင်သူလယ်သမားများနှင့်တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်စုစုလွင်က ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတ၏ဇနီးက နိုင်ငံတော်အနေဖြင့် တောင်သူလယ်သမားများအကျိုး၊ ပြည်သူများအကျိုးကိုရှေးရှု၍ ဘက်စုံထောင့်စုံမှ အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူ ပညာရှင်များအပိုင်းကလည်း ဒေသနေ တောင်သူလယ်သမားများ၏ အကြံပြုချက်၊ တင်ပြချက်များအပေါ် အလေးထား ထည့်သွင်းစဉ်းစားကြပြီး နည်းပညာအပိုင်းမှ အကောင်းဆုံးကြိုးစားအဖြေရှာ ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း၊ နိုင်ငံတော်အစိုးရသစ် စတင်တာဝန်ယူသည့်အချိန်မှစ၍ ပြည်သူကိုအကျိုးပြုရန်အတွက် ပြည်သူတို့၏လိုအပ်ချက်များကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ရေးရည်ရွယ်ပြီး အားထုတ်ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တောင်သူလယ်သမားကြီးများ ကလည်း စိတ်တူကိုယ်တူဖြင့် ဝိုင်းဝန်းလက်တွဲ ကူညီဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဒေသနေတောင်သူလယ်သမားကိုယ်စားလှယ်များက လယ်ယာကဏ္ဍဖွံ့ဖြိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တစ်ဦးချင်း ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ဤဒေသအတွင်း ကြုံတွေ့နေရသော ရေကြောင်းသွားလာရေး အခက်အခဲများ၊ ရေကြီးနစ်မြုပ်မှုများ၊ ဆားငန်ရည်ဝင်ရောက်ခြင်းနှင့် ကမ်းပါးများ ပြိုကျခြင်းစသည့် ဒေသနေပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများအပေါ် ဖြေရှင်းကူညီပေးနိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးချက်များအရ ရေတံခါးများပြုပြင်ထိန်းသိမ်းမှုအားနည်းခဲ့ခြင်း၊ ယခင်ကဆောင်ရွက်ခဲ့သော ရန်ကုန်မြို့တော် မိုင်(၃ဝ)ဝန်းကျင်စိမ်းလန်းစိုပြည်ရေး စီမံကိန်းလုပ်ငန်းများ အပြီးသတ်မဆောင်ရွက်နိုင်ခဲ့ခြင်း၊ ရေလမ်းကြောင်း ထိန်းသိမ်းရန်လိုအပ်နေခြင်း၊ ဝင်ပေါက်၊ ထွက်ပေါက်ပါရှိသော အဆင့်မြင့် ရေတံခါးများ တပ်ဆင်ရန်လိုအပ်နေခြင်းတို့ကို တွေ့ရှိရပါကြောင်း။

မိမိတို့အစိုးရသစ်အနေဖြင့် လက်ရှိအခြေအနေတွင် ရေတံခါးများအသစ် ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းနှင့် ဒေသနေပြည်သူများ ရေလမ်းကြောင်းအသုံးပြု သွားလာရေး အဆင်ပြေချောမွေ့ရန်အတွက် ပိတ်ဆို့ထားသော မူလတကော ချောင်းကို ယာယီဖွင့်လှစ်ပေးမည်ဖြစ်သော်လည်း ရေရှည်တည်တံ့ခိုင်မြဲရေး ဆိုင်ရာကိစ္စရပ်များကို ဆက်လက်လုပ်ဆောင်ပေးမည်ဖြစ်ပါကြောင်း၊ ချောင်းကော မြောင်းကောများကြောင့် ဖြစ်ပေါ်နေသည့်ထိခိုက်မှုများနှင့် ရေငန်ဝင်ရောက်မှုကြောင့် လယ်မြေများပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေးတို့အတွက် ဒေသတစ်ခုလုံး၏ အခြေအနေပေးမှုများကို ခြုံငုံသုံးသပ်ပြီး ဒေသနေပြည်သူများအတွက် အကောင်းဆုံးနှင့် အကျိုးအရှိဆုံးဖြစ်စေရေးကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေး မှူးချုပ်များနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူလယ်သမားများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment